ပြည်နယ်အဆင့် မိခင်သေဆုံးမှု စိစစ်တုံ့ပြန်ဆောင်ရွက်ခြင်း၏ ၂၀၂၀ ခုနှစ် ပထမ (၃) လပတ် နှင့် ဒုတိယ (၃) လပတ် အစည်းအဝေးကျင်းပပြုလုပ်

မော်လမြိုင်မြို့၊၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၃) ရက်

     မော်လမြိုင်မြို့တွင် ပြည်နယ်အဆင့် မိခင်သေဆုံးမှု စိစစ်တုံ့ပြန်ဆောင်ရွက်ခြင်းအဖွဲ့၏ ၂၀၂၀ ခုနှစ် ပထမပတ် (၃) လပတ်နှင့် ဒုတိယ (၃) လပတ် အစည်းအဝေးကို UNFPA အထောက်အပံ့ဖြင့် ဇူလိုင်လ (၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးဒေါက်တာထွန်းအောင်ကြည်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးသည် ကျင်းပပြုလုပ်သင့်သောအစည်းအဝေး ဖြစ်ကြောင်း၊ မိခင်သေဆုံးမှုကျဆင်းရေးအတွက် လိုအပ်ချက်များကို ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ကော်မတီဝင်များ ပူးပေါင်းဖြေရှင်းရန် လိုအပ်ကြောင်း စသည်တို့ကို ထည့်သွင်းပြောကြားခဲ့ပါသည်။

 

     ထို့နောက် ၂၀၂၀ခုနှစ် ပထမပတ်(၆)လပတ် အတွင်း မိခင်(၂၁)ဦးသေဆုံးမှုဖြစ်စဉ် အသေးစိတ်ကိုဆွေးနွေးခဲ့ကြပြီး ၊ သေဆုံးရသော အကြောင်းအရင်းများ၊ နှောင့်နှေးမှုများကို သုံးသပ် ခဲ့ကြပြီး အလားတူမိခင်သေဆုံးမှု မဖြစ်ပွားစေရန်အတွက် ပြည်နယ်/ခရိုင်/မြို့နယ် ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (၁၆)ချက်ကို ချမှတ်ခဲ့ပါသည်။

     အဆိုပါအစည်းအဝေးသို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဒုတိယ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ အထွေထွေရောဂါကုဆေးရုံကြီး(မော်လမြိုင်)မှ ဆေးရုံအုပ်ကြီး၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး (မော်လမြိုင်)မှဆေးရုံအုပ်ကြီး၊ ပြည်နယ်/ ခရိုင်သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးနှင့်အထူးကု ဆရာဝန်များ၊ ပြည်နယ်ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ ပြည်နယ်မေ့ဆေးဆရာဝန်ကြီး၊ ပြည်နယ်ရောဂါဗေဒ/ဓာတ်ခွဲဆရာဝန်ကြီး၊ လက်ထောက် ညွှန်ကြားရေးမှူးများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ သူနာပြုအုပ်များနှင့် UNFPAမှ တာဝန်ရှိသူများ စုစုပေါင်း(၃၂)ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို မွန်းလွဲ (၁၂:၃၀) အချိန်တွင် ရပ်နားခဲ့ပါသည်။

More Tags