ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် (၁၈) မြို့နယ်မှ ကျောင်းဆရာ/ဆရာမများအား COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကျောင်းကျန်းမာရေးဆိုင်ရာ သင်တန်းပို့ချ

မြစ်ကြီးနားမြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၈) ရက်

     ကချင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းများမဖွင့်လှစ်မီ ကြိုတင်ပြင်ဆင်မှုအနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ စနစ်တကျဆောင်ရွက်ရန်၊ ကျောင်းသား/သူများနှင့် မိဘများကို ကျန်းမာရေးအသိပညာများ ဖြန့်ဝေပြီး ကျောင်းကျန်းမာရေးကဏ္ဍကို ကျန်းမာရေးဌာနနှင့် ပိုမိုချိတ်ဆက်၍ တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ် (၁၈) မြို့နယ်မှ အလယ်တန်းသင်ရိုးသစ် သတ္တမတန်း (Grade-7) သင်ကြားနည်းစနစ်ဆွေးနွေးပွဲ သင်တန်းတက်ရောက်နေသည့် ကျောင်းဆရာ/ဆရာမများအတွက် ကျောင်းကျန်းမာရေးသင်တန်းကို ၂၀၂၀ ပြည့်နှစ် ဇွန်လ (၂၈) ရက်နေ့ (တနင်္ဂနွေနေ့)တွင် မြစ်ကြီးနားမြို့၌ သင်တန်းပြုလုပ်ကျင်းပခဲ့ပါသည်။

 

      ထိုသို့ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ပြည်သူ့ကျန်းမာ) ဒေါက်တာလှိုင်လှိုင်ဌေး ဦးဆောင်၍ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာ ကြူကြူမိုး၊ ဒေါက်တာဝေါ်မိသီ (အဖွဲ့ခေါင်းဆောင်ဆရာဝန် - မိခင်ကျန်းမာ)၊ ဒေါက်တာခိုင်ဆုမော် (အဖွဲ့ခေါင်းဆောင်ဆရာဝန်-ကျောင်းကျန်းမာ)၊ ဒေါက်တာလာပေါ် (အဖွဲ့ခေါင်းဆောင်ဆရာဝန် -ကျန်းမာရေးအဆင့်မြှင့်တင်ပညာပေး)၊ ဒေါက်တာအေးစုကြည် (ဦးစီးအရာရှိ- သွားကျန်းမာ)၊ မြစ်ကြီးနားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဖြိုးနန္ဒာဆွေ၊ ဒေါက်တာအေးအိဖြိုး(ဦးစီးအရာရှိ-သွားကျန်းမာ)၊ ဒေါ်သီသီလွင် (ပြည်သူ့ကျန်းမာရေးဆရာမကြီး -အာဟာရဌာနခွဲ/ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန) နှင့် ဒေါ်ခင်မိုးမိုး (သူနာပြုဆရာမကြီး- ကျောင်းကျန်းမာ/မြစ်ကြီးနားမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန) တို့ကCOVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးနှင့် သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာ ကျန်းမာရေးအသိပညာများကို နံနက် (၀၉:၀၀) နာရီ မှ ညနေ (၀၄:၀၀) နာရီ အထိ သင်တန်းပို့ချခဲ့ကြပါသည်။

     အဆိုပါသင်တန်းတွင် ခေါင်လန်ဖူး၊ အင်ဂျန်းယန်အစရှိသည့် ဝေးလံခက်ခဲမြို့နယ်များမှ ကျောင်းဆရာ/ဆရာများပါဝင်တက်ရောက်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များအတိုင်း မြစ်ကြီးနားမြို့ရှိ အထက (၂)၊ အထက (၃)နှင့် အထက (၇) ကျောင်းများတွင် နေရာများခွဲ၍ ပြုလုပ်ခဲ့ပါသည်။ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၈)မြို့နယ်တွင် တပြိုင်နက်တည်း တပြေးညီဖြစ်စေရန်အတွက် Email နှင့် CD များပေးပို့၍ သက်ဆိုင်ရာမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ချိတ်ဆက်ညှိနှိုင်း၍ သင်တန်းများ စနစ်တကျ ကျင်းပလျက်ရှိပါသည်။

More Tags