ယင်းမာပင်မြို့နယ်သို့ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ကွင်းဆင်းကြီးကြပ်ခြင်း ဆောင်ရွက်

ယင်းမာပင်မြို့၊ ၂၀၂၀ ခုနှစ်၊ မတ်လ (၂၈) ရက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်တွင် လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ (COVID-19) ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ပြည်သူ့ကျန်းမာ) ဒေါက်တာညီညီလွင်က ယင်းမာပင်မြို့နယ် ဆေးရုံနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ၂၀၂၀ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့၊ နံနက် (၁၁) နာရီတွင် ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ပါသည်။

 

     ပထမဦးစွာ ယင်းမာပင်မြို့နယ်ဆေးရုံသို့ သွားရောက်၍ မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာစိုးလွင်နှင့် တာဝန်ကျလက်ထောက်ဆရာဝန်များ၊ မြို့နယ်သူနာပြုဆရာမကြီးနှင့် ဆေးရုံဝန်ထမ်းများကိုတွေ့ဆုံ၍ စောင့်ကြည့်သံသယလူနာ (၂) ဦးအား သီးသန့်ခန်း၌ ဆေးရုံတင် ထားရှိမှုခြေအနေ၊ အဆိုပါ လူနာများမှ ဓာတ်ခွဲနမူနာ (နှာခေါင်းတို့ဖတ်) ယူရန် နှင့် အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်နေမှု အခြေအနေ များ၊ လူနာခန်းနှင့် အသုံးအဆောင်ပစ္စည်းများကို ပိုးသန့်စင်ခြင်း (Disinfection) ဆောင်ရွက်ရန် များ၊ ဆေးရုံတွင်လိုအပ်ချက်များကို ကွင်းဆင်းကြီးကြပ်၍ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ခဲ့ ပါသည်။

     ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပြည်ပမှ နေရပ်ပြန်ဝင်လာကြသော မြန်မာနိုင်ငံသားများကို အိမ်တွင်သီးသန့်ထားရှိပြီး အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုနေမှုအခြေအနေများ၊ သက်ဆိုင်ရာ ကျေးရွာရပ်ကွက်အလိုက် Facility Quarantine ထားရှိ၍ စောင့်ကြပ်ကြည့်ရှုနေမှုအခြေအနေများ၊ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သော ပစ္စည်းများ ရရှိဖြန့်ဝေသုံးစွဲမှု အခြေအနေများကို ကြီးကြပ်၍ လိုအပ်ချက်များကို ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ပါသည်။

     ဆက်လက်၍ ခရိုင်စီမံခန့်ခွဲမှုကော်မတီဉက္ကဌ၊ ဦးခင်မောင်ထွန်းနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ရန်ပုံငွေရှာဖွေရေးကော်မတီ နှင့် မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီအဖွဲ့နှင့် တွေ့ဆုံ၍ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သောပစ္စည်းများ ထောက်ပံ့ ပေးထားမှုအခြေအနေများ၊ ကော်မတီအနေဖြင့် ထပ်မံထောက်ပံ့ပေးရန် လိုအပ်ချက်များ၊ ကျန်းမာရေးရှုထောင့်မှ ဆောင်ရွက်ပေးနိုင်မည့် နည်းပညာပိုင်းဆိုင်ရာကိစ္စများကို ဆွေးနွေး အကြံပြုခဲ့ပါသည်။

More Tags