နေပြည်တော်မြို့ဝင်/ မြို့ထွက်ဂိတ်များနှင့် မော်တော်ယာဉ်ဂိတ်များတွင် ပြေးဆွဲမောင်းနှင်သည့် ယာဉ်များနှင့် ခရီးသည်များအား COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၈) ရက်

     နေပြည်တော်မြို့ဝင်/ မြို့ထွက်ဂိတ်များနှင့် မော်တော်ယာဉ်ဂိတ်များတွင် ပြေးဆွဲမောင်းနှင်သည့် ယာဉ်များနှင့် ခရီးသည်များအား COVID-19 ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးနှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ(၁)တွင် ယနေ့မွန်းလွဲ (၁:၀၀)နာရီတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

 

     နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ နေပြည်တော်ကောင်စီ၏ လမ်းညွှန်ချက်အရ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအနက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် နေပြည်တော်မြို့ဝင်/ မြို့ထွက်ဂိတ် များနှင့် မော်တော်ယာဉ်ဂိတ်များတွင် ပြေးဆွဲမောင်းနှင်သည့် ယာဉ်များနှင့် ခရီးသည်များအား စစ်ဆေးသည့် လုပ်ငန်းတွင် သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

     ဒုတိယနေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးမာမှ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အညီ လိုက်နာဆောင်ရွက် ရမည့် စည်းကမ်းချက်များအား အကျယ်အဝင့် ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များမှ မိမိတို့ဌာနအလိုက် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ပထမအဆင့်အနေဖြင့် ယာဉ်လိုင်းများနှင့် ခရီးသည်များအား ပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဒုတိယအဆင့်အနေဖြင့် အရေးယူခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြပြီး ညှိနှိုင်းအစည်းအဝေးကို မွန်းလွဲ (၃:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

More Tags