ကျိုက်မရောမြို့နယ်၊ ကျွန်းကုန်းကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်

ကျိုက်မရော၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၁ ရက်

     မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တရနာကျေးလက်ကျန်းမာရေးဌာနပိုင်၊ ကျွန်းကုန်းကျေးရွာမှ သွေးလွန်တုပ်ကွေးရောဂါလူနာတစ်ဦး သေဆုံးခဲ့သည့်အတွက် (၁-၇-၂၀၂၀) ရက်နေ့တွင် ဒေါက်တာ သံလွင်အောင်(ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး-ရောဂါနှိမ်နင်းရေး)နှင့် ဒေါက်တာစည်သူရဲနောင် (လက်ထောက်ညွှန်ကြားရေးမှူး-ရပကန) တို့မှဦးဆောင်၍ အဆိုပါကျေးရွာသို့ ကွင်းဆင်း သွားရောက်၍ သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးမှု (Death Review) မှတ်တမ်းကောက်ယူခြင်းကို ဆောင်ရွက်ခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါအခြေအနေ၊ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

 

     ထို့နောက် ပြည်နယ်(ရပကန)အဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသအာဏာပိုင်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ အဖွဲ့ဝင်များ ပူးပေါင်း၍ ခြင်လောက်လန်းနှိမ်နင်းရေး (ဖုံး၊ သွန်၊ တိုက်ချွတ်၊ လဲ၊ စစ်) လုပ်ငန်း၊ ပိုးလောက်သတ်ဆေး (Abate) ခပ်ခြင်းကို အိမ်ခြေ (၇၇)အိမ်၊ စည်/ကန် (၁၉၅) ခုတွင် ကာကွယ်လူဦးရေ (၂၅၃) ဦးနှင့် ခြင်ဆေးမှုတ်ခြင်းကို အိမ်ခြေ (၃၅) အိမ်တွင် ကာကွယ် လူဦးရေ (၁၄၁) ဦးအား ဆောင်ရွက်ခြင်းဖြင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

 
 

More Tags