ဖြူးမြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက ကွင်းဆင်းကြည့်ရှုခြင်း

ဖြူး၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၁ ရက်

    ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်သည် (၃၁-၇-၂၀၂၀) ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဖြူးမြို့နယ်၊ မြို့မအရှေ့ရပ်ကွက်၊ သာသနာ့ ဗိမ္မာန်တွင် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအတွက် ဖွင့်လှစ်ထားသော Facility Quarantine Center သို့သွားရောက်၍ မြို့နယ်အတွင်း FQC များတွင် ပြည်ပပြန် များအား နေရာချထားပေးမှုနှင့် ဓာတ်ခွဲနမူနာယူခြင်းအပါအဝင် ကျန်းမာရေးစောင့်ရှောက်ပေးမှု အခြေအနေများကို မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဆရာဝန်ကြီး၊ နှီးနွယ်ဌာနဆိုင်ရာများ၊ စေတနာ့ ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကာ ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ထောက်ပံ့သော ကျန်းမာရေးအကာအကွယ်သုံး ပစ္စည်းများကို ပေးအပ်ခဲ့ပါသည်။

 

     ဆက်လက်၍ ဖြူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်များ၏ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှု၍ ကျောင်းဖွင့် ထားသည့်ကာလတလျှောက် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်နိုင်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် အခြားကူးစက်ရောဂါများ မဖြစ်ပွားစေရေးတို့အတွက် ကျန်းမာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးခဲ့ပြီး နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနတို့မှ COVID19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပြည်သူလူထုအနေဖြင့် လိုက်နာရန်အချက်များကို ကျောင်းသူ/ကျောင်းသားများမှတဆင့် မိဘများ/ပြည်သူများ သိရှိ လိုက်နာ ကျင့်သုံးနိုင်စေရေး ပူးပေါင်းဆောင်ရွက်ပေးရန်လည်း တိုက်တွန်းဆွေးနွေးခဲ့ပါသည်။

     ဖြူးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုအသီးသီးတွင် (၃၁-၇-၂၀၂၀)ရက်နေ့ စာရင်းအရ Facility Quarantine Center စုစုပေါင်း (၅၆)ခုရှိပြီး၊ နေရပ်ပြန် (၃၁၉) ဉီးအားထားရှိ၍ ကျန်းမာရေး ဝန်ထမ်းများ၊ ထွေအုပ်/ပြည်သူ့ရဲ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက စနစ်တကျ ကြည့်ရှုစောင့်ရှောက် ပေးလျက်ရှိပါကြောင်း၊ အခြေခံပညာအထက်တန်းကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း စုစုပေါင်း (၃၂)ကျောင်း ရှိသည့်အနက် (၂၉)ကျောင်းအား ဖွင့်လှစ်ထားရှိပြီး ကျန်(၃)ကျောင်းမှာလည်း ကျန်းမာရေး အဆင့် “A” ရရှိပြီးဖြစ်၍ မကြာမီ ဖွင့်လှစ်နိုင်တော့မည်ဖြစ်ပါကြောင်း သတင်း ရရှိသည်။

 

 
 

More Tags