ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမီရရှိရေးရန်ပုံငွေ (Access to Health Fund) မှ COVID-19 တုံ့ပြန်ဆောင်ရွက်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာပစ္စည်းများနှင့် ဓာတ်ခွဲပစ္စည်းများ လွှဲပြောင်းပေးအပ်မှုကို ပြည်ထောင်စုဝန်ကြီးလက်ခံ

ရန်ကုန်၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) ၌ ပြုလုပ်ခဲ့သော ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမီရရှိရေးရန်ပုံငွေ (Access to Health Fund) မှ COVID-19 တုံ့ပြန်ဆောင်ရွက်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာပစ္စည်းများနှင့် ဓာတ်ခွဲပစ္စည်းများ ဝန်ကြီးဌာနတထံသို့ လွှဲပြောင်းပေးအပ်မှုအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

 

     အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် -

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပံ့ပိုးမှုများပေးခဲ့သည့် ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမီရရှိရေးရန်ပုံငွေ (Access to Health Fund) နှင့် အဓိက အလှူရှင်နိုင်ငံများ ဖြစ်သော United Kingdom၊ အမေရိကန်ပြည်ထောင်စု၊ ဆွီဒင်နှင့် ဆွစ်ဇာလန်နိုင်ငံတို့ကို ကျေးဇူးတင်ရှိပါကြောင်း၊

• ထိုသို့ ပံ့ပိုးမှုများသည် ဝန်ကြီးဌာန၏ COVID-19 လူနာဓာတ်ခွဲအတည်ပြုစစ်ဆေးခြင်းနှင့် ကုသခြင်း လုပ်ငန်းများအတွက် များစွာအထောက်အကူပြုပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် COVID-19 ဓာတ်ခွဲစစ်ဆေးမှုစွမ်းရည်နှင့် အရေအတွက်ကို တိုးမြှင့်ဆောင်ရွက်ခဲ့ရာ ယခင်က အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း (ရန်ကုန်) တွင်သာ စစ်ဆေးနိုင်ရာမှ ယခုအခါ ဆေးသုတေသနဦးစီးဌာန (ရန်ကုန်)၊ မန္တလေးနှင့် မော်လမြိုင်မြို့များရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနများတွင်ပါ စစ်ဆေးနိုင်ပြီဖြစ်ပါကြောင်း၊ ဆက်လက်၍ တောင်ကြီးမြို့နှင့် လားရှိုးမြို့များတွင် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနများထပ်မံ ဖွင့်လှစ်ကာ COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် COVID-19 ဓာတ်ခွဲစစ်ဆေးမှုစွမ်းရည်နှင့် အရေအတွက်တိုးမြှင့်ဆောင်ရွက်ရာတွင် Access to Health Fund မှ ပံ့ပိုးမှုများသည် ဓာတ်ခွဲစစ်ဆေးမှုများ ပိုမိုမြန်ဆန်တိကျစေရန် များစွာ အထောက်အကူပြုပါကြောင်း၊

 

• ဝန်ကြီးဌာန၏ ဓာတ်ခွဲဌာနများစွမ်းဆောင်ရည် ပိုမိုမြင့်မားလာခြင်းသည် ယခု COVID-19 အတွက်သာမက ရေရှည်တွင် အခြားရောဂါအမျိုးမျိုး ဓာတ်ခွဲစစ်ဆေးမှုများအတွက်လည်း များစွာ အသုံးဝင် အကျိုးပြုမည်ဖြစ်ပါကြောင်း၊

• Access to Health Fund မှ ပံ့ပိုးမှုများတွင် ဝန်ကြီးဌာနနှင့် ပူးပေါင်းလက်တွဲဆောင်ရွက်လျက်ရှိသော တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်း (ethnic health organization) များအတွက် ပံ့ပိုးထောက်ပံ့ပေးခြင်းသည် ကောင်းမွန်ပါကြောင်း၊ သွားလာရခက်ခဲသောဒေသများတွင် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊

• မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ COVID-19 ကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မှုများသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နှီးနွှယ်ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ပြည်သူများ အားလုံးက ပူးပေါင်းအားထုတ်ကြိုးပမ်းဆောင်ရွက်မှုများကြောင့်ဖြစ်ပါကြောင်း၊

• ထိုသို့ဆောင်ရွက်မှုများတွင် ပြည်တွင်း၊ ပြည်ပအလှူရှင်များ၏ ပံ့ပိုးမှုများသည် များစွာသော အထောက်အကူဖြစ်စေခဲ့ပါကြောင်း၊

 

• Access to Health Fund အပါအဝင် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အလှူရှင်အဖွဲ့အစည်းများသည် ယခု COVID-19 အတွက်သာမက ဝန်ကြီးဌာန၏ ကျန်းမာရေးစီမံချက် (health program) များအတွက်ပါ ပံ့ပိုးမှုများ ပေးအပ်လျက်ရှိခြင်းသည် မိမိတို့နိုင်ငံအတွက် များစွာအကျိုးရှိပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ရရှိသော အလှူငွေနှင့် ရန်ပုံငွေများကို စနစ်တကျ ကျိုးကြောင်းဆီလျော်ခွဲဝေမှု များဖြင့် အကျိုးရှိထိရောက်မှု ရှိနိုင်သမျှရှိစေရန် အသုံးချဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အလှူရှင်အဖွဲ့အစည်းများနှင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုများ ပိုမို အားကောင်းစေရေးအတွက် (၂) လ လျှင်တစ်ကြိမ်ခန့် အဆိုပါ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊

• ယခုကဲ့သို့ Access to Health Fund ၏ မြန်မာနိုင်ငံအတွက် မဆုတ်မနစ်သော ပံ့ပိုးမှု၊ အခြေအနေအရပ်ရပ်နှင့် လိုက်လျောညီထွေဖြစ်စေရန် ပြောင်းလွယ်ပြင်လွယ်မှုနှင့် အလိုက်သင့် တုံ့ပြန်ဆောင်ရွက်နိုင်မှုတို့ကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E Mr. Dan Chugg က အလှူရှင်နိုင်ငံများကိုယ်စား ပံ့ပိုးမှုအဓိက အကြောင်းအရင်းများကို ပြောကြားရာတွင် -

• မြန်မာနိုင်ငံ၏ COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အသိအမှတ်ပြုဖွယ်ရာလုပ်ဆောင်မှု၊ စုစည်းညီညွတ်မှုများဖြင့် ထိရောက်စွာ ဆောင်ရွက်နေသည်ကို တွေ့မြင်နေရပါကြောင်း၊

• Access to Health Fund သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ကာကွယ်ထိန်းချုပ်မှုဆိုင်ရာ အစောပိုင်း (initial) လုပ်ငန်းများသာမက ဖြစ်ပေါ်လာနိုင်သော အခြေအနေအမျိုးမျိုးအတွက် အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေး (contingency) ပြင်ဆင်ဆောင်ရွက်မှုများတွင်ပါ ပံ့ပိုးဆောင်ရွက်ခဲ့ပါကြောင်း၊

• COVID-19 ရောဂါကာကွယ်ထိန်းချုပ်လုပ်ငန်းများဆောင်ရွက်ရာ၌ သွားလာရခက်ခဲသော နေရာဒေသများနှင့် နယ်စပ်ဒေသများပါမကျန်ဆောင်ရွက်ရန် အရေးကြီးသဖြင့် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသော တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများကိုလည်း ပံ့ပိုးမှုများ ပေးအပ်လျက်ရှိပါကြောင်း၊

• အလားတူ ဝန်ကြီးဌာန၏ မိခင်၊ မွေးကင်းစ၊ ကလေးနှင့် မျိုးဆက်ပွားကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးရေး၊ အကျဉ်းကျသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ တီဘီရောဂါတိုက်ဖျက်ရေးနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအတွင်လည်း ပံ့ပိုးဆောင်ရွက်လျက်ရှိပါကြောင်း၊

• Access to Health Fund ၏ အဓိက အလှူရှင်နိုင်ငံများဖြစ်သော United Kingdom၊ အမေရိကန်ပြည်ထောင်စု၊ ဆွီဒင်နှင့် ဆွစ်ဇာလန်နိုင်ငံတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသော COVID-19 ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်မှု လုပ်ငန်းများတွင် ပံ့ပိုးခွင့်ရရှိသည့်အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားခဲ့ပါသည်။

 

     USAID မှ Deputy Head of Mission ဖြစ်သူ Ms. Teresa McGhie က -

• မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးစောင့်ရှောက်သူများအတွက် တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေးဝတ်စုံ (personal protective equipment) များကို မြန်မာနိုင်ငံ၌ COVID-19 လူနာမတွေ့ရှိမီကတည်းက ပံ့ပိုးပေးနိုင်ခဲ့ပါကြောင်း၊

• ယခုလက်ရှိတွင် မြန်မာနိုင်ငံ၌ COVID-19 ကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ခြင်းသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပြည်သူများနှင့် လက်တွဲကာ ကြိုးပမ်းဆောင်ရွက်မှုများ၏ သက်သေများဟုပင် ဆိုချင်ပါကြောင်း၊

• Access to Health Fund မှ အဓိက ပံ့ပိုးသည်များမှာ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းနှင့်ပါးစပ်စည်းများ၊ လက်အိတ်များ၊ တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေးဝတ်စုံများ၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများ၊ ဓာတ်ခွဲဓာတ်ကူပစ္စည်းများနှင့် စက်ပစ္စည်းများ ဖြစ်ပါကြောင်း၊

• Access to Health Fund ၏ အဓိက ရည်မှန်းချက်များနှင့် အညီ မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများ၊ ပဋိပက္ခဖြစ်ပွားရာနေရာဒေသတွင် နေထိုင်သူများ၊ ထိခိုက်လွယ်လူအုပ်စု (vulnerable population) များအတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လက်လှမ်းမီရရှိရေးအတွက် ဆက်လက်ပံ့ပိုး ကူညီသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် Access to Health Fund Management Office မှ Fund Director ဖြစ်သူ Mr. Oren Ginzburg က -

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် (၂၀၂၀) ပြည့်နှစ်၊ ဇန်နဝါရီလဆန်းပိုင်းက စတင်၍ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား ဦးစားပေးဆောင်ရွက်ခဲ့ပြီး Access to Health Fund အနေဖြင့် မတ်လအစောပိုင်းမှစတင်၍ ဝန်ကြီးဌာနနှင့် ချိတ်ဆက်ကာ COVID-19 တုံ့ပြန်ဆောင်ရွက်ရေးအတွက် ပံ့ပိုးဆောင်ရွက်ခဲ့ပါကြောင်း၊

• မြန်မာနိုင်ငံအနေဖြင့် COVID-19 ကူးစက်ဖြစ်ပွားမှုများကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင် ရန်အတွက် အားထုတ်ကြိုးပမ်းမှုအပြည့်ဖြင့် ရုံးပိတ်ရက်များ မကျန်လုပ်ဆောင်နေမှုများ၊ ပွင့်လင်းမြင်သာမှုနှင့် အခြေအနေအလိုက် လိုအပ်သလိုပြုပြင်ပြောင်းလဲဆောင်ရွက်မှုများကို အသိအမှတ်ပြု ချီးကျူးပါကြောင်း၊

• မိမိတို့အနေဖြင့် ဝန်ကြီးဌာန၊ ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများကို ပံ့ပိုးမှုများဆက်လက်ပြုလုပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမီရရှိရေးရန်ပုံငွေ (Access to Health Fund) မှ COVID-19 တုံ့ပြန်ဆောင်ရွက်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာပစ္စည်းများနှင့် ဓာတ်ခွဲပစ္စည်းများ လွှဲပြောင်းပေးအပ်မှုကို လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

 

     ယနေ့ပြုလုပ်သော လွှဲပြောင်းပေးအပ်မှုအခမ်းအနားတွင် ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမီ ရရှိရေးရန်ပုံငွေ (Access to Health Fund) သည် အမေရိကန်ဒေါ်လာ (၆.၂) သန်းတန်ဖိုးရှိ COVID-19 တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ပစ္စည်းများဖြစ်သည့် တစ်ကိုယ်ရေရောဂါကာကွယ်ရေးဝတ်စုံ (၂၂၀,၀၀၀) ခု (ဝန်ကြီးဌာနအတွက် ၁၂၀,၀၀၀ နှင့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများအတွက် ၁၀၀,၀၀၀)၊ RT-PCR reagent (၁၅၇,၆၀၀) ခု၊ COBAS tests (၃၀,၀၀၀) ခု၊ additional reagent (၆,၈၀၀)၊ RNA extraction kit (၂၅,၀၀၀) ခု၊ Viral transport media (၁၀၀,၀၀၀) ခု၊ Laboratory freezer (၁) ခု၊ high-speed centrifuge (၂) ခု၊ QIA cube connect automated extraction machine (၂) ခု၊ air-conditioned containers (၂) ခု တို့အား လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

     ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမီရရှိရေးရန်ပုံငွေ (Access to Health Fund) သည် ယနေ့အချိန်အထိ မြန်မာနိုင်ငံ၏ COVID-19 တုံ့ပြန်ဆောင်ရွက်မှုများအတွက် အမေရိကန်ဒေါ်လာ (၁၃.၈) သန်း ပံ့ပိုးပြီး ကတိကဝတ်ထားလုပ်ဆောင်နေပါသည်။

More Tags