ပဲခူးတိုင်းဒေသကြီးတွင် Hospital Based Routine Immunization လုပ်ငန်းများ ပြန်လည်ဆောင်ရွက်

ပဲခူးမြို့၊ ၂၀၂၀ ပြည့်နှစ်၊ မေလ (၁၉) ရက်

     ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးတွင် Hospital Based Routine Immunization ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းကို ပြန်လည်ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသင်းသင်းလှိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး (တိုးချဲ့ကာကွယ်ဆေး/ ကူးစက်)၊ ဒေါက်တာကျော်နိုင်ဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး (ခုခံကျ-ကာလသား) တို့မှ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် မိဘအုပ်ထိန်းသူနှင့်ကလေးများ၊ ကိုယ်ဝန်ဆောင်များအား COVID-19 ရောဂါ ကူးစက်ခြင်းမဖြစ်စေရန်၊ ဘေးအန္တရာယ်ကင်းစွာဖြင့် စနစ်တကျ ထိုးနှံနိုင်ရန်နှင့် ကာကွယ်ဆေးထိုးရာတွင် လိုက်နာရမည့် စံကိုက်လုပ်ငန်းများအတိုင်း လုပ်ဆောင်ခြင်းများကို (၁၈-၅-၂၀၂၀) ရက်နေ့က သွားရောက်ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါလုပ်ငန်းများအား ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၏ လမ်းညွှန်မှုဖြင့် ဒေါက်တာသူဇာအောင်၊ ဆေးရုံအုပ်နှင့် ဒေါက်တာခင်ဝင်းမာ၊ ကလေး အထူးကုဆရာဝန်ကြီးတို့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

 

     ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးအပါအဝင် ပြည်သူ့ဆေးရုံကြီး (၆) ရုံနှင့် မြို့နယ်ပြည်သူ့ဆေးရုံများတွင်လည်း ဆေးရုံအုပ်ကြီးများနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင် များနှင့် စေတနာ့ဝန်ထမ်းများမှ အသက်(၁)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို (၁၈-၅-၂၀၂၀) ရက်နေ့မှစတင်၍ တစ်နေ့လျှင် (၅၀)ဦး ထိုးနှံပေးလျက်ရှိပြီး တစ်ပတ်လျှင် (၅) ရက်ဖြင့် (၂)ပတ်ဆက်တိုက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ နောက်လာမည့်ရက်သတ္တပတ်များတွင် (၁) ပတ်လျှင် (၁) ကြိမ် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပါသည်။

 
 

More Tags