ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်များတွင် COVID – 19 ကာကွယ်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးမြို့၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၄) ရက်

     ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာအေးအေးငြိမ်းသည် ဖြူးမြို့နယ် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာဖြိုးဝေဝင်းနှင့်အတူ (၂-၆-၂၀၂၀) ရက်နေ့၊ နေ့လည်တွင် အ.ထ.က (၁) (ဖြူး) CBFQ သို့ သွားရောက်၍ CBFQ တွင် ထားရှိသည့် ထိုင်းနိုင်ငံမှ ပြန်လာသော ပြည်ပပြန်များအား Swab ယူရာတွင် ဖြူးဆေးရုံရှိ တာဝန်ခံဆရာဝန်(၁)ဦးနှင့် ဓါတ်ခွဲမှူးတို့မှ အဓိကတာဝန်ယူ၍ သင်တန်းပေးထားသည့် ကျန်းမာရေးကြီးကြပ်(၂)တို့မှ ကူညီဆောင်ရွက် ကြပြီး ဓါတ်ခွဲအဖြေ(ပိုးမတွေ့) ထွက်ရှိသူများအား သာသနာ့ဗိမ္မာန် CBFQ သို့ ပို့ဆောင်ပေးမှု အခြေအနေများအား သွားရောက်ကြည့်ရှုခဲ့ပါသည်။ ယင်းနောက် ဖြူးမြို့နယ်၊ သာသနာ့ဗိမ္မာန် CBFQ တွင် နေထိုင်သူများနှင့် တွေ့ဆုံပြီး ဖြူးမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကြက်ခြေနီအသင်းဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် နေထိုင်သူများ အဆင်ပြေစွာ နေထိုင်နိုင်ရေး ဆွေးနွေးခဲ့ကြ ပါသည်။ ထို့နောက်(၃-၆-၂၀၂၀) ရက်နေ့တွင် ကညွတ်ကွင်းတိုက်နယ်ဆေးရုံရှိ ကာကွယ်ဆေးထိုးစုရပ်သို့ သွားရောက်၍ ကွင်းဆင်းကြီးကြပ်ခြင်းအား ဆောင်ရွက်ခဲ့ပြီး အခြေခံပညာ အထက်တန်းကျောင်း (ကညွတ်ကွင်း) CBFQ သို့သွားရောက်၍ Swab ယူခြင်းလုပ်ငန်း ဆောင်ရွက်မှုများအား ကွင်းဆင်းကြီးကြပ် ခဲ့ပါသည်။

 


     ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးငြိမ်းသည် ကျောက်တံခါး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁) ဦးထွန်းထွန်းအောင်၊ အောင်မြင် (တောကျွဲအင်း) RHC မှ လက်ထောက်ကျန်းမာရေးမှူး ဦးစောဝင်းရွှေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကျောက်တံခါးမြို့နယ်၊ အောင်မြင် (တောကျွဲအင်း) RHC တို့ သွားရောက်၍ (၂၉-၅-၂၀၂၀) ရက်နေ့မှစ၍ ရောက်ရှိလာသည့် ပြည်ပပြန်များထားရှိမှုနှင့် အခြေခံပညာ အထက်တန်းကျောင်း (တောကျွဲအင်း) CBFQ တွင် ထားရှိသည့် ပြည်ပပြန်များအား Swab ယူမှုအခြေအနေအား ကြည့်ရှု၍ ပြည်ပပြန်များ၊ စေတနာ့ဝန်ထမ်းများနှင့် ကြက်ခြေနီအသင်းဝင်များအား လိုအပ်သည်များကို အကြံပြုခဲ့ပါသည်။


     ထို့နောက် ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးငြိမ်းနှင့် ကျန်းမာရေးမှူးအဆင့်(၁) ဦးထွန်းထွန်းအောင်တို့သည် ပဲနွယ်ကုန်း RHC သို့ ရောက်ရှိပြီး လက်ထောက် ကျန်းမာရေးမှူး ဒေါ်ဇင်မာဝေနှင့် ဝန်ထမ်းများအား တွေ့ဆုံကာ COVID – 19 ရောဂါနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ပြည်ပပြန်များထားရှိသည့် ဓမ္မမဏိဝိပဿနာရိပ်သာ CBFQ သို့ သွားရောက် ကြည့်ရှုခဲ့ပါသည်။ ပဲနွယ်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးဧရာမင်းနှင့် ဝန်ထမ်းများ၊ ပဲနွယ်ကုန်း RHC မှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်ဇင်မာဝေ၊ ရဲတပ်ဖွဲ့မှ ပုဂ္ဂိုလ်များ၊ စေတနာ့ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ လက်ရှိအခြေအနေများကို ကြည့်ရှုပြီး Swab ယူရန် ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်လွင်၊ ကျန်းမာရေးမှူးအဆင့် (၁) ဦးထွန်းထွန်းအောင်၊ Quarantine Officer၊ ကူးစက်ဌာန လက်ထောက်ကျန်းမာရေးမှူး တို့နှင့်အတူ ကျောက်တံခါးမြို့နယ်အတွင်းရှိ ပြည်ပပြန်များနှင့် ပတ်သက်၍ ထားရှိမှု၊ Swab ယူမှုများနှင့်ပတ်သက်၍ အကြံပြု ဆွေးနွေးခဲ့ပါသည်။

 

More Tags