ပင်းတယမြို့၌ COVID-19 ကမ္ဘာ့ကပ်ရောဂါ ကြိုတင်ကာကွယ်မှုလုပ်ငန်းများအကြောင်း ဆွေးနွေး

ပင်းတယ၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၀ ရက်

     ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြိုတင်ကာကွယ်မှုလုပ်ငန်းများ ဆွေးနွေးပွဲအခမ်းအနားကို မတ်လ ၂၀ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးနေမျိုးဇော်က လက်ရှိကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားလျက်ရှိသော ကမ္ဘာ့ကပ်ရောဂါကူးစက်ပျံ့နှံပုံ၊ မြို့နယ်အတွင်းကြိုတင်ကာကွယ်ထားမှု အခြေအနေများအကြောင်းနှင့် ကပ်ရောဂါဖြစ်ပွားနေသောကာလ၌ မြို့နယ်ရပ်ကွက်ကျေးရွာများတွင် ကျင်းပမည့် အလှူပွဲများကိုကြိုတင်ကာကွယ်မှုများ ဆောင်ရွက်နိုင်ရန်အကြောင်းတို့ကို ပြောကြားပေးခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာကျော်ကျော်ဟိန်းက "တရုတ်ပြည်သူ့သမ္မတနိုင်ငံဝူဟန်မြို့မှ စတင်ကူးစက်ဖြစ်ပွားသောအဆုတ်ရောင်ရောဂါ (COVID-19) ကာကွယ်ပါ" ခေါင်းစဉ်ဖြင့် ကမ္ဘာ့နိုင်ငံ အများအပြားတွင် ကူးစက်ပြန့်ပွား၍ လူများသေဆုံးလျှက်ရှိသော ကမ္ဘာ့ကပ်ရောဂါ COVID-19 အဆုတ်ရောင်ရောဂါလက္ခဏာများ အကြောင်း၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာလူနာများ၏ အခြေအနေများအကြောင်းနှင့် ကြိုတင်ကာကွယ်နိုင်ရန်နည်းလမ်းများအကြောင်းကို ရှင်းလင်းပြောကြားပေးခဲ့သည်။

 

     ထို့နောက် မြို့နယ်ပညာရေးမှူးရုံး ဒုတိယမြို့နယ်ပညာရေးမှူးဦးသီဟက COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်ပညာရေးနှင့်ပတ်သက်သော အခမ်းအနားများ၊ ကိုယ်ပိုင်အထက်တန်ကျောင်းများနှင့် ဘော်ဒါဆောင်များမှဖွင့်လှစ်မည့် ကျူရှင်နှင့်သင်တန်းများကို ဆိုင်းငံ့ကာလများတွင် ပိတ်ထားပေးရန်အကြောင်းကိုလည်းကောင်း၊ မြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးမှ ဒုဦးစီးမှူးဒေါ်စုထားဝေက မူလတန်းကြိုကျောင်းနှင့်နေ့ကလေးထိန်းကျောင်းများ ဆိုင်းငံ့ကာလများတွင် ပိတ်သိမ်းထားပေးရန် ကိုလည်းကောင်း သက်ဆိုင်ရာကျောင်းများအား ပန်ကြားပေးနိုင်ရန် ဆွေးနွေးတင်ပြခဲ့ပြီး ဖော်ပြပါကျောင်းများခေတ္တပိတ်သိမ်းထားရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။ ၎င်းနောက် တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်တာဝန်ရှိသူများ၊ ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရားဂေါပကအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အထက်တန်းကျောင်းအုပ်ဆရာမကြီးများ၊ ဘော်ဒါဆောင်ပိုင်ရှင်များ၊ မူကြိုကျောင်းအုပ်ဆရာ/မများ၊ ကျူရှင်နှင့်သင်တန်းဆရာ/မများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက သိလိုသည်များကိုပြန်လည်မေးမြန်းကြရာ အလှူပွဲများ၌အတတ်နိုင်ဆုံးကာကွယ်မှုဆောင်ရွက်ပေးရန်၊ ရွှေဥမင်ဘုရားနှင့် အထင်ကရနေရာများသို့ လာရောက်ကြသည့်ပြည်တွင်းဘုရားဖူးများနှင့် ကမ္ဘာလှည့်ခရီးသွားများ ကုစောင့်ကြည့်ရန်၊ ကျူရှင်များနှင့်သင်တန်းများကို ခေတ္တပိတ်သိမ်းထားရန်၊ မူကြိုနှင့်နေ့ကလေးထိန်းကျောင်းများ ပိတ်သိမ်းထားရန်၊ သင်္ကြန်ကာလ၌ မဏ္ဍပ်ဖွင့်ရေကစားခြင်းများ ရှောင်ကြဉ်ကြရန် စသည့်အချက်အလက်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရှိရသည်။ ဆွေးနွေးပွဲသို့တက်ရောက်လာ ကြသူများအား COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ရောဂါအကြောင်းသိကောင်းစရာ ပိုစတာဗွီနိုင်း စသည်များနှင့် လက်ကမ်းစာစောင်များအား မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်းလည်းသိရှိရသည်။

More Tags