အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် COVID-19 ကာကွယ်တားဆီးရေး ကြိုတင်ပြင်ဆင်မှုများဆိုင်ရာ ဗဟိုအဆင့်ညှိနှိုင်းမှုအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်အတူ ယနေ့၊ နံနက် (၁၀) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ပြုလုပ်ခဲ့သည့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် COVID-19 ကာကွယ်တားဆီးရေး ကြိုတင်ပြင်ဆင်မှုများဆိုင်ရာ ဗဟိုအဆင့်ညှိနှိုင်းမှုအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

 

     အစည်းအဝေး၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က အမှာစကားပြောကြားရာတွင် -

• မိမိတို့ မြန်မာနိုင်ငံတွင် ယနေ့အထိ COVID-19 ဖြစ်ပွားသူလူနာ (၃၃၆) ဦးရှိပြီး လူနာများ၏ (၇၉) ရာခိုင်နှုန်းဖြစ်သော (၂၆၁) ဦးသည် ရောဂါပိုးကင်းစင်သွားခဲ့ပြီး ယခုလက်ရှိတွင် ဆေးရုံအသီးသီး၌ ကုသမှုခံယူနေသော COVID-19 လူနာများ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသမှု ခံယူနေရသူ တစ်ဦးမျှ မရှိပါကြောင်း၊

• ယခုအချိန်၌ COVID-19 ဖြစ်ပွားမှုများကို ဆန်းစစ်ကြည့်ပါက ကူးစက်သူများ၏ (၅၂) ရာခိုင်နှုန်းသည် ပြည်ပမှဝင်ရောက်လာသူများဖြစ်ပါကြောင်း၊

• COVID-19 စတင်ဖြစ်ပွားချိန်မှစ၍ အထူးကြပ်မတ်ကုသမှုခံယူခဲ့ရသူ (၁၉) ဦးရှိပြီး၊ အသက်ရှုစက် (ventilator) အသုံးပြုခဲ့ရသော လူနာမှာ (၅) ဦးသာရှိပါကြောင်း၊

 

• အခြေခံပညာအထက်တန်းကျောင်းများပြန်လည်ဖွင့်လှစ်ချိန်၌ မိမိတို့သတိပြုရမည်မှာ လူနာအားလုံး၏ (၆၀) ရာခိုင်နှုန်းသည် မည်သည့် ရောဂါလက္ခဏာမျှမပြသဘဲ ရောဂါပိုးရှိနေသည်ဆိုသည့်အချက် ဖြစ်ပါကြောင်း၊

• ဤအချက်ကိုနောက်ခံထား၍ မိမိတို့ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများဖွင့်ရာ၌ ရောဂါကူးစက်မှုမရှိရန်အတွက် ယခုကဲ့သို့ ထပ်မံတွေ့ဆုံဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊

• ထိုသို့ ရောဂါပြန့်ပွားကူးစက်ခြင်းများမရှိစေရန်အတွက် အခြေခံပညာကျောင်းများ ပြန်လည်မဖွင့်လှစ်မီတွင် COVID-19 ကာကွယ်ရေးနည်းလမ်းများကို ဖြန့်ဝေထားရှိမှု၊ ကျောင်းအုပ်ကြီး၊ ဆရာ/ ဆရာမများ၊ မိဘများနှင့် ကျောင်းသား/သူများက အဆိုပါ လမ်းညွှန်ချက်များကို သိရှိလိုက်နာဆောင်ရွက်မှုနှင့် ကျောင်းအလိုက် ရောဂါကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုများသည် အဆင်သင့်ဖြစ်နေရန် အရေးကြီးပါကြောင်း၊

 

• အခြေခံပညာကျောင်းများ၌ ရောဂါကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအား ကျောင်းများ မဖွင့်လှစ်မီတွင် ဝန်ကြီးဌာနနှစ်ခုမှ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်တာဝန်ရှိသူများ ပူးပေါင်းကာ ဆန်းစစ်မှုပုံစံ (checklist) များအသုံးပြု၍ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊

• ထိုသို့စစ်ဆေးရာတွင် ကြိုတင်ပြင်ဆင်မှုများပြည့်စုံရန်အတွက် ပံ့ပိုးရန်လိုအပ်နေသေးသည့် ကျောင်းများအား အမြန်ဆုံးပံ့ပိုးဖြည့်ဆည်းကာ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန် တစ်လျှောက်လုံးတွင်လည်း ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် စည်းကမ်းလိုက်နာ ဆောင်ရွက်မှုအခြေအနေများကို ပုံမှန်နှင့် ရှောင်တခင် စစ်ဆေးခြင်းနှင့် စောင့်ကြည့်ဆန်းစစ်အကဲဖြတ်ခြင်း (monitoring) အား ဆန်းစစ်ခြင်းစာရင်းပုံစံ (checklist) များ အသုံးပြု၍ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

 

• ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီးနောက် COVID-19 သံသယလက္ခဏာများရှိသူတစ်ဦးကို အတန်းတစ်ခုတွင် တွေ့ရှိပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်း တာဝန်ရှိသူများ အားလုံးက သိရှိထားရမည်ဖြစ်ပါကြောင်း၊

• ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းကာ ရေးဆွဲထားသည့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ အသီးသီးတို့အတွက် နေအိမ်မှ ကျောင်းသို့လာချိန်၊ ကျောင်းစာသင်ခန်းသို့ သွားချိန်၊ စာသင်ကြားချိန်၊ နားနေချိန်နှင့် ကျောင်းဆင်းချိန် တို့တွင် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များနှင့် လမ်းညွှန်ချက်များအား အတိအကျလိုက်နာ ဆောင်ရွက်ရန်အတွက် ဆရာ၊ ဆရာမများသာမက မိဘများ၏ ပူးပေါင်းဆောင်ရွက်မှုအခန်းကဏ္ဍသည်လည်း အရေးကြီးပါကြောင်း၊

• သက်ဆိုင်ရာ အခြေခံပညာကျောင်းအလိုက် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် မိဘ ဆရာအသင်းဝင်များသည် မြို့နယ် ပညာရေးနှင့် ကျန်းမာရေးတာဝန်ရှိသူများ ပုံမှန်တွေ့ဆုံညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက -
• COVID-19 ကပ်ရောဂါကာလတွင် အခြေခံပညာအထက်တန်းအဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သင်ယူမှုမဆုံးရှုံးရေး၊ ထိတွေ့မှုလျော့ချခြင်း၊ လူအုပ်စု မဖြစ်ပေါ်ရေး အဓိက စီစဉ်ထားပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် အခြေခံပညာအထက်တန်း အဆင့် ကျောင်းစုစုပေါင်း (၅,၆၃၃)ကျောင်း ရှိပါကြောင်း၊ ပုံမှန်ဖွင့်နိုင်မည့် အထက်တန်းကျောင်း(၆၁၇)ကျောင်း၊ တစ်ပတ်ခြား အထက်တန်းကျောင်း (၂,၄၇၁)ကျောင်း၊ တစ်ပတ်ခြား နှစ်သုတ်တက် အထက်တန်းကျောင်း (၂,၄၀၁)ကျောင်း၊ တစ်ပတ်ခြားနှစ်သုတ် (၃)ရက်ခြားတက် အထက်တန်းကျောင်း (၁၄၄)ကျောင်း စီစဉ်ထားရှိပါကြောင်း၊
ဘုန်းတော်ကြီးသင်အထက်တန်းကျောင်း(၃)ကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်း (၁၀၀၀) ကျောင်းရှိပါကြောင်း၊ အထက်တန်းကျောင်းသား စုစုပေါင်း (၁.၂) သန်း ဝန်းကျင်ရှိပါကြောင်း၊

• သို့သော် COVID-19 ကပ်ရောဂါကာလတွင် ကျန်းမာရေးနှင့် ညီညွတ်သော ဝန်းကျင်ဖြစ်ရန်အတွက် စုစုပေါင်း မူ/ လယ်/ ထက် ကျောင်းသားဦးရေနှင့် စာသင်ခန်း၊ စာသင်ခုံ၊ ဆရာဦးရေတို့အရလည်းကောင်း၊ ကျောင်းသားတစ်ဦးလျှင် (၃၆) စတုရန်းပေအရလည်းကောင်း စာသင်ခန်းတစ်ခန်းတွင် (၂၀)ဦးအတွက်သာ ခုံစီထားပါသဖြင့် အများဆုံးပုံမှန်ဖွင့်သောကျောင်းများ၊ တစ်ပတ်ခြားကျောင်းများ၊ တစ်ပတ်ခြား နှစ်သုတ်တက်ကျောင်းများ၊ တစ်ပတ်ခြား နှစ်သုတ် (၃) ရက်တက်ကျောင်းများ စီစဉ်ထားရှိပါကြောင်း၊

 

• မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ ဆရာ ဆရာမများ အားလုံး (၄၀၀,၄၄၄)ဦးရှိ၍ သင်ရိုးသစ် သင်ကြားသင်ယူမှုနည်းလမ်းသင်တန်းများတွင် အွန်လိုင်းသင်တန်း၊ ကာလတို အရည်အသွေးမြှင့် မွမ်းမံသင်တန်းများ တက်ရောက်ခဲ့ကြသလို ကျန်းမာရေးအသိပညာပေး သင်တန်းများကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းပြုစုထားသော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေး ဆရာ ဆရာမများ၊ မိဘများနှင့် ကျောင်းသားကျောင်းသူများ လိုက်နာရမည့်အချက်များ၊ ကျောင်းအပ်နှံရေးနှင့် ကျောင်းများပြန်လည်ဖွင့်လှစ်ရေး စီမံချက်တို့ကိုလည်း တိကျစွာလိုက်နာ ဆောင်ရွက်ရန်အတွက် ဖြန့်ဝေခြင်း၊ အင်တာနက်ဝက်ဆိုက်ဒ်တွင် အသိပေးထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ထားရှိပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားရှိသော အကြံပြုချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ တာဝန်ခွဲဝေဆောင်ရွက်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဦးဆောင်၍ နည်းပညာပိုင်းဆိုင်ရာ SOP/Guideline များ ထုတ်ပြန်ခြင်းနှင့် အဆင့်ဆင့်လမ်းညွှန်ခြင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ကျောင်းကျန်းမာ)နှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့အတွက်လည်း စီစဉ်ထားရှိပါကြောင်း၊ ကျောင်းသား၊ ဆရာများအားလုံးတို့ကိုလည်း ပြန်လည်အသုံးပြု၍ရသည့် အဝတ်ဖြင့် ပြုလုပ်ထားသော ပါးစပ်နှင့်နှာခေါင်းစည်း (၂)ခုနှင့် မျက်နှာကာ(၁)ခုစီ အခမဲ့ဖြန့်ဝေပေးရန် စီစဉ် ထားရှိပါကြောင်း၊

 

• အသက်ကြီးသူများ ကျောင်းပို့ကြိုမပြုလုပ်ရန်၊ ကျောင်းပို့ကြိုသူတစ်ဦးသာသတ်မှတ်၍ ကျောင်းပို့ ကြိုသူ၊ ကျောင်းကြိုပို့ယာဉ် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်သူ တို့၏ နေရပ်လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်များ မှတ်တမ်းတင်ထားရှိရန်၊ ကျောင်းသို့ရောက်ရှိပါက (၆)ပေခြား တန်းစီ၍ ကိုယ်ပူချိန် တိုင်းတာရန် စီစဉ်ထားရှိပါကြောင်း၊ ကိုယ်ပူချိန်မြင့်သူ ရှိပါကလည်း အရန်ခန်းတွင် ခေတ္တထားရှိ၍ ကိုယ်ပူချိန်ပြန်လည်တိုင်းမည် ဖြစ်ပါကြောင်း၊ ကိုယ်ပူချိန်မြင့်မားသူ၊ ဖျားနာသူများကိုလည်း ခွင့်တိုင်ကြားရန်နှင့် ဆေးရုံတွင် ဆေးကုမှုခံယူရန်လည်း စီစဉ်ထား ရှိပါကြောင်း၊ ဆေးရုံ၊ ဆရာဝန်၊ သူနာပြုများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များလည်း စီစဉ်ထားရှိမည်ဖြစ်ပါကြောင်း၊

• တစ်ဦးနှင့်တစ်ဦး (၆)ပေစီခြား၍ စနစ်တကျ ရေနှင့်ဆပ်ပြာဖြင့် လက်ဆေးခြင်း သို့မဟုတ် လက်ဆေးဂျယ်ဖြင့် လက်ဆေးခြင်း၊ တစ်ဦးနှင့် တစ်ဦး (၆)ပေစီခြား၍ စာသင်ခန်းအတွင်းသို့ ဝင်ရောက်၍ သတ်မှတ်နေရာယူခြင်းတို့ကိုလည်း စီစဉ်ထားရှိပါကြောင်း၊ ကျောင်းမုန့်ဆိုင်ခန်းများ ဖွင့်ခွင့်မပြုထားပါကြောင်း၊ ကျောင်းတွင် ခဲတံ၊ ပေတံ၊ ခဲဖျက်၊ စာအုပ် စသည့် ပစ္စည်းများ လဲလှယ်ခွင့်မပြုပါကြောင်း၊

• တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်မှု စိစစ်ခဲ့သော်လည်း ကျောင်းအလိုက် အသေးစိတ် ပြန်လည် သုံးသပ်ခြင်းတို့ကို စိစစ်မှုမရှိသေးသော်လည်း ပူးပေါင်းဆောင်ရွက်သွား လိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ကျန်းမာရေးကဏ္ဍမှ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုတင်ပြခဲ့ပါသည်။

     ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းတို့က COVID-19 အန္တရာယ်ကင်းရှင်းစွာဖြင့် စာသင်ကျောင်းများဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

     ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချူပ် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးတို့က COVID-19 အန္တရာယ်ကင်းရှင်းစွာဖြင့် စာသင်ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်၊
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် COVID-19 ရောဂါကာကွယ်တားဆီးရေး နည်းပညာပံ့ပိုးမှုကော်မတီဝင်များက အထွေထွေဆွေးနွေးခြင်းနှင့် အကြံပြုခြင်း များကို ဆောင်ရွက်ခဲ့ကြပါသည်။

More Tags