မော်လမြိုင်မြို့တွင် MDR-TB Coordination Meeting at State and Regional Level ကျင်းပပြုလုပ်

မော်လမြိုင်မြို့၊ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၃၀) ရက်

     MDR-TB Coordination Meeting at State and Regional Level (Mon State) 2nd Quarter, 2020 အစည်းအဝေးကို ၂၀၂၀ ခုနှစ် ဇွန်လ (၃၀) ရက်နေ့ နံနက်ပိုင်း ၁၀း၀၀ နာရီအချိန်တွင် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်မှ အဖွင့်အမှာစကားပြောကြားရာတွင် တီဘီရောဂါသည် ကမ္ဘာပေါ်တွင် သေဆုံးမှုအများဆုံးရောဂါ (၁၀)မျိုးထဲမှာ ရောဂါတစ်ခုအပါ၀င်ဖြစ်ပြီး 2019 Global TB Report အရ မြန်မာနိုင်ငံမှာ ရိုးရိုးတီဘီလူနာအသစ်ဖြစ်ပွားမှုသည် လူဦးရေးတစ်သိန်းတွင် ၃၃၈ ယောက်ဖြစ်ပွားနေပြီး ဆေးယဥ်ပါးတီဘီလူနာအသစ်ဖြစ်ပွားမှုသည် လူဦးရေတစ်သိန်းတွင် ၂၁ ယောက်ဖြစ်ပွားနေကြောင်း၊ မြန်မာနိုင်ငံတွင် နောက်ဆုံးလုပ်ထားသည့် Drug Resistant Survey အရ တီဘီလူနာသစ်တွင် ၅ ရာခိုင်နှုန်း နှင့် ပြန်ကုတီဘီလူနာတွင် ၂၇ ရာခိုင်နုန်း အသီးသီး ဆေးယဉ်ပါးတီဘီ ဖြစ်ပွားလျက်ရှိကြောင်း၊ ကမ္ဘာ့ဆေးယဉ်ပါးတီဘီရောဂါအဖြစ်များဆုံးနိုင်ငံ(၃၀)ထဲမှာ မြန်မာနိုင်ငံပါ၀င် နေသည့်အတွက် ဆေးယဉ်ပါးတီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းကို အားထည့်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ၎င်းလုပ်ငန်းသည် ကုသရေးလုပ်ငန်းနှင့် ဆက်နွယ်နေသည့်အတွက် ဆေးရုံအုပ်ကြီး၊ အထူးကုသမားတော်ကြီး များ၏ အကြံအညဏ်များသည် များစွာအရေးပါအရာရောက်ပါကြောင်း၊ မြို့နယ်တီဘီတာ၀န်ခံများအနေဖြင့် မိမိတို့ရင်ဆိုင်နေရသော အခက်အခဲများကို ဒီအစည်းအဝေးမှာ ပွင့်လင်းစွာ တင်ပြစေလိုကြောင်း၊ ဆေးယဉ်ပါးတီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းအောင်မြင်ရေးအတွက် လိုအပ်ချက်တစ်ချက်ချင်းစီကို ဘယ်လိုဖြေရှင်းဆက်လက်ဆောင်ရွက်သွားမည်ဆိုတာ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးစေလိုကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ဆေးယဉ်ပါးတီဘီရောဂါမကူးစက်ခံရအောင် TB Infection Control ကို အလေးထား ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသွားပါသည်။

 

     ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး (တီဘီ/အနာကြီး) ဒေါက်တာထွန်းဦးမှ မွန်ပြည်နယ်၏ လက်ရှိ ဆေးယဉ်ပါးတီဘီရောဂါဖြစ်ပွားမှုနှင့်ရှာဖွေတွေ့ရှိမှုအခြေအနေ၊ မွန်ပြည်နယ်၏ Program Management of Drug Resistant TB (PMDT) အကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသော အခက်အခဲ၊ အားနည်းချက်၊ အားသာချက်များကို တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ ဝိုင်းဝန်း ဆွေးနွေးအကြံပေးခဲ့ကြပါသည်။

     အဆိုပါအစည်းအဝေးသို့ ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး၊ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုသမားတော်ကြီးများ၊ ကလေးအထူးကုဆရာဝန်ကြီး၊ စိတ်ရောဂါအထူးကုဆရာဝန်ကြီး၊ နားနှာခေါင်းလည်ချောင်းဆရာဝန်ကြီး၊ ရောဂါ‌ဗေဒဆရာဝန်ကြီး၊ ခုခံကျ/ ကာလသား ဆရာဝန်ကြီး၊ အဖွဲခေါင်းဆောင် ဆရာဝန်များ၊ မြို့နယ်တီဘီတာဝန်ခံများ နှင့် IOM အဖွဲ့အစည်းအပါအဝင် စုစုပေါင်း ၃၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။

More Tags