COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် COVID-19 ဖြစ်ပွားမှုအခြေအနေ၊ စိန်ခေါ်မှုနှင့် အခက်အခဲများ၊ ဝန်ကြီးဌာနမှ ဦးစားပေးအနေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခြင်း အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၉) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် Videoconferencing စနစ်ဖြင့်ပြုလုပ်ခဲ့သော "COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် COVID-19 ဖြစ်ပွားမှုအခြေအနေ၊ စိန်ခေါ်မှုနှင့် အခက်အခဲများ၊ ဝန်ကြီးဌာနမှ ဦးစားပေးအနေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခြင်း" အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

 

     အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• မိမိတို့ မြန်မာနိုင်ငံတွင် ယနေ့အထိ COVID-19 ဖြစ်ပွားသူလူနာ (၃၁၈) ဦးရှိပြီး လူနာမျာ၏ (၈၀) ရာခိုင်နှုန်းဖြစ်သော (၂၅၄) ဦးသည် ရောဂါပိုးကင်းစင်သွားခဲ့ပြီဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားမှုများကို ဆန်းစစ်ကြည့်ပါက (၅၀) ရာခိုင်နှုန်းသည် ပြည်ပမှ ကူးစက်ဝင်ရောက်ခြင်းဖြစ်ပါကြောင်း၊ လတ်တလောကာလတွင် တွေ့ရှိရသော လူနာသစ်များမှာလည်း ပြည်ပနိုင်ငံမှ ကူးစက်လာခဲ့ခြင်းဖြစ်ပါကြောင်း၊

• ယနေ့အထိ COVID-19 ဓာတ်ခွဲစစ်ဆေးသူစုစုပေါင်း (၈၈,၂၃၄) ဦးအား စစ်ဆေးခဲ့ရာ သံသယ/ စောင့်ကြည့်လူနာများ၌ (၀.၉) ရာခိုင်နှုန်း၊ အသွားအလာကန့်သတ်ထားသူများ၌ (၀.၂) ရာခိုင်နှုန်း၊ ဓာတ်ခွဲအတည်ပြုလူနာနှင့်ထိတွေ့ခဲ့သူများ၌ (၃) ရာခိုင်နှုန်းနှင့် စစ်ဆေးသူစုစုပေါင်း၏ (၀.၃၆) ရာခိုင်နှုန်းတွင်သာ COVID-19 ပိုးတွေ့ရှိခဲ့ပါကြောင်း၊

 

• COVID-19 စတင်ဖြစ်ပွားချိန်မှစ၍ အထူးကြပ်မတ်ကုသမှုခံယူခဲ့ရသူ (၁၉) ဦးရှိပြီး၊ အသက်ရှုစက်အသုံးပြုခဲ့ရသော လူနာမှာ (၅) ဦးသာရှိပါကြောင်း၊ လူနာအားလုံး၏ (၅၈) ရာခိုင်နှုန်းသည် မည်သည့် ရောဂါလက္ခဏာမျှမပြသဘဲ ရောဂါပိုးရှိနေပါကြောင်း၊

• ယခုလက်ရှိတွင် ဆေးရုံအသီးသီး၌ သီးခြားထားရှိကုသမှုခံယူနေသော လူနာများ၏ ကျန်းမာရေးအခြေအနေမှာကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသမှုခံယူနေရသူ တစ်ဦးမျှ မရှိပါကြောင်း၊

• အသွားအလာကန့်သတ်ထားရှိရာနေရာနှင့် လူအရေအတွက်မှာ အပတ်စဉ်နှင့်အမျှ နည်းပါးလာပြီး ယခုလက်ရှိတွင် အသွားအလာကန့်သတ်ထားရှိရာနေရာ (quarantine site) (၆,၁၁၄) ခုနှင့် အသွားအလာကန့်သတ်ထားရှိသူ (၂၃,၇၈၀) ဦး ရှိပါကြောင်း၊

 

• သို့ရာတွင် ယခုလတ်တလောကာလတွင် ပြည်ပမှ ဝင်ရောက်မှုများအနေဖြင့် ကုန်းလမ်းကြောင်းများမှ တစ်နေ့လျှင်ပျမ်းမျှ (၁,၂၀၀) ဦးခန့်ဝင်ရောက်နေဆဲ ဖြစ်ပါကြောင်း၊

• သက်ဆိုင်ရာ နှီးနွှယ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနတို့ လက်တွဲပူးပေါင်းကာ အသွားအလာကန့်သတ်ခြင်း (quarantine) လုပ်ငန်းများကို စနစ်တကျအားဖြည့်ဆောင်ရွက်ပါက COVID-19 ကူးစက်မှု ဒုတိယလှိုင်းဖြစ်ပွားရန် အလားအလာနည်းပါးမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးများက ဆက်လက် ဦးဆောင်၍ပံ့ပိုးစေလိုပါကြောင်း၊

• ယခုအခါ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ COVID-19 ဗိုင်းရပ်စ်ပိုး သည် လေမှတစ်ဆင့် ပြန့်လွှင့်ပြီး (airborne) ကူးစက်နိုင်ခြေများစွာရှိသည့် အထောက်အထားများ တွေ့ရှိလာရ သဖြင့် မိမိတို့အနေဖြင့် ဤ ရောဂါ၏ ကူးစက်နိုင်စွမ်းကို ပိုမို၍ အထူးသတိပြုကာ ရောဂါကာကွယ်ရေးနည်းလမ်းများကို ဝန်ကြီးဌာနအနေဖြင့် လိုအပ်သလို ပြုပြင်ပေးမည်ဖြစ်ပါကြောင်း၊

 

• လုပ်ငန်းလည်ပတ်ရန် သင့်လျော်ကြောင်း စစ်ဆေးတွေ့ရှိရ၍ ဖွင့်လှစ်ခွင့်ပြုခဲ့သည့် စက်ရုံ၊ အလုပ်ရုံများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ရှောင်တခင်ဝင်ရောက်၍ တိုက်ဆိုင်စစ်ဆေးမှုပုံစံ (checklist) များဖြင့် ကြည့်ရှုစစ်ဆေးရန် မိမိအနေဖြင့် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊

• ပြည်သူများအား အသံချဲ့စက်များဖြင့် ရောဂါကာကွယ်ရေးနည်းလမ်းများ အသိပညာပေးနှိုးဆော်မှု များ လုပ်ဆောင်မှုနည်းပါးလာသည်ကို တွေ့ရှိရသဖြင့် လူမှုရေးဝန်ကြီးများအနေဖြင့် ဤကိစ္စအား ပြန်လည်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် ပံ့ပိုးပေးစေလိုပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများအနေဖြင့် ဝန်ကြီးဌာနမှ ပြုစုထုတ်ဝေထားသော COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်များနှင့် ကျန်းမာရေးအသိပညာပေးချက်များကို စုစည်းထားရှိရမည်ဖြစ်ပါကြောင်း၊

 

• တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများသည် ကျွမ်းကျင်မှု ပိုင်းဆိုင်ရာကိစ္စများ၌ စွမ်းရည်မြင့်မားသူများ ဖြစ်စေရန်အတွက် ဝန်ကြီးဌာနမှ နေ့စဉ် ထုတ်ပြန်လျက်ရှိသော COVID-19 ရောဂါဖြစ်ပွားမှု ခြုံငုံသုံးသပ်မှုအခြေအနေ နှင့် ဆန်းစစ်ချက် အကျဉ်းချုပ်တို့ကိုလည်း အမြဲတမ်းလေ့လာသုံးသပ်စေလိုပါကြောင်း၊

• မိမိအနေဖြင့် အရေးကြီးသည့် COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များကို ဝန်ကြီးဌာန၏ တရားဝင်အီးမေးလ်မှ တစ်ဆင့် နေ့စဉ်နီးပါး ပေးပို့လျက်ရှိသဖြင့် အီးမေးလ်ကို အမြဲကြည့်ရှု၍ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း၊

• Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က Videoconferencing စနစ်ဖြင့် ကဏ္ဍပေါင်းစုံမှ ပညာရှင်များ၊ ပြည်သူများနှင့် ဆွေးနွေးပြောကြားရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ မှာကြားချက်များနှင့် ပြည်သူများ၏ တင်ပြချက်များမှာ အရေးကြီးသဖြင့် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်သင့်သည်ကိစ္စရပ်များကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

• တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနများအနေဖြင့် မြန်မာနိုင်ငံဆရာဝန် အသင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း တို့နှင့် ဆက်လက်ပူးပေါင်း၍ COVID-19 ကိစ္စများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျချိန်သားကိုက် ချိတ်ဆက်ဆောင်ရွက်မှု (systematic synchronized coordination) နှင့် လုပ်ငန်းတာဝန်ခွဲဝေဆောင်ရွက်မှု (division of labour) တို့သည် အရေးကြီး ပါကြောင်း၊

• COVID-19 ကဲ့သို့သော ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်မှုလုပ်ငန်းများလုပ်ဆောင်ရာတွင် မိမိတို့အနေဖြင့် လစ်ဟာမှုများမရှိစေရေး အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊

• ယနေ့အစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး (၁၇) ဦး အနေဖြင့် COVID-19 ကာကွယ်ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ဆန်းစစ်သုံးသပ်ချက်များ၊ ရှေ့ဆက်လက် ဆောင်ရွက်မည်များနှင့် လိုအပ်ချက်များကို ပွင့်လင်းစွာဖြင့် တင်ပြ ကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့များမှ လူမှုရေးဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များတွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပံ့ပိုးပါဝင်ဆောင်ရွက် နေမှုများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် တင်ပြဆွေးနွေးခဲ့ရာ -

• အသွားအလာကန့်သတ်မှုလုပ်ငန်းစီမံခန့်ခွဲမှု အခြေအနေ၊ လုပ်ငန်းဆန်းစစ်သုံးသပ်ချက်များ၊

• သံသယ/ စောင့်ကြည့်လူနာများ၏ ဓာတ်ခွဲနမူများ ပေးပို့စစ်ဆေးမှုအခြေအနေ၊

• တောင်ကြီးမြို့နှင့် လားရှိုးမြို့များတွင် ပြည်သူ့ကျန်းမာရေးဆိုင်ရာဓာတ်ခွဲဌာနများ ထူထောင်ကာ COVID-19 ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ရန်ကိစ္စရပ်များ၊

• ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု အခြေအနေ၊

• အသွားအလာကန့်သတ်မှုလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများ နည်းပါးလာမှု၊

• စေတနာ့ဝန်ထမ်းများအတွက် အထွေထွေစရိတ်များလိုအပ်မှု၊

• နယ်စပ် ဝင်ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုရေးအဖွဲ့များကို အမြဲတမ်းထားရှိသွားရန်၊

• ယခုအခါ ရောဂါကူးစက်ဖြစ်ပွားမှုများ နည်းပါးလာခြင်းကြောင့် ပြည်သူအများသည် ပေါ့ဆမှုရှိလာပြီ နှာခေါင်းနှင့်ပါးစပ်စည်း (mask) များတပ်ဆင်မှုအားနည်းလာခြင်း အပါအဝင် ရောဂါကာကွယ်ရေး နည်းလမ်းများကို လိုက်နာမှုအားနည်းလာခြင်း ကိစ္စရပ်များ၊

• လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ရှိရသော အခက်အခဲများနှင့် လိုအပ်ချက်များအား ဆွေးနွေးတင်ပြခဲ့ကြပါသည်။

 

     ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော် နှင့် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးတို့က ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

     ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးခြင်းနှင့် အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

     ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးအား ညနေပိုင်းတွင် ရုတ်သိမ်းခဲ့ပါသည်။

More Tags