ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် The American Chamber of Commerce Myanmar ၏ ဥက္ကဋ္ဌဦးခင်မောင်ဝင်းနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော်၊ (၂၀၂၀) ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့

     ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် (၁၉-၆-၂၀၂၀)ရက်နေ့ နံနက်ပိုင်းအချိန်တွင် The American Chamber of Commerce Myanmar ၏ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့်အဖွဲ့ကို နေပြည်တော်၊ ရုံးအမှတ် (၄)၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံပါသည်။

 

     ထိုသို့လက်ခံတွေ့ဆုံရာ၌ The American Chamber of Commerce Myanmar ၏ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့်အဖွဲ့က -

• မြန်မာနိုင်ငံတွင် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုကို ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ စီမံခန့်ခွဲမှုဖြင့် ကောင်းစွာထိန်းချုပ်ထားနိုင်သည် ကို တွေ့ရှိရပါကြောင်း၊
• လုံခြုံစိတ်ချရသော လုပ်ငန်းခွင်ဖြစ်ရေးနှင့် ပုံမှန်စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ် ဆောင်ရေးတွင် COVID-19 ဓါတ်ခွဲစစ်ဆေးနိုင်မှုစွမ်းရည်သည်လည်း အရေးကြီးသည်ဟု မိမိတို့ ယူဆပါကြောင်း၊
• COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာပါက အသွားအလာ ကန့်သတ်ခြင်းနှင့် ဓါတ်ခွဲစမ်းသပ်မှုဆိုင်ရာ လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များ ကို သိရှိလိုပါကြောင်း၊
• ဆေးနှင့်ဆေးပစ္စည်းကိရိယာများ တင်သွင်းခြင်းဆိုင်ရာ လိုအပ်ချက်များ၊ စည်းမျဉ်း စည်းကမ်းများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးလိုပါကြောင်း၊
• ယခုလိုအချိန်ကာလတွင် ယာဉ်ကြောကြပ်တည်းမှုကို အတိုင်းအတာတစ်ခုထိလျော့နည်း စေသည်သာမက ကျန်းမာရေးအတွက် အထောက်အကူပြုစေသည့် စက်ဘီးစီးနင်း သွားလာနိုင်သည့် အခြေအနေများကို မြို့ကြီးများတွင် စီစဉ်ပေးပါရန် အကြံပြုလိုပါ ကြောင်း ပြောကြားခဲ့ပါသည်။

 

     ယင်းနောက် ပြည်ထောင်စုဝန်ကြီးက -
• မြန်မာနိုင်ငံ၌ COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုကို ယခုအချိန်တွင် အတိုင်းအတာ တစ်ခုထိ ထိန်းချုပ်ထားနိုင်သော်လည်း ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများတွင် ကူစက်မှုများ တွေ့နေရဆဲဖြစ်ပါကြောင်း၊
• မိမိအနေဖြင့် COVID-19 ကပ်ရောဂါကို ကောင်းမွန်စွာထိန်းချုပ်နိုင်ပြီး စီးပွားရေးလုပ်ငန်း များကို အတတ်နိုင်ဆုံး ဆောလျင်စွာ ပြန်လည်စတင်နိုင်စေလိုသော ဆန္ဒရှိပါကြောင်း၊
• နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်များ ပြည်ပမှ ပြန်လည်ဝင်ရောက် လာပါက သတ်မှတ်ဟိုတယ်များတွင် အသွားအလာကန့်သတ်ကာ စောင့်ကြပ် ကြည့်ရှုပြီး ဓါတ်ခွဲနမူနာများရယူစစ်ဆေးသွားမည် ဖြစ်ပါကြောင်း၊
• ဆေးနှင့်ဆေးပစ္စည်းများ တင်သွင်းရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အသေးစိတ် ဆွေးနွေးနိုင်ရန် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် နှင့် ယနေ့ တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်ပေးမည်ဖြစ်ပါကြောင်း၊
• ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် စက်ဘီးစီးနင်းသွားလာနိုင်ရန် အစီအစဉ် များပြုလုပ်သင့်ကြောင်း အကြံပြုချက်သည် ကောင်းမွန်ပြီး သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ် များထံ တင်ပြပေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ The American Chamber of Commerce Myanmar မှ ဒုတိယဥက္ကဋ္ဌ Mr. Max Talcott နှင့် PANAUST SERVICES (MYANMAR)၊ Director Mr. Jay Martin နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

More Tags