မြန်မာနိုင်ငံဆေးသုတေသနကဏ္ဍ တိုးတက်မြှင့်တင်ရေး အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

ရန်ကုန်၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံဆေးသုတေသနကဏ္ဍ တိုးတက်မြှင့်တင်ရေး အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ဆေးသုနေသနလုပ်ငန်းများသည် ဝန်ကြီးဌာနနှင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက်သာမက နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါအရေးကြီးပါကြောင်း၊

• မိမိအနေဖြင့် ဆေးသုသနဦးစီးဌာနကို ထူးခြားစွာဘက်စုံတိုးတက်ပြောင်းလဲမှု ရရှိစေရေးအတွက် ပြုပြင်ဆောင်ရွက်သင့်သည်များကို အမြန်ဆုံးဆောင်ရွက်စေလိုပါကြောင်း၊

• ဆေးသုတေသနဦးစီးဌာနသည် ဝန်ကြီးဌာန၏ အခြားဦးစီးဌာနများကဲ့သို့ ဝန်ဆောင်မှုပေးရသည့် ဌာနမဟုတ်ဘဲ အတတ်ပညာနှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာဌာနဖြစ်သဖြင့် ဝန်ကြီးဌာနရှိ တက္ကသိုလ် (၁၆) ခုနှင့် ယင်းတက္ကသိုလ်များ၌ တက်ရောက်နေသော ဘွဲ့လွန်ကျောင်းသားများအားလုံးက သုတေသန ကျွမ်းကျင်မှုပိုင်းဆိုင်ရာ၌ ယုံကြည်အားကိုးရသော ထိပ်တန်းအဆင့်ဌာနအဖြစ် အမြန်ဆုံး ဖြစ်လာရန် ဆောင်ရွက်စေလိုပါကြောင်း၊

• ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများအနေဖြင့် ဆေးသုတေသနဦးစီးဌာနတည်ထောင်ခဲ့စဉ်မှ ယနေ့အထိ ဝန်ကြီးဌာနနှင့် နိုင်ငံတော်အား အကျိုးပြုခဲ့သည့် အတိုင်းအတာ၊ ဝန်ကြီးဌာနရှိ ဦးစီးဌာန အသီးသီး၏ မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းနည်းဗျူဟာများ ချမှတ်ရာတွင် သုတေသန တွေ့ရှိချက်များဖြင့် ပံ့ပိုးပါဝင်ခဲ့မှု အတိုင်းအတာများကို ပြန်လည် ဆန်းစစ်သုံးသပ်စေလိုပါကြောင်း၊

 

• ဝန်ကြီးဌာနမှ ရေးဆွဲခဲ့သည့် အမျိုးသားကျန်းမာရေးသုတေသနမူဝါဒ (၂၀၁၇) တွင်ပါဝင်သော အချက်များကို ဆန်းစစ်သုံးသပ်မှုများပြုလုပ်ကာ ယခုအခြေအနေအရပ်ရပ်နှင့်ကိုက်ညီစေရေး ပြုပြင် သင့်သည်များပြုလုပ်စေလိုပါကြောင်း၊ မူဝါဒကို အခြေခံ၍ လုပ်ငန်းစဉ်များချမှတ် ဆောင်ရွက်စေ လိုပါကြောင်း၊

• ဆေးသုတေသနဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာများရေးထိုးထားသော နိုင်ငံတကာတက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် ကွန်ရက်သဖွယ်ချိတ်ဆက် (networking) ကာ ပူးပေါင်းဆောင်ရွက်သည့် သုတေသန (joint collaboration research နှင့် multicentric research) များကို ယခုထက် ပိုမိုပြုလုပ်စေလိုပါကြောင်း၊

• ဝန်ကြီးဌာနမှ ထူထောင်ခဲ့သည့် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသန မှတ်ပုံတင်စနစ် (Myanmar health research registry)၊ သုတေသန သတင်းအချက်အလက်စနစ် (research information system) နှင့် သုတေသနခေါင်းစဉ်ဘဏ်တိုက် (research title bank) တို့ကို ပိုမိုကောင်းမွန်ပြည့်စုံစေ ရေးနှင့် ခေတ်မီစေရေး အမြန်ဆုံးမွမ်းမံဆောင်ရွက်သွားစေလိုပါကြောင်း၊ သုတေသနခေါင်းစဉ် ဘဏ်တိုက် (research title bank) ကိုအမြဲ မွမ်းမံ (update) ကာ ဝန်ကြီးဌာနရှိ ကျန်းမာရေးစီမံချက်မန်နေဂျာများထံ အခါအားလျှော်စွာ ပေးပို့စေလိုပါကြောင်း၊

• ဆေးသုတေသနဦးစီးဌာနအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှဒေသဆိုင်ရာရုံးမှ ထုတ်ဝေခဲ့သော Research management module များ ကိုမှီငြမ်း၍ ဆေးသုတေသန ဦးစီးဌာန၏ မူပိုင်အဖြစ် သုတေသနစီမံခန့်ခွဲမှု module များကို ပြုစုထုတ်ဝေစေလိုပါကြောင်း၊

 

• ဆေးသုတေသနဦးစီးဌာန၏ မူပိုင်အဖြစ် သုတေသနဆိုင်ရာကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်မှုဘုတ်အဖွဲ့ (Institutional Review Board) လုပ်ငန်းလမ်းညွှန်၊ သုတေသနစီမံခန့်ခွဲမှု (research management)၊ သုတေသန နည်းပညာ ဆိုင်ရာ စာအုပ်စာတမ်းများကို ပြုစုထုတ်ဝေစေလိုပါကြောင်း၊

• သုတေသနစွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းများကို ယခုထက်ပိုမိုပြုလုပ်စေလိုပြီး ဝန်ကြီးဌာန၏ တက္ကသိုလ်များတွင် သုတေသနဆိုင်ရာအကြောင်းအရာများပိုမိုထည့်သွင်းသင်ကြားနိုင်မှသာလျှင် နိုင်ငံအတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနသည် သုတေသနပြုလုပ်ဆောင်ရွက်သည့် အလေ့အကျင့်ကောင်းနှင့် သုတေသန ယဉ်ကျေးမှု ပိုမိုထွန်းကားလာစေရေးအတွက် (၂၀၁၆) ခုနှစ်၊ ဧပြီလမှ (၂၀၁၉-၂၀၂၀)ခု ဘဏ္ဍာရေးနှစ်အထိ သုတေသနပြုလုပ်ရန် ရန်ပုံငွေကျပ်သန်းပေါင်း (၆,၀၀၀) ခွင့်ပြုချထား ပေးခဲ့ပါကြောင်း၊ (၂၀၂၀-၂၁) ခု ဘဏ္ဍာနှစ်၌လည်း သုတေသနရန်ပုံငွေ သန်း (၃,၀၀၀) လျာထားပါကြောင်း၊

• သုတေသနအဆိုပြုလွှာများကို စိစစ်ရွေးချယ်ရာတွင် အဆိုပါသုတေသနသည် မိမိတို့ဝန်ကြီးဌာန၊ နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးရှိမှုအပေါ် အခြေခံစဉ်းစားကာ သုတေသနပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ကျိုးကြောင်းခိုင်လုံမှု၊ ရရှိလာမည့်သုတေသနရလဒ်ကို လက်တွေ့အသုံးချ ဆောင်ရွက်နိုင်မှု စသည့်အချက်များကို စိစစ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

 

• အဆိုပါသုတေသနရန်ပုံငွေများကို အသုံးပြုကာ ဝန်ကြီးဌာန၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပိုမိုတိုးတက်ကောင်းမွန်စေရေး အသုံးချသုတေသနများကို မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများ အနေဖြင့် ယခုထက်ပိုမိုဆောင်ရွက်ကြစေလိုပါကြောင်း၊ အထူးသဖြင့် သမားရိုးကျမှ ဖောက်ထွက်သော ဆန်းသစ်သည့် အတွေးအမြင်များဖြင့် ဝန်ကြီးဌာန၊ နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးရှိစေမည့် သုတေသနအကြောင်းအရာ အသစ်များကို ပြုလုပ်စေလိုပါကြောင်း၊

• သုတေသနတွေ့ရှိချက်များအပေါ်အခြေခံ၍ စီမံချက်များရေးဆွဲခြင်း၊ ဘဏ္ဍာငွေနှင့် အရင်း အမြစ်များ ခွဲဝေချထားခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် ဝန်ကြီးဌာန၏ လုပ်ငန်းများ ပိုမိုပီပြင် အောင်မြင်နိုင်ကာ ကျန်းမာရေးအရင်းအမြစ်များကို အလေအလွင့်နည်းပါးစွာဖြင့် ပိုမိုအကျိုးရှိထိရောက်မှုရှိစွာ အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊

• နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်း (INGOs) များအနေဖြင့် မိမိတို့နိုင်ငံတွင် ကျန်းမာရေးဆိုင်ရာသုတေသနများပြုလုပ်ရာတွင် သုတေသနအဆိုပြုလွှာ (research proposal)ကို ဝန်ကြီးဌာနမှ သုတေသနဆိုင်ရာကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်မှုဘုတ်အဖွဲ့ (Institutional Review Board) တစ်ခုခုတွင် တင်ပြခွင့်ပြုချက်ရရှိပြီး ဝန်ကြီးဌာန၏ မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသန မှတ်ပုံတင်စနစ် (Myanmar health research registry) တွင် မှတ်ပုံတင်ပြီးမှ သာ သုတေသနပြုလုပ်ခွင့်ပြုရမည်ဖြစ်ပါကြောင်း၊

• ဆေးသုတေသနဦးစီးဌာနတွင် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဟောပြောမှု (technical talk) အစီအစဉ်ကို အပတ်စဉ်ပြုလုပ်စေလိုပါကြောင်း၊ ထိုသို့ဟောပြောမှုများတွင် ဆေးသုတေသနဦးစီးဌာနမှ ပညာရှင်များသာမက ဝန်ကြီးဌာန၏ တက္ကသိုလ်များမှ ပညာရှင်များလည်း ဟောပြောမှုများ ပါဝင်ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊

 

• ထိုသို့ဟောပြောမည့် အစီအစဉ်များကို ဝန်ကြီးဌာနရှိ တက္ကသိုလ်များ၊ ဆေးရုံများမှ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ရေးအတွက် ကြိုတင်အကြောင်းကြားထားရှိရမည်ဖြစ်ပါကြောင်း၊

• ထို့အပြင် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဟောပြောမှု (technical talk) များကို ရုပ်သံရိုက်ကူးကာ ဝန်ကြီးဌာန၏ တက္ကသိုလ်များနှင့် ဆေးရုံများသို့ ဖြန့်ဝေပေးရမည်ဖြစ်ပါကြောင်း၊

• ဆေးသုတေသနဦးစီးဌာနတွင် သုတေသနနည်းစနစ် (research method)၊ သုတေသနအတွက် နမူနာကောက်ယူမည့်အရေအတွက်နှင့် နမူနာကောက်ယူမည့်နည်းလမ်း (sample size and sampling methods) ဆိုင်ရာ အထူးကျွမ်းကျင်ပညာရှင်များရှိစေလိုပြီး သီးသန့် ဌာနခွဲ (division) များအဖြစ် ဖွဲ့စည်းဆောင်ရွက်စေလိုပါကြောင်း၊

• ဆေးသုတေသနဦးစီးဌာနတွင် ကျင့်ဝတ်ဂုဏ်သိက္ခာမြင့်မားခိုင်မာသော သုတေသနများဖြစ်စေရေး စောင့်ကြည့်ရေးအဖွဲ့(unit of research integrity) ကိုလည်း ဖွဲ့စည်းကာ သုတေသနဆိုင်ရာကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်မှုဘုတ်အဖွဲ့ (Institutional Review Board) များကို ကြီးကြပ်ဆောင်ရွက်စေလိုပါကြောင်း၊

 

• ယခုနှစ်၊ ဇွန်လတွင်ပြုလုပ်ခဲ့သော ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနတို့နှင့် ဆေးသုတေသနဦးစီးဌာနအကြား အသုံးချသုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေရေး ညှိနှိုင်းအစည်းအဝေးမှ ဆုံးဖြတ်ချက်များကိုလည်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားစေလိုပါကြောင်း၊

• မိမိ၏ လမ်းညွှန်ချက်များကိုသာမက ဝန်ကြီးဌာန၏ပုံရိပ်မြင့်မားရေးနှင့် ဆေးသုတေသန ကဏ္ဍပိုမိုတိုးတက်ကောင်းမွန်ရေးအတွက် အကြံပြုချက်များရရှိရန် ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများ အစည်းအဝေးတစ်ခု ပြုလုပ်တိုင်ပင် ဆွေးနွေးရမည်ဖြစ်ပါကြောင်း၊

• ဆေးသုတေသနဦးစီးဌာနအနေဖြင့် ဝန်ကြီးဌာန၊ နိုင်ငံနှင့် ပြည်သူများအတွက် ရေရှည်အကျိုးကို မျှော်ကိုးကာ တစ်ဦးနှင့် တစ်ဦး၊ ဌာနတစ်ခုနှင့် တစ်ခု ရိုင်းပင်းကူညီပံ့ပိုးမှုများဖြင့် မြန်မာနိုင်ငံဆေးသုတေသနကဏ္ဍ ပိုမိုတိုးတက်မြင့်မားရေး ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက ဆေးသုတေသနဦးစီးဌာန၏ ဆောင်ရွက်ချက်များကို တင်ပြရာတွင် -

• ဝန်ကြီးဌာန၏ သုတေသနရန်ပုံငွေများကို အသုံးချဆောင်ရွက်မှုအခြေအနေ၊

• (၄၉) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးသုတေသနညီလာခံအတွက် အကြောင်းအရာခေါင်းစဉ်၊

• ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) ၏ molecular laboratory ကို အဆင့်မြှင့်တင်ဆောင်ရွက်ရန် အစီအစဉ်၊

• COVID-19 နှင့် ပတ်သက်၍ ပြုလုပ်ထားရှိသော သုတေသနများ နှင့် ဆက်လက် ပြုလုပ်မည့်သုတေသနများနှင့် အထွေထွေတင်ပြချက်များကို တင်ပြခဲ့ပါသည်။

 

     ဆက်လက်၍ ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများက ဆေးသုတေသန ကဏ္ဍပိုမိုတိုးတက်မြင့်မားရေး အထွေထွေဆွေးနွေး အကြံပြုမှုများ ဆောင်ရွက်ခဲ့ပါသည်။

 

     အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ပါသည်။

 

More Tags