မြန်မာနိုင်ငံဆေးကောင်စီ၏ (၂၀၁၆-၂၀၂၀) လေးနှစ်သက်တမ်းအတွင်းဆောင်ရွက်ချက်များနှင့် အသစ်ပြန်လည်ဖွဲ့စည်းခြင်းကိစ္စရပ်များ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

ရန်ကုန်၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံဆေးကောင်စီ၏ (၂၀၁၆-၂၀၂၀) လေးနှစ်သက်တမ်းအတွင်းဆောင်ရွက်ချက်များနှင့် ဆေးကောင်စီအသစ် ပြန်လည်ဖွဲ့စည်းခြင်း ကိစ္စရပ်များ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

 

     အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• မြန်မာနိုင်ငံဆေးကောင်စီ၏ လုပ်ငန်းဆောင်ရွက်ချက်များ ပီပြင်ထိရောက်မှုသည် ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ဝန်ကြီးဌာန၏ပုံရိပ်၊ ဆေးပညာလောက၏ ဂုဏ်သိက္ခာမြင့်မားမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ကိစ္စရပ်များအတွက် အထူးအရေးကြီးပါကြောင်း၊

• မြန်မာနိုင်ငံဆေးကောင်စီ၏ ရည်ရွယ်ချက် (၇) ရပ်ဖြစ်သော -

o (၁) အရည်အသွေးပြည့်ဝ၍ ထိရောက်မှုနှင့် လုံခြုံမှုရှိသော ကျန်းမာရေးစောင့်ရှောက်မှုကို နိုင်ငံ အတွင်း မှီတင်းနေထိုင်ကြသူအားလုံး ခံစားခွင့်ရရှိစေရန်၊
o (၂) ဆရာဝန်များ၏ ဆေးပညာဗဟုသုတ၊ ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေးနှင် အဆင့် အတန်းကို အစဉ်တစိုက် ထိန်းသိမ်းမြှင့်တင်ရန်၊
o (၃) ဆေးပညာကို ခေတ်နှင့်အညီ လေ့လာသင်ကြားနိုင်စေရန်၊
o (၄) ဆရာဝန်များ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်နိုင်စေရန်၊
o (၅) ဆေးပညာတိုးတက်မှုကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးနိုင်စေရန်၊
o (၆) ဆရာဝန်ကျင့်ဝတ်သိက္ခာနှင့် စည်းကမ်းများလိုက်နာစောင့်ထိန်းရေးကို ကြပ်မတ်ထိန်းသိမ်းရန် နှင့်
o (၇) ကောင်းမွန်သော ဆေးကုသမှု ပတ်ဝန်းကျင်ဖြစ်ထွန်းစေရန် တို့ကို ရရှိစေရန်အတွက်

 

• (က) ကျင့်ဝတ်သိက္ခာနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ (ခ) ဆေးပညာသင်ကြားရေးနှင့် လေ့ကျင့်ရေးလုပ်ငန်းများ အရည်အသွေးနှင့် အဆင့်အတန်းမြင့်မားရေး အတွက် စံချိန်စံညွှန်း သတ်မှတ်ရေးနှင့် ကြီးကြပ်ရေးကော်မတီနှင့် (ဂ) ကုသရေးဆိုင်ရာ အရည်အသွေး၊ အဆင့်အတန်းနှင့် လုံခြုံမှုအတွက် စံချိန်စံညွှန်း သတ်မှတ်ရေးနှင့် ကြီးကြပ်ရေးကော်မတီ တို့ဖြင့်လုပ်ငန်းများ ဆောင်ရွက်နေမှုများသည် ပီပြင်မှုရှိပြီး ကျေနပ်ဖွယ်ရာရှိပါကြောင်း၊

• ဆေးပညာသင်ကြားရေးနှင့် ကုသရေးလုပ်ငန်းများ စံချိန်စံညွှန်းသတ်မှတ်ရေးနှင့် ပြည့်မီကြောင်း တရားဝင်အသိအမှတ်ပြုရေးကော်မတီ (Accreditation Committee) ၏ ဆောင်ရွက်မှုများကြောင့် မိမိတို့အနေဖြင့် ဆေးပညာလောက အဆင့်မြင့်မားလာသည်ကိုတွေ့မြင်ရပါကြောင်း၊

• မိမိတို့ဝန်ကြီးဌာန၏ အဓိကရည်ရွယ်ချက်တစ်ရပ်ဖြစ်သော - ပြည်သူများအနေဖြင့် အရည်အသွး ပြည့်ဝသည့် ကျန်းမာရေးဝန်ဆောင်မှုများကို ရရှိစေရေးနှင့် လူနာများ ဘေးကင်းလုံခြုံမှု (Patient Safety) တို့ကို ရရှိစေရန်အတွက် မြန်မာနိုင်ငံဆေးကောင်စီ၏ စည်းကမ်းထိန်းသိမ်းဆောင်ရွက်မှုများဖြင့် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

 

• ဆေးပညာရှင်ဆရာဝန်များသည် ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုပြည့်ဝရုံမျှဖြင့် မရဘဲ အရည်အသွေး ပြည့်ဝမှုနှင့် အထူးသဖြင့် ဆေးပညာကျင့်ဝတ်သိက္ခာ (medical ethics) စည်းကမ်းလိုက်နာမှုတို့သည် ဆေးပညာရှင်တိုင်း အဓိကတန်ဖိုးထားကာ အလေးအနက်ပြုလုပ်ရမည့် ကိစ္စရပ်ဖြစ်ပါကြောင်း၊

• (၂၀၁၆) ခုနှစ်မှ ယခုအထိ (၄) နှစ်တာကာလအတွင်း မြန်မာနိုင်ငံဆေးကောင်စီ၏ လုပ်ငန်း ဆောင်တာများကို တတ်နိုင်သမျှ တာဝန်ယူဆောင်ရွက်ခဲ့သည့် ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်အဖွဲ့များနှင့် တာဝန်ရှိသူများအားလုံးကို ဝန်ကြီးဌာန၏ ကိုယ်စားကျေးဇူးတင်ရှိပါကြောင်း၊

• ယခုနှစ်တွင် အသစ်ဖွဲ့စည်းမည့် မြန်မာနိုင်ငံဆေးကောင်စီအနေဖြင့်လည်း လုပ်ငန်းများ ပိုမိုပီပြင်စေရေးအတွက် အရှိန်အဟုန်မြှင့်တင်ကာ ဆက်လက် ဆောင်ရွက်စေလိုပါကြောင်း၊

 

• စည်းကမ်းထိန်းသိမ်းသည်နှင့် တစ်ပြိုင်တည်းတွင် စည်းကမ်းကို လိုက်နာရန် လိုအပ်သည့်အချက်များကို လမ်းညွှန်ပေးခြင်း၊ ကြိုတင်သတိပေးခြင်း၊

စည်းကမ်းဖောက်ဖျက်ခြင်းကို ကာကွယ်တားဆီးရေး အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အသိပေးခြင်းတို့ကိုပါ တက်ကြွစွာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံဆေးကောင်စီ၏ လုပ်ငန်းများသည် ကြီးမားကျယ်ပြန့်ပြီး တင်စားပြောဆိုရလျှင် တရားသူကြီးသဖွယ်၊ ဥပဒေဝန်ထမ်းသဖွယ်၊ တက္ကသိုလ်ဆရာ/ဆရာမသဖွယ် ပုံစံများဖြင့် တာဝန်ယူ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံဆေးကောင်စီသည် (၄) နှစ်တာကာလအတွင်း ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး၊ အထူးအစည်းအဝေးနှင့် ဗဟိုကောင်စီအစည်းအဝေး စုစုပေါင်း (၇၁) ကြိမ်တို့ဖြင့် ဆွေးနွေးမှု၊ ညှိနှိုင်းမှုများဖြင့် ဆောင်ရွက်ခဲ့သည်ကို တွေ့မြင်ရပါကြောင်း၊

 

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ဥပဒေနှင့်အညီ လွတ်လပ်စွာ ရပ်တည်ဆောင်ရွက်နေသော မြန်မာနိုင်ငံဆေးကောင်စီကို တိုက်ရိုက်ညွှန်ကြားမှုပြုလုပ်၍မရဘဲ အကြံပေးမှုများကိုသာပြုလုပ်နိုင်သည် ဖြစ်သဖြင့် ကောင်စီဝင်များအနေဖြင့် အချင်းချင်း စည်းလုံးညီညွှတ်စွာဖြင့် ဘက်စုံ၊ ကဏ္ဍစုံမှ ရှု့ထောင့်အမြင်အမျိုးမျိုးကို ဆွေးနွေးတိုင်ပင်ပြီး ဆက်လက်လုပ်ဆောင်ကြစေလိုပါကြောင်း၊

• အချို့သော ပြည်ပနိုင်ငံများမှ ဆေးပညာဘွဲ့ရရှိလာသူများသည် လူနာများကို လက်တွေ့ကုသမှု အတွေ့အကြုံမရှိသဖြင့် - ပြည်ပနိုင်ငံမျိုးစုံမှ ဆေးပညာဘွဲ့ရယူသူများ မြန်မာနိုင်ငံ၌ ဆေးကုသမှုလုပ်ငန်းများလုပ်ကိုင်နိုင်ရန်အတွက် မြန်မာနိုင်ငံဆေးကုသခွင့်လိုင်စင်စာမေးပွဲ (Myanmar Medical Licensing Examination) ကို ယခုထက်ပိုမို တင်းကြပ်ကာ ဆောင်ရွက်စေလိုပါကြောင်း၊

• ဆေးပညာရှင်များ၏ ကျင့်ဝတ်နှင့် စည်းကမ်းများကိုလည်း အထွေထွေရောဂါကုဆရာဝန်များအပါအဝင် ဆေးပညာရှင်များအားလုံးသိရှိစေရေးဆောင်ရွက်စေလိုပြီး ဆေးတက္ကသိုလ်များ၌ တတိယနှစ် သင်တန်းများတွင်လည်း မြန်မာနိုင်ငံဆေးကောင်စီမှ တာဝန်ရှိသူများက ဆေးပညာကျင့်ဝတ်နှင့် စည်းကမ်းဥပဒေများနှင့် ပတ်သက်၍ ဟောပြောပို့ချမှုများ ပြုလုပ်စေလိုပါကြောင်း၊

 

• မြန်မာနိုင်ငံဆေးကောင်စီအနေဖြင့် "ဆေးပညာရှင်များအတွက် ပညာရှင်ပီသသော အပြုအမူဆောင်ရွက်မှုများဆိုင်ရာ ကိုဓစည်းကမ်းနှင့် ကျင့်ဝတ် (Ethics and code of professional conduct for medical professionals)" စာအုပ်ထုတ်ဝေခဲ့ခြင်းသည် အလွန်အရေးကြီးသည့် ဆောင်ရွက်မှုတစ်ခုဖြစ်ပါကြောင်း၊ ဆေးပညာရှင်များအနေဖြင့် အဆိုပါ ကျင့်ဝတ်စည်းကမ်းအတိုင်း ကျင့်သုံးရန် အရေးကြီးပါကြောင်း၊

• ဘုတ်အဖွဲ့အသိအမှတ်ပြု အထူးကုဆရာဝန် (board certified specialist) များအဖြစ် မွေးထုတ်နိုင်ရေးအတွက် မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဆေးပညာဘာသာရပ်အဖွဲ့များက ဦးစားပေးအနေဖြင့် ဆွေးနွေးတိုင်ပင်ကာ မြန်မာနိုင်ငံဆေးကောင်စီနှင့် ပူးပေါင်း၍ အမြန်ဆုံးအကောင်အထည်ဖော်စေလိုပါကြောင်း၊

• ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများနှင့် အခြားဖွံ့ဖြိုးဆဲနိုင်ငံများမှ ဆေးကောင်စီများတွင် ဆောင်ရွက်နေမှုများ၊ လုပ်ငန်းဆောင်တာများအား အမြဲမပြတ်လေ့လာသုံးသပ်ပြီး မိမိတို့နိုင်ငံနှင့် ကိုက်ညီသည်များကို လုပ်ဆောင်စေလိုပါကြောင်း၊
• မြန်မာနိုင်ငံဆေးကောင်စီတွင် အမည်ဖော်ပြရန် မလိုဘဲ အကြံပေးနိုင်သည် အကြံပြုစာပုံးများ ထားရှိစေလိုပါကြောင်း၊

 

• မြန်မာနိုင်ငံဆေးကောင်စီမှ ပြုလုပ်သည့်အစည်းအဝေးများကို အလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်သည့် ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များကိုလည်း တက်ရောက်စေမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံဆေးပညာကဏ္ဍအတွက် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်သော မြန်ာမာနိုင်ငံဆေးကောင်စီအား ပံ့ပိုးမှုများကို အတတ်နိုင်ဆုံးဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊
• မြန်မာနိုင်ငံဆေးကောင်စီ၏ ဆွေးနွေးချက်များ၊ ဆုံးဖြတ်ချက်များ၊ အကြံပြုချက်များကို ဝန်ကြီးဌာနအနေဖြင့် အလေးအနက်ထား စဉ်းစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် မြန်မာနိုင်ငံဆေးကောင်စီ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာအက်စ်ကျော်လှက "မြန်မာနိုင်ငံဆေးကောင်စီ လေးနှစ်သက်တမ်း (၂၀၁၆-၂၀) အတွင်း ဆောင်ရွက်ချက်များနှင့် တိုးတက်ပြောင်းလဲမှုများ" ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
     ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသည့် မြန်မာနိုင်ငံဆေးကောင်စီဝင်များက အထွေထွေဆွေးနွေးအကြံပြုမှုများ ပြုလုပ်ခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးအပါအဝင် မြန်မာနိုင်ငံဆေးကောင်စီနာယကများ က မြန်မာနိုင်ငံဆေးကောင်စီတွင် (၂၀၁၆) ခုနှစ်မှ (၂၀၂၀) ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ပါသည်။

More Tags