ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀၂၀-၂၀၂၁) ခုနှစ် စီမံချက် ရန်ပုံငွေ ရရှိသုံးစွဲမှုအခြေအနေ ညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်


နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၁၉) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀၂၀-၂၀၂၁) စီမံချက် ရန်ပုံငွေ (WHO 2020-2021 program budget) ရရှိသုံးစွဲမှုအခြေအနေ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

 

     ဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• ယခုအခါတွင် COVID-19 ဖြစ်ပွားနေသော်လည်း အခြားကျန်းမာရေးလုပ်ငန်းများကို လစ်လျူရှု ထား၍ မရပါကြောင်း၊

• တီဘီရောဂါ၊ ခုခံကျ/ ကာလသားရောဂါ၊ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ကူးစက်ရောဂါများ၊ သွေးတိုး၊ ဆီးချို၊ နှလုံး အပါအဝင် မကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် မိခင်၊ မွေးကင်းစ၊ ကလေး၊ ဆယ်ကျော်သက် ကျန်းမာရေးနှင့် အာဟာရလုပ်ငန်းများတွင်လစ်ဟာ အားနည်းမှုများရှိပါက ကျန်းမာရေး ပြဿနာနှင့် ရောဂါများ ဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုများသည် COVID-19 ထက် ပင်များပြားမည်ဖြစ်ပါကြောင်း၊

 

• တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် လစ်ဟာမှုများရှိပါကလည်း ကာကွယ်ဆေးဖြင့်ကာကွယ်နိုင်သော ရောဂါ (၁၂) မျိုးကူးစက်ပြန့်ပွား မှုများ ဖြစ်ပွားလာမည်ဖြစ်ပါကြောင်း၊

• အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာရှိသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀၂၀-၂၀၂၁)ခုနှစ် စီမံချက် ရန်ပုံငွေဖြင့် အကောင်အထည်ဖော်သည့် လုပ်ငန်းများကို အရည်အသွေးပြည့်ထိရောက်စွာ အချိန်မီပြီးစီးအောင်မြင်စေရေးကို ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

 

• လက်ရှိကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် တွဲဖက်လုပ်ဆောင်နေသော ကျန်းမာရေးစီမံချက်လုပ်ငန်းများအား ယခုထက်ပိုမို အကျိုးရှိထိရောက်စွာဖြင့် ဆောင်ရွက်နိုင်ရေးအတွက် အရည်အသွေးပြည့်ဝသော အကျိုးရလဒ်ကောင်းမွန်မြင့်မားသော ကျန်းမာရေးစီမံချက် အဆိုပြုလွှာများ ကို ဆန်းသစ်သောအတွေးအမြင်များဖြင့် အမြန်ဆုံးဆက်လက် ရေးဆွဲ၍ ဆောင်ရွက်ကြစေလိုပါကြောင်း၊

• ယခုညှိနှိုင်းဆွေးနွေးပွဲ၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀၂၀-၂၀၂၁) စီမံချက် ရန်ပုံငွေနှင့် ဆောင်ရွက်သည့် လုပ်ငန်းများ ပြီးစီးမှုအခြေအနေများ၊ အဆိုပါရန်ပုံငွေသုံးစွဲမှု လုပ်ငန်း အဆင့်ဆင့်နှင့် ပတ်သက်၍ မရှင်းလင်းသည်များကို ပွင့်လင်းစွာဖြင့် ဆွေးနွေးညှိနှိုင်းကြစေ လိုပါကြောင်း၊

 

• ကျန်းမာရေးစီမံချက် မန်နေဂျာများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ဆွေးနွေးကြစေလိုပါကြောင်း၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စီမံချက် ရန်ပုံငွေများကို သုံးစွဲရာတွင် တစ်သမတ်တည်း ပုံသေမဟုတ်ဘဲ သုံးစွဲမည့် လုပ်ငန်းအမျိုးအစားခေါင်းစဉ်ကို မွမ်းမံပြင်ဆင်ဆောင်ရွက်နိုင်သည် ဖြစ်သဖြင့် မိမိတို့အနေဖြင့် လက်ရှိအခြေအနေအရပ်ရပ်အပေါ်မူတည်၍ လုပ်ငန်းများ ပြောင်းလဲ၍ ရန်ပုံငွေများကို အပြည့်အဝအသုံးပြုနိုင်ရန် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊

 

• တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကျန်းမာရေးဌာနများအနေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ကျန်းမာရေးစီမံချက် (program) နှင့် တိုင်ပင်ညှိနှိုင်းကာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ယခုကဲ့သို့ Video Conferencing စနစ်ကို အသုံးပြုကာ ညှိနှိုင်းဆွေးနွေးမှုများကို တစ်လလျှင် နှစ်ကြိမ်ခန့်ဆောင်ရွက်စေလိုပါကြောင်း၊

• လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ကြီးဌာနမှ ဖြန့်ဝေထားသော Mobile Tablet များကို ထိရောက်စွာအသုံးချကာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

 

• ဝန်ကြီးဌာနရှိ ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ တာဝန်ရှိသူများ အနေဖြင့် ဝန်ကြီးဌာန ကျန်းမာရေးစီမံချက်များမှ တာဝန်ရှိသူများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံရုံးနှင့် အရှေ့တောင်အာရှဒေသဆိုင်ရာရုံးတို့မှ တာဝန်ရှိသူများ အကြား ချိတ်ဆက် ညှိနှိုင်းပေးမှုများကို ယခုထက်ပိုမို လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊

• လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ၊ ထိရောက်အောင်မြင်မှုအခြေအနေ များအား စောင့်ကြည့်ဆန်းစစ်ခြင်းလုပ်ငန်းများအားတစ်ချိန်တည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀၂၀-၂၀၂၁) ခုနှစ် စီမံချက် ရန်ပုံငွေ နှင့် ပတ်သက်၍ ခြုံငုံရှင်းလင်းပြောကြားခဲ့ပြီး၊
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ မြန်မာနိုင်ငံရုံးမှ Medical Officer Dr. Shahjahan က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀၂၀-၂၀၂၁) စီမံချက် ရန်ပုံငွေရရှိမှု၊ သုံးစွဲမှုနှင့် ဆောင်ရွက်နေသော လုပ်ငန်းစဉ်များ၏ လက်ရှိအခြေအနေကိုလည်းကောင်း၊
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ မြန်မာနိုင်ငံရုံးမှ Administrative Officer Mr. Maarten Kockelkoren က လုပ်ငန်းအကောင်အထည်ဖော်မှုပုံစံနှင့် စီမံခန့်ခွဲမှု အကြောင်းအရာများကိုလည်းကောင်း အသီးသီးတင်ပြခဲ့ပါသည်။

 

     ဆက်လက်၍ ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ကျန်းမာရေးစီမံချက်မန်နေဂျာများက စီမံချက်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသောလုပ်ငန်းများ၊ COVID-19 ဖြစ်ပွားနေစဉ် ကာလအတွင်း စီမံချက်လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များအား အသီးသီးရှင်းလင်းတင်ပြခဲ့ကြပါသည်။

 

     ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာကြသူများကို ဝိုင်းဝန်းဆွေးနွေးမှုများ ဆောင်ရွက် ခဲ့ကြပါသည်။

 

     အဆိုပါဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကျန်းမာရေးစီမံချက်မန်နေဂျာများနှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၊ မြန်မာနိုင်ငံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

More Tags