မော်လမြိုင်မြို့ရှိ ဇီဝလုံခြုံမှုအဆင့် (၃) ဓါတ်ခွဲခန်း ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး

မော်လမြိုင်မြို့၊ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁) ရက်

     မွန်ပြည်နယ်၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာအေးဇံသည် ဇွန်လ (၁) ရက်နေ့ နံနက် (၁၀း၃၀) နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သော ဒေါက်တာထိန်ဝင်း၊ ဦးကျော်လွင်တို့နှင့်အတူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတွင် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ စတင်ပြုလုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

 

     ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်က အဆိုပါ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတွင် တာဝန်ထမ်းဆောင်မည့် ဓာတ်ခွဲပညာရှင်များသည် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)တွင် ပြုလုပ်ခဲ့သည့် COVID-19 ဓာတ်ခွဲစစ်ဆေးမှု သင်တန်းများကိုလည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရမှ ပညာရှင်များက ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)တွင် COVID-19 ဓာတ်ခွဲစစ်ဆေးမှု စာတွေ့၊ လက်တွေ့ သင်တန်းများကိုလည်းကောင်း တက်ရောက်ခဲ့ကြပြီး လက်ရှိတွင် ဇွန်လ ပထမအပတ်အတွင်း COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ပြည်နယ် အထူးကုဆရာဝန် (အဏုဇီဝဗေဒ) ဒေါက်တာနီနီဟန်က ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရမည့် စံနှုန်းထားအဆင့်ဆင့်ကို သတ်မှတ်ထားသောအခန်းအလိုက် ရှင်းလင်းပြသခဲ့ပါသည်။ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှလည်း ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ မော်လမြိုင် အတွက် ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရာတွင် လိုအပ်မည့် လောင်စာဆီ၊ အသုံးအဆောင်ပစ္စည်းများ၊ ပရိဘောဂများ၊ အင်တာနက်လိုင်းများ တပ်ဆင်ခြင်း၊ အခြားလိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကိုလည်း ဖြည့်ဆည်း ပံ့ပိုးပေးခဲ့ပါသည်။

More Tags