ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၀) သို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၁) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ပြုလုပ်ခဲ့သော ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၀) သို့ တက်ရောက်၍အမှာစကား ပြောကြားခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ဝန်ကြီးဌာနရှိ တက္ကသိုလ်များ၏ စွမ်းဆောင်ရည်မြင့်မားမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရည်အသွေးပြည့်ကောင်းမွန်ထိရောက်မှုသည် တိုက်ရိုက်အချိုးကျ ဆက်စပ်နေပါကြောင်း၊

• နိုင်ငံတော်အတွက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ရာတွင် ပညာရပ်ပိုင်း ဆိုင်ရာကျွမ်းကျင်မှုကိုသာမက ကျင့်ဝတ်လိုက်နာဆောင်ရွက်မှု၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်မှု၊ ဖောက်ထွက် စဉ်းစာမှု၊ အခြေအနေအရပ်ရပ်ကို ဘက်ပေါင်းစုံ၊ ရှုထောင့်စုံမှ ထည့်သွင်းစဉ်းစားမှု၊ အသင်းအဖွဲ့ဖြင့် ဆောင်ရွက်မှု၊ ရှေ့သို့မျှော်တွေးဆောင်ရွက်မှု၊ အပြုသဘောတွေးခေါ်လုပ်ဆောင်မှု စွမ်းရည်များ ရရှိစေရန်အတွက် ပါလေ့ကျင့်သင်ကြားကြရမည်ဖြစ်ပါကြောင်း၊

• သုတေသနဆိုင်ရာ သင်ခန်းစာ အကြောင်းအရာများကိုလည်း တက္ကသိုလ် ပညာသင်နှစ်တိုင်းတွင် ထည့်သွင်းသင်ကြားကြရမည်ဖြစ်ပါကြောင်း၊

 

• ဘွဲ့လွန်ဆေးပညာသင်တန်းများ ခေါ်ယူရာတွင်လည်း ရောဂါအမျိုးအစားအလိုက် ဖြစ်ပွားမှု အခြေအနေများ၊ ဆေးပညာဘာသာရပ်အလိုက် လက်ရှိမွေးထုတ်ထားရှိမှုအခြေအနေ၊ တာဝန်ထမ်း ဆောင်နေသည် ဝန်ထမ်းပညာရှင်အရေအတွက်၊ ဘာသာရပ်အလိုက် လတ်တလောကာလနှင့် အနာဂတ်ကာလတွင် လူ့စွမ်းအားအရင်းအမြစ်လိုအပ်မှု၊ လေ့ကျင့်သင်ကြားပေးနိုင်မှု စသည်တို့နှင့် ချိန်ညှိ၍ ဝင်ခွင့်ခေါ်ယူမည့် ပမာဏကို သတ်မှတ်စေလိုပါကြောင်း၊

• ဆေးလက်တွေ့ပညာရပ်ဘွဲ့လွန်သင်တန်းများလေ့ကျင့်သင်ကြားရာတွင် အထူးကုဆရာဝန်ကြီးများ ရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံကြီးများ၌ လက်တွေ့သင်ကြားမှု များအား တွဲဖက်ဆောင်ရွက်စေလိုပါကြောင်း၊
ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဆေးလက်တွေ့ဘွဲ့လွန် သင်တန်းသားများအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံများမှ အတွေ့အကြုံများနှင့် အထူးကု ဆရာဝန်ကြီးများထံမှ အသိပညာများ ပိုမိုရရှိနိုင်မည့်အပြင် တကယ့်လက်တွေ့ မြေပြင်အခြေအနေ၌ ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့် ပုံစံများကို သိရှိနိုင်သည့်အတွက် အထူးအကျိုးရှိပါကြောင်း၊

• ဆေးပညာဘာသာရပ်အသီးသီးမှ ပါမောက္ခ/ ဌာနမှူးများအနေဖြင့် မိမိတို့ဘာသာရပ် ပိုမိုတိုးတက် ဖွံ့ဖြိုးရေးအတွက် အတွေ့အကြုံမြင့်မားသည့် အငြိမ်းစားပညာရှင်များ၊ မိမိတို့ဌာနရှိ ပါမောက္ခများ၊ ကထိကများ၊ လက်ထောက်ကထိကများနှင့် နေရာဒေသတစ်ခုသို့ သွားရောက်၍ အလွတ်သဘော ပွင့်ပွင့်လင်းလင်း အကြံဉာဏ်ဖလှယ်ခြင်းပုံစံဖြင့် တိုင်ပင်ဆွေးနွေးမှု (retreat) များ ပြုလုပ်စေလိုပါကြောင်း၊

 

• ထို့အပြင် ဖွံ့ဖြိုးပြီးနိုင်ငံရှိ တက္ကသိုလ်များတွင် သင်ကြားမှုပုံစံများ၊ သင်ရိုးညွှန်းတမ်းများ၊ စာမေးပွဲစစ်ပုံစစ်နည်းစနစ်များကို လေ့လာသုံးသပ်ပြီး မိမိတို့နိုင်ငံနှင့် သင့်လျော်မည့်နည်းစနစ်များကို ဖော်ထုတ်၍ ဆောင်ရွက်စေလိုပါကြောင်း၊

• ဝန်ကြီးဌာန၏ တက္ကသိုလ်များတွင် အသစ်ဝင်ရောက်လာမည့် ဆရာ၊ ဆရာမများအတွက် သင်ကြားမှုပုံစံနှင့် ဆေးပညာသင်ကြားမှု၏ အခြေခံနိယာမများကို သိရှိကျင့်သုံးနိုင်စေရန် မွမ်းမံ သင်တန်းများကို မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊

• အထူးပြုသူနာပြု ဒီပလိုမာသင်တန်း အမျိုးအစားနှင့် တက်ရောက်သည့် အရေအတွက်ကိုလည်း အမြန်ဆုံး ပိုမိုတိုးမြှင့် ခေါ်ယူစေလိုပါကြောင်း၊

 

• လက်ရှိတွင် ဆေးပညာနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၌ ဒီပလိုမာဘွဲ့တက်ရောက်နေသူ (၁၆၇) ဦး၊ မဟာသိပ္ပံဘွဲ့တက်ရောက်နေသူ (၂,၃၇၇) ဦး၊ ဆေးလက်တွေ့ပါရဂူဘွဲ့တက်ရောက်နေသူ (၄၀၉) ဦးနှင့် ဆေးလက်တွေ့ အခြေခံပါရဂူဘွဲ့တက်ရောက်နေသူ (၇၆) ဦး၊ ဘွဲ့လွန်သင်တန်းများတက်ရောက်နေသူ စုစုပေါင်း (၃,၀၂၉) ဦးရှိပါကြောင်း၊

• ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) တွင် ကပ်ရောဂါဗေဒ (epidemiology)၊ ဇီဝစာရင်းအင်းပညာ (biostatistics)၊ ဇီဝဆေးပညာကျင့်ဝတ် (bioethics)၊ သုတေသနနည်းစနစ် (research methods)၊ ကျန်းမာရေးဆိုင်ရာလူမှုအဆောက်အဦဗေဒ (social epidemiology) တို့ကို မဟာဘွဲ့သင်တန်းများအဖြစ်လည်းကောင်း၊ စာရင်းဇယားများ ခွဲခြားဝေဖန်သုံးသပ်မှု (data analysis)၊ သုတေသနအတွက် နမူနာကောက်ယူမည့်အရေအတွက်နှင့် နမူနာကောက်ယူမည့်နည်းလမ်း (sample size and sampling methods) ဒီပလိုမာသင်တန်းများကိုလည်းကောင်း ဖွင့်လှစ်သင်ကြားစေလိုပါကြောင်း၊

• အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး) တွင် ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများပါဝင်စေ၍ အသုံးချသုတေသနလုပ်ငန်းများ ပိုမိုဆောင်ရွက်စေလိုပါကြောင်း၊

 

• ဝန်ကြီးဌာန၏ တက္ကသိုလ်များတွင် စာမေးပွဲများ အလွတ်ကျက်မှတ်ပြီး အကြောင်းအရာများကို မေးမြန်းဖြေဆိုရသည့် စနစ်ထက် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများတွင် ကျင့်သုံးနေသည့် စာအုပ်စာတမ်း များကို ကြည့်ရှုကိုးကားပြီး ကိုယ်ပိုင်စဉ်းစားဉာဏ်ဖြင့် စာအုပ်ဖွင့် ဖြေဆိုရသည့် စနစ် (open book exam system) နှင့် မေးခွန်းလွှာကို မိမိနေထိုင်ရာသို့ ယူဆောင်ဖြေဆိုရသည့် စနစ် (take home exam) တို့ကိုပါကျင့်သုံးစေလိုပါကြောင်း၊

• အကြောင်းအရာတစ်ခုအပေါ်တွင် သင်တန်းသား/ သူများက မိမိ၏ အတွေးအမြင်များကို ရေးသားမှု (reflection paper) ကိုလည်းဆောင်ရွက်စေလိုပြီး၊ လေ့ကျင့်ပေးခြင်းနှင့် အကဲဖြတ်အမှတ် ပေးခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• သုတေသနဂျာနယ်များကို ဖတ်ရှုလေ့လာပြီး ဆွေးနွေးမှုပြုလုပ်ခြင်း (journal reading) ကိုလည်း ယခုထက်ပိုမိုပြုလုပ်စေလိုပါကြောင်း၊

• ယခုအစည်းအဝေးတွင် တက်ရောက်လာကြသည့် ပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူများနှင့် ပါမောက္ခများအနေဖြင့် နိုင်ငံတော်၊ ဝန်ကြီးဌာနနှင့် ဆေးပညာရပ် တို့ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်အကျိုးကို မျှော်မှန်းကာ မိမိတို့၏ အမြင်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေးက အမှာစကား ပြောကြားခဲ့ပါသည်။

    

     ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဆေးပညာနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချူပ်များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများက - (၂၀၂၁) ခု ပညာသင်နှစ်အတွက် ဘွဲ့လွန်ဆေးပညာသင်တန်းများကို တက္ကသိုလ်အလိုက် ဝင်ခွင့်ခေါ်ယူနိုင်ရေး လုပ်ငန်းအစီအစဉ်ဆိုင်ရာကိစ္စရပ်များ၊ ပြင်ပဆရာဝန်များအတွက် ဖွင့်လှစ်မည့် ဆေးပညာမဟာသိပ္ပံ (မိသားစုကျန်းမာရေးဆေးပညာ) သင်တန်း ဆိုင်ရာကိစ္စရပ်များ၊ အသစ်ဖွင့်လှစ် လိုသည့် ဒီပလိုမာ၊ fellowship နှင့် ပါရဂူဘွဲ့သင်တန်းများ ဆိုင်ရာကိစ္စရပ်များ၊ လက်ရှိတွင် မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းတက်ရောက်နေသူများဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိ မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများဆိုင်ရာ ကိစ္စရပ်များ၊ တက္ကသိုလ်အလိုက် ဧည့်ကထိက၊ ဂုဏ်ထူးဆောင် ပါမောက္ခနှင့် Professor Emeritus ခန့်အပ်ရန် အဆိုပြုခြင်းစသည် ကိစ္စရပ်များနှင့် ဘွဲ့လွန်ဆေးပညာသင်ကြားရေးဆိုင်ရာ အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

 

     အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော် နှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ပါသည်။

More Tags