COVID-19 ဓါတ်ခွဲစစ်ဆေးနိုင်မှု ပမာဏနှင့်စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရေး ညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၁၄) ရက် နေ့

     ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ နံနက်ပိုင်းအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၄)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသော COVID-19 ရောဂါဓါတ်ခွဲစစ်ဆေးနိုင်မှု ပမာဏနှင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရေး ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကားပြော ကြားခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင်-

• ယခုအချိန်ကာလ၌ မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားမှုအနေဖြင့် ပြည်တွင်းကူးစက်မှု မရှိသလောက်ဖြစ်နေပြီး ပိုးတွေ့ရှိမှုနှုန်းများသည် မြင့်မားလာခြင်းမရှိဘဲ ပြည်ပမှပြန်လာ သူများတွင်သာ တွေ့ရှိနေရပါကြောင်း၊

• သို့ရာတွင် မြန်မာနိုင်ငံတွင် တွေ့ရှိရသော COVID-19 ဓါတ်ခွဲအတည်ပြုလူနာများ၏ ၆၀ % ခန့်သည် ရောဂါလက္ခဏာတစ်စုံတစ်ရာ မတွေ့ရှိရသူများဖြစ်ခြင်းကြောင့် လူထုအတွင်း ရပ်ကွက်၊ ကျေးရွာများအတွင်း ရောဂါလက္ခဏာမပြဘဲ COVID-19 ဗိုင်းရပ်စ်ပိုး ကူးစက်နေသူများမှတဆင့် ရောဂါဖြစ်ပွားမှုများ ရုတ်တရက်များပြားလာနိုင်သည် ဆိုသည့်အချက်ကို ဂရုပြုရမည်ဖြစ်ပါကြောင်း၊

 

• မိမိတို့အနေဖြင့် COVID-19 သံသယလက္ခဏာရှိသောလူနာများ (Person Under Investigation -PUI) အားလုံးကို ဓါတ်ခွဲစစ်ဆေးလျက်ရှိပြီး ယခုအခါ PUI လူနာအရေအတွက်သည် လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နည်းပါးလာသဖြင့် ကောင်းသောလက္ခဏာဖြစ်ပါကြောင်း၊

• သို့ရာတွင် ဤကဲ့သို့ PUI လူနာနှင့် အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုရသူ အရေအတွက် နည်းပါးလာနေသော်လည်း မိမိတို့အနေဖြင့် နေ့စဉ် COVID-19 ဓါတ်ခွဲ စစ်ဆေးမှု အရေအတွက်ကို ပိုမိုတိုးမြှင့်စစ်ဆေးရန်လိုအပ်ပါကြောင်း၊ သို့မှသာ နိုင်ငံအတွင်း COVID-19 ကူးစက်မှုမရှိကြောင်းကို သက်သေပြနိုင်မည်ဖြစ်ပါကြောင်း၊

 

• ရောဂါကူးစက်ခံရနိုင်ချေများသော ဆေးရုံဝန်ထမ်းများ၊ သတ်မှတ်နေရာအဆောက်အဦများ၌ အသွားအလာကန့်သတ်စောင့်ကြည့်ခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြရသူများနှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် နယ်စပ်ဝင်/ ထွက်ပေါက်များတွင် တာဝန်ထမ်းဆောင်နေကြရသော ကျန်းမာရေးဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာဝန်ထမ်းများကိုလည်း ဓါတ်ခွဲစစ်ဆေးနိုင်ရန်အတွက် လက်ရှိ COVID-19 ဓါတ်ခွဲစစ်ဆေးနိုင်မှု ပမာဏနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ရန် လိုအပ်လျက်ရှိပါကြောင်း၊

• အခြားဓါတ်ခွဲနမူနာများ ရယူစစ်ဆေးသင့်သည်သူများကိုလည်း ဆွေးနွေးဆုံးဖြတ်ကြရမည်ဖြစ်ပါကြောင်း၊

 

• လက်ရှိ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) အပါအဝင် ဆေးသုတေသနဦးစီးဌာန၊ မန္တလေးနှင့်မော်လမြိုင်မြို့တို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနများ၏ တစ်ရက်လျှင် အများဆုံးစစ်ဆေးပေးနိုင်သော အရေအတွက်ပမာဏ၊ COVID-19 ဓါတ်ခွဲစစ်ဆေးသည့်စက် ဓါတ်ခွဲပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၊ ဓါတ်ခွဲခန်းများ၏ ဇီဝလုံခြုံမှုအဆင့်အတန်း၊ အတတ်ပညာရှင်နှင့် လူအင်အားအခြေအနေ လိုအပ်ချက်များကို ဆန်းစစ်သုံးသပ်ပြီး ဓါတ်ခွဲစစ်ဆေးနိုင်မှု ပမာဏနှင့်စွမ်းဆောင်ရည်ကို ယခုထက်ပိုမိုမြင့်မားလာစေရန် အစီအစဉ်များ ချမှတ် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်(ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ်(ဆေးသုတေသနဦးစီးဌာန) ဒေါက်တာဇော်သန်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓါတ်ခွဲ) ဒေါက်တာဌေးဌေးတင်တို့က ဓါတ်ခွဲဌာနအသီးသီးမှ နေ့စဉ်ဓါတ်ခွဲစစ်ဆေးပေးနိုင်မှုအခြေအနေ၊ အများဆုံးစစ်နိုင်သည့် ပမာဏ၊ ထပ်မံတိုးချဲ့စစ်ဆေးနိုင်ရန် အဏုဇီဝဗေဒ ပညာရှင်နှင့် ဓါတ်ခွဲပညာရှင်၊ ဓါတ်ခွဲပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများလိုအပ်ချက်၊ ဓါတ်ခွဲလူနာ ရယူရန်လိုအပ်ချက်၊ လက်ရှိအသုံးပြုနေသည့် RT-PCR စက်၊ Cobas 6800 စက်တို့အပြင် Gene X-pert စက်များဖြင့် ခရိုင်အဆင့်ဆေးရုံများတွင် တိုးချဲ့စစ်ဆေးမည့်အစီအစဉ်၊ ဓါတ်ခွဲနမူနာများ ရယူစစ်ဆေးသင့်သည့်သူများအပါအဝင် ရေတို၊ ရေရှည်ကာလအတွက် COVID-19 ဓါတ်ခွဲ စစ်ဆေးနိုင်မှု စွမ်းဆောင်ရည်မြင့်မားစေရေး ကိစ္စရပ်များကို Videoconferencing စနစ် ဖြင့် ဆွေးနွေးကြပါသည်။

 

More Tags