ဗန်းမော်ခရိုင်သို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ကွင်းဆင်းကြီးကြပ်

ဗန်းမော်၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၈) ရက်

     ဗန်းမော်ခရိုင်အတွင်းရှိ မြို့နယ်များသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနေဝင်း၏ ကွင်းဆင်းခရီးစဉ်တွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်းလိုက်ပါ၍ ကျန်းမာရေးကဏ္ဍလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြီးကြပ်၍ အားပေးလမ်းညွှန်မှုများ ပေးရန်အတွက်၂၀၂၀ပြည့်နှစ် ဇွန်လ (၂၆)ရက်နေ့မှ (၂၇) ရက်နေ့အထိ ကွင်းဆင်း သွားရောက်ခဲ့ပါသည်။ ထို့သို့ကွင်းဆင်း သွားရောက်ရာတွင် မိုးမောက်မြို့နယ်ရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ဗန်းမော်မြို့နယ်ရှိ ရောဘတ် ယာယီစစ်ဘေးရှောင်စခန်း၊ AD 2000 ယာယီစစ်ဘေးရှောင် စခန်းများတွင် ကျန်းမာရေး စောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ဗန်းမော်ခရိုင်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် COVID-19 အတည်ပြုလူနာနှင့် တွေ့ဆုံအားပေးခြင်း၊ ဆေးရုံဝင်းအတွင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခြင်း၊ မံစီမြို့နယ်ရှိ မိုင်းခေါင်ကျေးလက် ကျန်းမာရေး ဌာနတွင် အဆောက်အဦအသစ်များ တည်ဆောက်နေမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှု၊ မံစီမြို့နယ်ဆေးရုံဝင်းအတွင်း အဆောက်အဦအသစ်များ တည်ဆောက်နေမှု၊ ကျန်းမာရေး စောင့်ရှောက်မှု အတွက် စီစဉ်ထားရှိမှု အခြေအနေတို့ကို သက်ဆိုင်ရာ တာဝန်ခံများနှင့် တွေ့ဆုံ၍ ကြီးကြပ်စစ်ဆေး လမ်းညွှန်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဗန်းမော်မြို့တွင် ညအိပ်ရပ်နားခဲ့ပါသည်။


     ထို့နောက် ၂၀၂၀ပြည့်နှစ် ဇွန်လ (၂၇)ရက်နေ့တွင် ဗန်းမော်မြို့နယ်တွင် ကျင်းပသည့် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အခမ်းအနားကို ပါဝင်တက်ရောက်ခဲ့ပြီး စင်းခန်းကျေးလက် ကျန်းမာရေးဌာနသို့ သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံအားပေး ကြီးကြပ်ခဲ့ပါသည်။ ဆက်လက်၍ မိုးမောက်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း (၆)ခန်းတွဲ (၂)ထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှု အခြေအနေကိုလည်းကောင်း ဒေါ့ဖုန်းယန်တိုက်နယ်ဆေးရုံသို့ လည်းကောင်း ဝင်ရောက်၍ ကြီးကြပ်စစ်ဆေးပြီး တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးလမ်းညွှန်ခဲ့ သည်။


     အဆိုပါခရီးစဉ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒုတိယပြည်နယ် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာတင့်နိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမင်းဌေး (ပြည်နယ်ကုသရေးဦးစီးဌာန)၊ ဗန်းမော်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာမင်းဇော်အေးတို့ပါဝင်ခဲ့ပြီး သက်ဆိုင်ရာမြို့နယ်များမှ မြို့နယ်ဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို အတူတကွ လိုက်ပါ၍ ရှင်းလင်းတင်ပြ ခဲ့ကြပါသည်။

More Tags