ရခိုင်ပြည်နယ်တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဘက်စုံဆန်းစစ်သုံးသပ်တင်ပြခြင်း အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၂၅) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ "ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဆရာဝန်များ၊ ကျန်းမာရေးမှူးများနှင့် ပြည်သူ့ကျန်းမာရေး ကြီးကြပ်များက ရခိုင်ပြည်နယ်တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ဘက်စုံဆန်းစစ် သုံးသပ်တင်ပြမှု အစည်းအဝေး" သို့ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -

• ရခိုင်ပြည်နယ်၌ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်နေကြသော ကုသရေးပိုင်းဆိုင်ရာနှင့် ပြည်သူ့ကျန်းမာရေးပိုင်းဆိုင်ရာ ဝန်ထမ်းများနှင့် မိမိဆန္ဒအလျောက် ယာယီသွားရောက် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်၊ သူနာပြုများနှင့် ဝန်ထမ်းများ အားလုံးကို ကျေးဇူးတင် ဂုဏ်ယူပါကြောင်း၊

• ရခိုင်ပြည်နယ်၌ ယခုလ (၁၆) ရက်နေ့၌ တွေ့ရှိသော လူနာမှာ COVID-19 ရောဂါပိုးကူးစက်နေမှုအား မသိရှိမီကာလတွင် ခရီးသွားလာမှုများပြားကာ ထိတွေ့ခဲ့သူများပြားခဲ့သည့်အတွက် ယခုကဲ့သို့ အစကနဦး၌ COVID-19 လူနာများ များပြားနေခြင်း ဖြစ်ပါကြောင်း၊

• ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပြည်သူလူထုနှင့် ကျန်းမာရေးဝန်ထမ်းများအားလုံး ပူးပေါင်းဆောင်ရွက်နေသဖြင့် မကြာခင်ကာလတွင် ထိန်းချုပ်နိုင်မည်ဟု ယူဆပါကြောင်း၊

• ဗဟိုမှ ကွင်းဆင်းအဖွဲ့ကလည်း ဤကပ်ရောဂါဖြစ်စဉ်ကို အချိန်နှင့်တစ်ပြေးညီ သုံးသပ်လျက်ရှိပြီး လိုအပ်သည့် ကာကွယ်ထိန်းချုပ်မှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗဟိုမှ ဆက်လက်၍လည်း အထောက်အကူပြုအဖွဲ့များ ထပ်မံစေလွှတ်သွားမည် ဖြစ်ပါကြောင်း၊

• ရောဂါပျံ့နှံ့မှုအတိုင်းအတာနှင့် ပျံ့နှံ့နေမှုပုံစံကို ပိုမိုတိကျစွာသိရှိနိုင်ရန်နှင့် ရောဂါထိန်းချုပ်မှုလုပ်ငန်းများကို စနစ်ကျစွာဆောင်ရွက်နိုင်ရန်အတွက် လူအများနှင့် ထိတွေ့မှုများပြားသော လူအုပ်စုများနှင့် ကူးစက်နိုင်ချေ မြင့်မားသော လူအုပ်စုများအတွင်း ကျပန်းစနစ်ဖြင့် ရွေးချယ်ကာ ဓာတ်ခွဲစစ်ဆေးခြင်းကို ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊

• ရခိုင်ပြည်နယ်ရှိ ယာယီစခန်း (IDP camp) များနှင့် ပြန်လည်လက်ခံရေးစခန်းများ၌ COVID-19 ကပ်ရောဂါ ဖြစ်နိုင်ချေမြင့်မားသဖြင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အထူး အလေးထား အားထည့်၍ ဆောင်ရွက်ရန် အသေးစိတ်ညွှန်ကြားထားပြီး ပြည်နယ်အစိုးရနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲသည် ကပ်ရောဂါအမျိုးမျိုး ကာကွယ်ထိန်းချုပ်ရာတွင် ဝန်ကြီးဌာန၏ ဦးနှောက်သဖွယ်ပင်ဖြစ်ပါကြောင်း၊

• ယနေ့ပြုလုပ်သော ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ကူးစက်ရောဂါနှင့် ကပ်ရောဂါဗေဒဆရာဝန်များ၊ ကျန်းမာရေးမှူးများနှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ်များသည် ရခိုင်ပြည်နယ်၌ ဖြစ်ပေါ်လျက်ရှိသော COVID-19 ကိစ္စအပေါ် အသေးစိတ် ဆန်းစစ်သုံးသပ်ခြင်းနှင့် ဝေဖန်အကြံပြုခြင်း၊ ပွင့်လင်းစွာ ဆွေးနွေးခြင်းများသည် ကောင်းမွန်ပြီး ဝန်ကြီးဌာန အတွက် အကျိုးရှိပါကြောင်း၊

• ရခိုင်ပြည်နယ်၌ COVID-19 အရေးပေါ်ကွပ်ကဲမှု ဌာနဖွင့်လှစ်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဗဟို COVID-19 ကာကွယ်ထိန်းချုပ်ရေး ကွပ်ကဲမှုဌာနနှင့် အချိန်နှင့် တစ်ပြေးညီ ဆက်သွယ်ညှိနှိုင်း၍ ကာကွယ်ထိန်းချုပ်သည့် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည်များကို အချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


ထို့နောက် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်က ရခိုင်ပြည်နယ်တွင် COVID-19 ဖြစ်ပွားမှုအခြေအနေများနှင့် ပတ်သက်၍ ဘက်စုံခြုံငုံ ဆန်းစစ်သုံးသပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး

လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမိုမိုကျော်မင်းက ရခိုင်ပြည်နယ်တွင် (၁၆-၈-၂၀၂၀) ရက်နေ့မှ ယနေ့၊ နံနက်အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၈၀) ဦးတွေ့ရှိခဲ့မှု၊ မြန်မာနိုင်ငံတွင် လက်ရှိ၌ စောင့်ကြည့်လူနာအားလုံး၊ COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူအားလုံးနှင့် အသွားအလာကန့်သတ်ထားသူများအား ဓာတ်ခွဲစစ်ဆေးနေမှု၊ ဓာတ်ခွဲနမူနာစစ်ဆေးမှုနှင့် လူနာတွေ့ရှိမှု အချိုး၊ စစ်တွေဆေးရုံတွင် GeneXpert စက် (၂) လုံးဖြင့် COVID-19 ဓာတ်ခွဲစစ်ဆေးနေမှုအခြေအနေနှင့် စစ်တွေမြို့တွင် လူနာသစ်များတွေ့ရှိရမှု အခြေပြမြေပုံ၊ လူနာများ၏ ကျား/မ၊ အလုပ်အကိုင်၊ အသက်အရွယ်နှင့် ရောဂါလက္ခဏာ ဆန်းစစ်သုံးသပ်မှု တို့ကိုလည်းကောင်း၊

ကူးစက်ရောဂါဗေဒဆိုင်ရာဆရာဝန် ဒေါက်တာဝေလျှံဖြိုးမောင်က COVID-19 ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့သူများအား ရှာဖွေထောက်လှမ်းမှုနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုနှင့် ဆန်းစစ်တွေ့ရှိချက်များ ကိုလည်းကောင်း အသီးသီးရှင်းလင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူး (သဘာဝဘေးနှင့်ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေတုံ့ပြန်ဆောင်ရွက်ရေး) ဒေါက်တာအောင်ကျော်မိုး၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး) ဒေါက်တာခင်ခင်ကြီးနှင့် ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး) ဒေါက်တာတိုးသီရိအောင်တို့က သဘာပတိများအဖြစ်ဆောင်ရွက်ကာ -

ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးများ၊ ကူးစက်ရောဂါဗေဒဆိုင်ရာ ပညာရှင်များ၊ ကျန်းမာရေးမှူးများနှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ်များက ရခိုင်ပြည်နယ်တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ဘက်စုံဆန်းစစ်သုံးသပ်ကာ အကြံပြုဆွေးနွေးရာတွင် -

• ယခုလ (၁၆) ရက်နေ့မှ ယခုအထိ တွေ့ရှိရသော COVID-19 ဓာတ်ခွဲအတည်ပြုလူနာများ၏ ရောဂါလက္ခဏာတွေ့ရှိချက်များအရ "စောင့်ကြည့်လူနာအဖြစ် အဓိပ္ပာယ်သတ်မှတ်ချက် (definition)" ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပြုချက်များနှင့်အညီ မွမ်းမံပြင်ဆင်ရန်၊

• ဆေးရုံအခြေပြု ရောဂါစောင့်ကြပ်ကြည့်ရှုမှု (hospital-based surveillance)၊ အသွားအလာ ကန့်သတ်ရာနေရာတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှု (quarantine site-based surveillance) တို့အပြင် လူထုအခြေပြု ရောဂါစောင့်ကြပ်ကြည့်ရှုမှု (community based surveillance) ကို တိုးမြှင့်လုပ်ဆောင်ရန်၊

• သတင်းအချက်အလက် ပို့ဆောင်ချိတ်ဆက်မှု စနစ်အား ယခုထက်ပိုမို လျင်မြန်ကောင်းမွန်စေရေးအတွက် အားဖြည့်ဆောင်ရွက်ရန်၊

• ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါပိုးကင်းစင်လာသူများအား (၂) ပတ်တာကာလ ဆက်လက်၍ အသွားအလာ ကန့်သတ်ခြင်း လုပ်ဆောင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊

• ရခိုင်ပြည်နယ်အတွင်းရှိ ဆေးရုံများတွင် (infection prevention and control) ဆိုင်ရာ လိုက်နာဆောင်ရွက်မှုများ အားကောင်းစေရေးအတွက် ဆန်းစစ်မှု၊ ပံ့ပိုးမှုနှင့် မွမ်းမံမှုများ ပြုလုပ်ရန်၊

• မိမိအိမ်တွင်သာနေထိုင်ရန် (stay home) လုပ်ငန်းများတွင် ရပ်ကွက်များတွင် လူထုအခြေပြု စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်ပါက ပိုမိုကောင်းမွန် ထိရောက်မည်ဖြစ်မှုစသည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက -

• ယခုကဲ့သို့ ရခိုင်ပြည်နယ်တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ဘက်စုံဆန်းစစ်သုံးသပ်ကာ အကြံပြုမှုများလုပ်ဆောင်ကြသည့် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ အကြံပြုချက်များအား အလေးထားစဉ်းစား၍ အရေးတကြီး ဆောင်ရွက်သင့်သည့်အချက်များကို ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများထံ အသိပေး၍ ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊

• ရခိုင်ပြည်နယ်တွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားရှာဖွေ ထောက်လှမ်းခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်း၊ သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် ပူးပေါင်းကာ စစ်တွေမြို့မှ အခြားမြို့များသို့ သွားရောက်သူများအား ရှာဖွေထောက်လှမ်းကာ အသွားအလာ ကန့်သတ်ခြင်းတို့ကို ယခုထက်ပိုမိုအားဖြည့်ကာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• စစ်တွေမြို့နယ်ရှိ ရပ်ကွက်များနှင့် အခြား COVID-19 လူနာသစ်တွေ့ရှိရာ မြို့နယ်များတွင် ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများကို အသံချဲ့စက်အသုံးပြုကာ တစ်နေ့လျှင် အနည်းဆုံး (၅) ကြိမ်အထိ လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊

• ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲအနေဖြင့် ရရှိလာသော ကျန်းမာရေးနှင့် ကပ်ရောဂါဗေဒ သတင်းအချက်အလက်များအား ဘက်စုံဆန်းစစ်မှုများ ပြုလုပ်ကာ လိုအပ်သော အကြံပြုချက်များပေးခြင်းနှင့် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်များကို ပြုစုထုတ်ပြန်ပေးရမည် ဖြစ်ပါကြောင်း၊

• ရပ်ကွက်များ၊ လမ်းများ၊ ဈေးများတွင် လူများသွားလာလှုပ်ရှားနေမှုနှင့် စည်းကမ်းလိုက်နာမှု အခြေအနေများကို စောင့်ကြပ်ကြည့်ရှုမှုများပြုလုပ်ကာ ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေး ဝန်ကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ အကြံပြုချက်များ ပေးအပ်ရမည်ဖြစ်ပါကြောင်း၊

• ယာယီစခန်း (IDP camp) များနှင့် ပြန်လည်လက်ခံရေးစခန်းများတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ အားဖြည့်ဆောင်ရွက်ခြင်းအပြင် အဖျားရောဂါဆေးခန်းများကိုပါ စနစ်တကျ ဖွင့်လှစ်ကာ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် COVID-19 သံသယလူနာများ ရှိ/ မရှိ စောင့်ကြပ်ကြည့်ရှုသွားမည် ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၊ မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားအသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့နှင့် ပိုမိုပူးပေါင်းချိတ်ဆက်ကာ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

• ကျန်းမာရေးအသိပညာပေးခြင်းဆောင်ရွက်ရာတွင် "နိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများ"၊ "နိုင်ငံပြင်ပသို့ တရားမဝင်သွားရောက်ကာ ပြန်လာသူများ" ထံမှ ရောဂါကူးစက်နိုင် သဖြင့် ၎င်းတို့ကိုတွေ့ရှိပါက ရပ်ရွာပြည်သူများက သက်ဆိုင်ရာသို့ သတင်းပေးပို့စေရေး အထူးအလေးထား တိုက်တွန်းနှိုးဆော်ရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်တို့ တက်ရောက်ခဲ့ပါသည်။

More Tags