COVID-19 အန္တရာယ် ဘေးကင်းလုံခြုံစွာ ခွဲစိတ်ကုသမှု (COVID-19 Surgical Safety) ကိစ္စရပ်များအား Video Conferencing ဖြင့်ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၁၁) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သော COVID-19 အန္တရာယ် ဘေးကင်းလုံခြုံစွာ ခွဲစိတ်ကုသမှု (COVID-19 Surgical Safety) ကိစ္စရပ်များနှင့် ပတ်သက်၍ ဆေးတက္ကသိုလ် (၅) ခုမှ ပါမောက္ခချုပ်များ၊ ခွဲစိတ်ကုပညာ၊ ဆေးပညာ၊ သားဖွားနှင့် မီးယပ်ပညာ၊ မေ့ဆေးပညာ၊ အရေးပေါ်ဆေးပညာနှင့် ဆေးပညာတို့မှ ပါမောက္ခ/ ဌာနမှူးများ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ တာဝန်ခံ၊ ဆေးရုံအုပ်ကြီးများ၊ သူနာပြုအုပ်ကြီးများ နှင့် Video Conferencing စနစ်ဖြင့်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

 

     ဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• COVID-19 သည် ခွဲစိတ်မှုဆိုင်ရာ ရောဂါမဟုတ်သော်လည်း COVID-19 ဖြစ်ပွားနေစဉ်ကာလအတွင်း ခွဲစိတ်ကုသမှုများ ပြုလုပ်ရာတွင် လူနာဘေးကင်းလုံခြုံရေးအပြင် ခွဲစိတ်ကုသသူ ခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန်နှင့် သူနာပြုများထံ COVID-19 ရောဂါကူးစက်မှု မရှိစေရေးတို့သည် အရေးကြီးပါကြောင်း၊

• ခွဲစိတ်ကုသမှုများဆောင်ရွက်ရန်ဆုံးဖြတ်ချက်ချခြင်းနှင့် ခွဲစိတ်ကုသမှုဆောင်ရွက်ခြင်းတို့တွင် ဆေးပညာ ကျင့်ဝတ်များနှင့်အညီ တိုင်းတာချိန်ဆဆောင်ရွက်သကဲ့သို့ COVID-19 ဖြစ်ပွားနေစဉ်ကာလအတွင်း ခွဲစိတ်ကုသမှုများ ဘေးကင်းလုံခြုံရေး (COVID-19 Surgical Safety) ကိစ္စရပ်များ ဆောင်ရွက်ခြင်းများကို ဆေးပညာကျင့်ဝတ်များ (medical ethics) နှင့် အညီဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

• COVID-19 အန္တရာယ်ဘေးကင်းလုံခြုံစွာ ခွဲစိတ်ကုသမှုကိစ္စရပ်များအတွက် လုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံး လုပ်နည်းများကို မူကြမ်းများရေးဆွဲဆောင်ရွက်ထားရှိမှုသည် ကောင်းမွန်ပါကြောင်း၊

• အဆိုပါ လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်း မူကြမ်းများကို အပြီးသတ်ရေးဆွဲနိုင်ရန် ခွဲစိတ်ကုပညာ၊ မေ့ဆေးပညာနှင့် နှီးနွှယ်ဌာနများမှ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ ပါဝင်သော အဖွဲ့ကိုဖွဲ့ပြီး ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်မှာ ကောင်းမွန်ပါကြောင်း၊

• ဆေးနှင့် ဆေးပညာနှီးနွှယ်ပညာရပ်ဌာနများအားလုံးမှ သက်ဆိုင်ရာ ပါမောက္ခ/ ဌာနမှူးများက ကြီးမှူး၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ အထူးကုဆရာဝန်များနှင့် ပုံမှန်ဆွေးနွေးမှု၊ ပညာရပ်ပိုင်း ဆိုင်ရာ မျှဝေမှုတို့အား ယခုကဲ့သို့ Video Conferencing စနစ်ဖြင့် ဆက်လက် ဆောင်ရွက်ကြစေလိုပါကြောင်း၊

 

• နိုင်ငံတကာတွင် ချမှတ်ကျင့်သုံးနေသော COVID-19 ဘေးကင်းလုံခြုံစွာ ခွဲစိတ်ကုသခြင်းလုပ်ငန်း လမ်းညွှန်များကို မိမိတို့နိုင်ငံနှင့် ကိုက်ညီစွာဖြင့် မွမ်းမံမှုများပြုလုပ်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ရှိ အထူးကုဆရာဝန်များထံ ဖြန့်ဝေခြင်းတို့ကိုဆောင်ရွက်စေလိုပါကြောင်း၊

• ယခု လက်ရှိတွင် မြန်မာနိုင်ငံ၌ ပြည်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်မှု၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများအားလုံး၏ အားထုတ်ကြိုးပမ်းဆောင်ရွက်မှု၊ နှီးနွှယ်အဖွဲ့ အစည်းများနှင့် ပရဟိတအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် အတိုင်းအတာ တစ်ခုထိ ရောဂါကူးစက်မှုကို ထိန်းချုပ်ထားနိုင်သော်လည်း ပေါ့ဆ၍ မရပါကြောင်း၊

• COVID-19 ၏ ဖြစ်စဉ်သဘောသဘာဝ (natural history of disease) ကို အပြည့်အဝမသိရှိသေးသဖြင့် မိမိတို့နေဖြင့် COVID-19 သံသယလူနာနှင့် ဓာတ်ခွဲအတည်ပြုလူနာများကို ခွဲစိတ်ကုသရာ၌ အထူးသတိပြု၍ လုပ်ငန်းလမ်းညွှန်များအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• COVID-19 အန္တရာယ်ဘေးကင်းလုံခြုံစွာခွဲစိတ်ကုသခြင်း အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် အနည်းဆုံး (minimum) လိုအပ်ချက်နှင့် စံနှုန်းများကို ချမှတ်ပေးရန် နှင့် စံနှုန်းများ ပြည့်မီမှုအခြေအနေကို စာရင်းပုံစံ (checklist) များဖြင့် ဆန်းစစ်ကြ ရမည်ဖြစ်ပါကြောင်း၊

• အရေးပေါ်မဟုတ်သော ခွဲစိတ်ကုသမှုများကို ယခုအချိန်တွင် စတင်ပြုလုပ်ရန် သင့်/ မသင့်ကို သက်ဆိုင်ရာ ဆေးရုံအလိုက် တာဝန်ရှိသူများမှ စဉ်းစားဆုံးဖြတ်ရန်ဖြစ်ပါကြောင်း၊

 

• ပြင်ပလူနာများနှင့် ပြန်လည်ချိန်းဆို၍ ကြည့်ရှုသော လူနာများ စုပြုံမနေစေရန် သက်ဆိုင်ရာ ဆေးရုံအုပ်နှင့် အထူးကုဆရာဝန်ကြီးများ တိုင်ပင်၍ အစီအမံနှင့် လုပ်ငန်းလမ်းညွှန်များ ချမှတ် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနမှ ဝယ်ယူဖြည့်ဆည်းမှု၊ စေတနာရှင်အလှူရှင်များ၏ လှူဒါန်းမှုများကြောင့် ဆေးပစ္စည်း ကိရိယာများ ပိုမိုရရှိလျက်ရှိပြီး အဆိုပါ ဆေးပစ္စည်းကိရိယာများကို ယခု COVID-19 အတွက်သာမက ရေရှည်တွင် အခြားလူနာများအတွက်ပါအသုံးချဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ အထူးကြပ်မတ် ကုသဆောင်များကို အဆင့်မြှင့်တင်မှု၊ ဆေးပစ္စည်းကိရိယာများ ပိုမိုရရှိလာမှုတို့ကြောင့် ရေရှည်တွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပိုမိုကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊

• (၂၀၂၀-၂၁) ခု ဘဏ္ဍာရေးနှစ်၌ ဝန်ကြီးဌာန၏ ဘဏ္ဍာငွေဖြင့် ဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူရာတွင် သက်ဆိုင်ရာပညာရပ် ပါမောက္ခ/ ဌာနမှူးများနှင့် အထူးကုဆရာဝန်ကြီးများ၏ အကြံပြုချက်များရယူကာ ဆက်လက် ဝယ်ယူရန် အသေးစိတ် စီစဉ်ထားပြီးဖြစ်ပါကြောင်း၊

• ဆေးနှင့်ဆေးပစ္စည်းကိရိယာများကို ဆေးရုံများသို့ ခွဲဝေချထားပေးရာတွင်လည်း သက်ဆိုင်ရာ ဆေးရုံများအလိုက် ရောဂါဖြစ်ပွားမှုအခြေအနေများနှင့် အညီ ခွဲဝေဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာန ဆေးနှင့် ဆေးပညာနှီးနွှယ် ပညာရပ်များမှ လုပ်ငန်းလမ်းညွှန်များနှင့် လုပ်ထုံးလုပ်နည်း များကို အမြဲပုံသေမဟုတ်ဘဲ ပြောင်းလဲလျက်ရှိသော အခြေအနေအရပ်ရပ်၊ ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို သုံးသပ်ပြီး အချိန်နှင့် တစ်ပြေးညီ မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊

• ယခု ဆွေးနွေးပွဲသို့တက်ရောက်လာသော ခွဲစိတ်နှင့် နှီးနွှယ်ပညာရပ်များမှ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆေးရုံအုပ်ကြီးများ၊ သူနာပြုဆရာမကြီးများနှင့် တာဝန်ရှိသူများအနေဖြင့် ပွင့်လင်းစွာဖြင့် ဆွေးနွေးအကြံပြုကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်၏ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက COVID-19 အန္တရာယ် ဘေးကင်းလုံခြုံစွာ ခွဲစိတ်ကုသမှုဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းလမ်းညွှန် ပေါ်ပေါက်လာရေးအတွက် အဖွဲ့ (core group) ဖွဲ့စည်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးသည့် အခြေအနေများအား တင်ပြခဲ့ပါသည်။

 

     ထို့နောက် ဆေးတက္ကသိုလ်များမှ ခွဲစိတ်ကုပညာဌာန၊ ပါမောက္ခ/ ဌာနမှူးများက COVID-19 ဖြစ်ပွားနေစဉ်ကာလအတွင်း ခွဲစိတ်ကုသမှုများတွင် COVID-19 အန္တရာယ်ဘေးကင်းလုံခြုံရေး (COVID-19 Surgical Safety) ဆိုင်ရာ လုပ်ငန်းလမ်းညွှန် (မူကြမ်း) နှင့် စံလုပ်ထုံးလုပ်နည်း (မူကြမ်း) များပြုစုထားရှိမှုကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။

 

     ဆက်လက်၍ ဆေးတက္ကသိုလ် (၅) ခုမှ ပါမောက္ခချုပ်များ၊ ခွဲစိတ်ကုပညာဌာနများ၊ အရိုးရောဂါပညာဌာနများ၊ သားဖွားနှင့် မီးယပ်ပညာဌာနများ၊ ကလေးခွဲစိတ်ပညာဌာနများ၊ မေ့ဆေးပညာ ဌာနများ၊ အရေးပေါ်ဆေးပညာဌာနများနှင့် ဆေးပညာဌာနများမှ ပါမောက္ခ/ ဌာနမှူးများ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆေးရုံအုပ်ကြီးများနှင့် တာဝန်ရှိသူများက COVID-19 ဖြစ်ပွားနေစဉ်ကာလအတွင်း ခွဲစိတ်ကုသမှုမပြုလုပ်မီ၊ ပြုလုပ်နေစဉ်နှင့် ပြုလုပ်ပြီးတို့တွင် ဘေးကင်းလုံခြုံရေးနှင့် ရောဂါကူးစက်မှုမရှိစေရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြပါသည်။

 

     ထိုသို့ အကြံပြုဆွေးနွေးမှုများအပေါ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော် နှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။

More Tags