ပုံမှန်ကာကွယ် ဆေးထိုး/ ဆေးတိုက်အစီအစဉ် ပြန်လည်စတင်ဆောင်ရွက်နေသည့် ကလေးအထူးကုဆေးရုံကြီး၊ နေပြည်တော်သို့ ပြည်ထောင်စုဝန်ကြီးသွားရောက်ကြည့်ရှု

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မေလ (၁၈) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် တာဝန်ရှိသူ များနှင့်အတူ "COVID-19 ဖြစ်ပွားမှုကြောင့် တစ်နိုင်ငံလုံးတွင် ဧပြီလမှစ၍ ယာယီရပ်ဆိုင်းထားခဲ့သော ပုံမှန်ကာကွယ်ဆေးထိုး/ ဆေးတိုက်အစီအစဉ်ကို ပြန်လည်စတင် ဆောင်ရွက်လျက်ရှိသည့် ဆေးရုံတစ်ခုဖြစ်သော ကလေးရောဂါကုဆေးရုံကြီး၊ နေပြည်တော်သို့" ယနေ့၊ နံနက်တွင် သွားရောက်ကြည့်ရှုခဲ့ပါသည်။

 

     ထို့သို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးရန် လာရောက်သည့် မိဘ၊ အုပ်ထိန်းသူများ၊ ဆေးရုံမှ တာဝန်ရှိသူများအား တွေ့ဆုံခဲ့စဉ်၌ -

• ဝန်ကြီးဌာနမှ ထိုးနှံ/တိုက်ကျွေးပေးနေသည့် (၁၂) မျိုးသော ရောဂါကာကွယ်ဆေးများကို အပြည့်အဝထိုးနှံ/ တိုက်ကျွေးခြင်းမရှိပါက ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများ ဖြစ်ပွားမှုနှင့် သေဆုံးမှုတို့မှာ COVID-19 ရောဂါထက်ပင်များပြားမည်ဖြစ်ပါကြောင်း၊

• ကာကွယ်ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးခြင်းလုပ်ငန်းအပြင် ဆေးထိုးရန် စောင့်ဆိုင်းနေစဉ်ချိန်၌ မိခင်နှင့် ကလေးကျန်းမာရေး အသိပညာပေးခြင်း၊ ကလေးအာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါ တွဲဖက် ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊

 

 

• ကာကွယ်ဆေးထိုးနှံရန်စောင့်ဆိုင်းနေစဉ် ကလေးများတွင် ဖြစ်ပွားတတ်သော ကျန်းမာရေး ပြဿနာများနှင့် ကြိုတင်ကာကွယ်ရန် နည်းလမ်းများအား ရုပ်မြင်သံကြားစက်ဖြင့်ပြသထား စေလိုပါကြောင်း၊

• ကလေး၊ ကိုယ်ဝန်ဆောင်နှင့် မိခင်တို့နှင့် ပတ်သက်သော ကျန်းမာရေးအသိပညာပေး ပိုစတာများနှင့် လက်ကမ်းစာဆောင်များသာမက လက်ကိုင်ဖုန်းများ အသုံးပြု၍ QR Code များမှ တစ်ဆင့် အင်တာနက်စာမျက်နှာသို့ဝင်ရောက်ကာ မိမိ၏ ဖုန်းအတွင်း သိမ်းဆည်းဖတ်ရှုနိုင်ရန် ပါလုပ်ဆောင်ထားရှိပါကြောင်း၊ ကလေးများ၏ မိဘ၊ အုပ်ထိန်းသူများအနေဖြင့် ကလေးများ ကာကွယ်ဆေးများအပြည့်အဝရရှိစေရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပုံမှန် ကာကွယ်ဆေးထိုး/ ဆေးတိုက်အစီအစဉ်အတိုင်း လာရောက်ထိုးနှံကြစေလိုပါကြောင်း၊

 

• ထိုသို့လာရောက်ရာတွင် လူစုလူဝေးမဖြစ်စေဘဲ ဘေးအန္တရာယ်ကင်းစွာကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေး ပေးနိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရန်အချက်များကို အမြဲမပြတ် ဂရုစိုက်ကြစေလိုပါကြောင်း၊

• ယခုကာကွယ်ဆေးထိုးနှံတိုက်ကျွေးရန် လာရောက်သည့် မိဘ၊ အုပ်ထိန်းသူများသည် ဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း ပါးစပ်နှင့် နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်လာသည်ကိုတွေ့ရှိရသဖြင့် မိမိကိုယ်တိုင်အပြင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးသူများနှင့် အခြားသူများအတွက် အကျိုးရှိမည်ဖြစ်ပါကြောင်း၊

• ကာကွယ်ဆေးထိုးရန် စာရင်းပေးသွင်းသည့် နေရာ၊ စောင့်ဆိုင်းသည့်နေရာနှင့် ကာကွယ်ဆေးထိုးခန်းတို့တွင် လူစုလူဝေးမဖြစ်စေဘဲ ဘေးအန္တရာယ်ကင်းစွာကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးပေးရေးအတွက် ဆေးရုံမှ တာဝန်ရှိသူများက စနစ်တကျဆောင်ရွက်ထားရှိမှုများကို တွေ့ရှိရပါကြောင်း ပြောကြားခဲ့ပါ သည်။

 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုခဲ့ပါ သည်။ ထိုသို့သွားရောက်ရာတွင် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်နှင့် ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေး) ဒေါက်တာစိုးဦးနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ပါသည်။

 

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID-19 ရောဂါဖြစ်ပွားနေချိန်၌ ပုံမှန်ကာကွယ် ဆေးထိုး/ ဆေးတိုက်အစီအစဉ်ကို ဧပြီလ(၁)ရက်နေ့မှစတင်၍ ယာယီရပ်ဆိုင်းခဲ့ရာမှ ယနေ့ မေလ (၁၈) ရက်နေ့တွင် မြန်မာတစ်နိုင်လုံး၌ ဆေးရုံအခြေပြု ပုံမှန်ကာကွယ်ဆေးထိုး/ ဆေးတိုက်အစီအစဉ်ကို ပြန်လည်စတင် ခဲ့ပါသည်။ ဇွန်လ(၁)ရက်နေ့မှစတင်၍ မြို့နယ်အဆင့်အောက် တိုက်နယ်/ မိခင်ကလေး/ ဒေသန္တရ/ မြို့မ/ ကျေးလက်ကျန်းမာရေးဌာနများနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ/ရပ်ကွက်/ ကျေးရွာများတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

     ဧပြီလနှင့် မေလတွင် ကာကွယ်ဆေးမထိုးခဲ့ရသည့် ကလေးများကိုပါ ပြန်လည်ထိုးနှံ၊ တိုက်ကျွေးပေးမည်ဖြစ်ရာ ပုံမှန်ကာကွယ်ဆေးထိုးသည့်အခြေအနေသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိစေရန် စတင်ထိုးနှံသည့်အချိန်တွင် ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဆေးရုံများနှင့် မိခင်ကလေး/ ဒေသန္တရ/ မြို့မကျန်းမာရေးဌာနများတွင် ရက်သတ္တပတ်တစ်ပတ်လျှင် (၅)ရက်ဖြင့် ရက်သတ္တပတ် (၂)ပတ်ဆက်တိုက် ဆောင်ရွက်သွား မည် ဖြစ်ပါသည်။

 

     နောက်ပိုင်းတွင် ရက်သတ္တပတ် တစ်ပတ်လျှင် အနည်းဆုံး(၁)ရက်ဖြင့် ဆက်လက်ထိုးနှံ တိုက်ကျွေးသွားမည်ဖြစ်ပါသည်။ ကာကွယ်ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးထိုးနှံပေးခြင်းအပြင် မိခင်နှင့် ကလေးကျန်းမာရေး အသိပညာပေးခြင်း၊ ကလေးအာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါ တွဲဖက်ဆောင်ရွက်သွားပါမည်။

 

More Tags