Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းမှုများအား ပြည်ထောင်စုဝန်ကြီးလက်ခံ

ရန်ကုန်၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့

     Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဇူလိုင်လ (၁၈) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းရှိ ပြည်ထောင်စုခန်းမ၌ အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထံသို့ လှူဒါန်းမှုများအား လက်ခံခဲ့ပါသည်။

 

     ရှေးဦးစွာ COVID-19 ဓာတ်ခွဲနမူနာကောက်ယူသည့်ယာဉ် (mobile swab van) များ၏ အလှူရှင်များက လှူဒါန်းရသည့် အကြောင်းရင်းများကို ရှင်းလင်းပြောကြားထားသည့် ရုပ်သံဗီဒီယိုကို ပြသခဲ့ပါသည်။

 

     ထို့နောက် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရ ဦးဇော်မိုးခိုင်က လှူဒါန်းမှု အကြောင်းအရင်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း နှင့် ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်တို့က လှူဒါန်းမှုများအား လက်ခံခဲ့ပြီး ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများအပေါ်ကျေးဇူးတင်စကားပြောကြား ခဲ့ရာတွင် -

• ယခုအချိန်၌ မိမိတို့နိုင်ငံတွင် COVID-19 ကို အတိုင်းအတာတစ်ခုအထိ ရောဂါထိန်းချုပ်ထားနိုင်သော်လည်း မိမိတို့အနေဖြင့်ပေါ့ဆ၍မရဘဲ လုပ်ဆောင်ရန်ရှိသည်များအား အရှိန်အဟုန်မပျက်ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

• ယခုကဲ့သို့သော လှူဒါန်းမှုများသည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများအတွက် များစွာ အထောက်အကူပြုပြီး ရေရှည်ကာလအတွက်လည်း အကျိုးရှိမည်ဖြစ်သဖြင့် စေတနာအလှူရှင်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊

• မိမိတို့နိုင်ငံတွင် COVID-19 ဖြစ်ပွားမှုများကို ဆက်လက်ကာကွယ်တားဆီးနိုင်ရန်အတွက် ရောဂါကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာဆောင်ရွက်ကြစေလိုပါကြောင်း၊

• အလှူရှင်များအနေဖြင့် မိမိတို့၏ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေများအား COVID-19 ရောဂါကာကွယ်ရေးနည်းလမ်းများအတိုင်း နေထိုင်ကြပါရန် တိုက်တွန်းပြောကြားကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ယနေ့ အခမ်းအနားတွင် လှူဒါန်းမှုများအနေဖြင့် -

• ဆရာတော်ဘဒ္ဒန္တဥတ္တမ မဟာထေရ် (ဗောဓိကုန်းကျောင်းတိုက်၊ သံလွင်လမ်း) က Mobile Swab Van (၁)စီး၊

• မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၊ ဥက္ကဋ္ဌ ဦးဇော်မိုးခိုင် နှင့် ဒေါက်တာစောနေနွယ် (Pacific AA Foundation, AA medical Products Ltd, Success & Success Int’L Ltd) က အမေရိကန်ဒေါ်လာ (၄၀၂,၀၀၀) တန်ဖိုးရှိ SARs-COV-2 Reagent ဆက်စပ်ပစ္စည်း (၁၁)မျိုးနှင့် အမေရိကန်ဒေါ်လာ (၁၂၅,၂၀၈.၆၄) တန်ဖိုးရှိ Anti SARs-COV-2 test၊

• လွယ်ဟိန်း ကုမ္ပဏီလီမိတက်က (Alpine and Life သောက်ရေသန့်) ငွေကျပ် (၂၆၇,၀၀၀,၀၀၀)တန်ဖိုးရှိ Alpine and Life သောက်ရေသန့်ဘူး (၁.၅) သန်း၊
• Sea Rangers (Myanmar Seafarer Donation Group) က ကျပ် (၂၃၅) သိန်း တန်ဖိုးရှိ Ventilator with humidifier (VG 70) (၁)လုံး၊

• သုဇာတာဖောင်ဒေးရှင်းက Mobile Swab Van (၁)စီး၊

 

• ဦးသမာဓိ International Services Co.,Ltd က Sojen အမှတ်တံဆိပ် Logistic Truck (၁) စီး၊

• ဆေးတက္ကသိုလ် (၁)၊ (၁၉၈၆) ခုနှစ် ကျောင်းဆင်းဆရာဝန်များက ကျပ် (၁၁,၃၄၀,၀၀၀) တန်ဖိုးရှိ AED machine၊ တစ်ကိုယ်ရေသုံးကာကွယ်ရေးပစ္စည်းများနှင့် ငွေကျပ် (၅,၄၇၃,၀၀၀)၊

• ရန်ကုန်စီးပွားရေးတက္ကသိုလ် (YUE)၊ EMBA (14th) Batch ကျောင်းသား/ကျောင်းသူများက အမေရိကန်ဒေါ်လာ (၇,၂၀၀) တန်ဖိုးရှိ SARs-COV-2 Reagent များ၊

• မြင့်မြတ်ဖြူစင် ကုသိုလ်ဖြစ်အထူးကုဆေးခန်းက Mobile Swab Van (၁) စီးဝယ်ယူရန် မတည်ငွေကျပ် သိန်း(၁၀၀)၊

• ဦးမြင့်ဌေးနှင့် ဒေါ်ယဉ်သီတာအေးက ကျပ်သိန်း(၁၀၀)၊

 

• Progress Biochem Co.,Ltd က ကျပ်သိန်း (၁၀၀)တန်ဖိုးရှိ Ethanol (75%) (၂၂၀) ပုံး၊

• ဦးကျော်နန္ဒ (Managing Director, Techmation MYANMAR Co.,Ltd) က ငွေကျပ် (၁,၇၅၀,၀၀၀) တန်ဖိုးရှိ Automatic Temperature Scanner (၅)လုံးနှင့်
• ဦးတင့်လှိုင်နှင့် ဒေါက်တာလှမြသွေးဣန္ဒာ မိသားစုက Mobile Swab Van ဝယ်ယူရန် မတည် ငွေကျပ် (၁၀)သိန်း တို့အား အသီးသီးလှူဒါန်းခဲ့ကြပါသည်။

 

More Tags