မော်လိုက်မြို့နယ်တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မော်လိုက်၊ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၇ ရက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် COVID-19 ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေး ခရိုင်/မြို့နယ်အဆင့်လုပ်ငန်းကော်မတီများ၊ မြို့မိမြို့ဖများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ (၂၇) ရက်နေ့တွင် မော်လိုက်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန် က အဖွင့်အမှာစကားပြောကြားပြီး COVID-19 ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေး ခရိုင်အဆင့်လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်၊ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ခရိုင်အဆင့်လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်ဝင်းထွန်းတို့က ကိုရိုနာဗိုင်းရပ်(စ်) COVID-19 ရာဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် အသိပညာပေးလုပ်ငန်းများ၊ ကမ်းနားလမ်းတလျှောက်နှင့် မြို့မဈေးကြီးအတွင်းတို့၌ လက်ဆေး ဘေစင်များ ဆောင်ရွက်ထားရှိမှုများ ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးခြင်းများ နှာခေါင်းစည်းများ ဖြန့်ဝေခြင်းလုပ်ငန်းနှင့် ပြင်ပနိုင်ငံများမှ ပြန်ရောက်လာကြသူများအား Home Quarantine နှင့် Community Based Facility Quarantine ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

 

     စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့သည် မော်လိုက်ခရိုင်ပြည်သူ့ဆေးရုံတွင် COVID-19 ရောဂါသံသယလူနာများအတွက် Isolation Unit စီစဉ်ဆောင်ရွက်ထားမှုများ မော်လိုက်မြို့(အထက)ကျောင်းတွင် ပြင်ပနိုင်ငံမှ ပြန်ရောက်လာသူတစ်ဦးအား Community Based Facility Quarantine ထားရှိမှုများနှင့် မြို့အဝင် (မစက)ရုံး ရှေ့တွင် ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

More Tags