၂၀၂၄ ခုနှစ်၊ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ (World TB Day) အထိမ်းအမှတ်အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးတက်ရောက်

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ မတ်လ (၂၂) ရက်

      ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် နေပြည်တော်၌ ယနေ့၊ နံနက် (၈:၄၅) နာရီတွင် ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ (World TB Day) အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

 

     အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ -

• မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီ၊ တီဘီ/အိပ်ချ်အိုင်ဗွီနှင့် ဆေးယဉ်ပါးတီဘီရောဂါအဖြစ်အများဆုံး နိုင်ငံ(၃၀)တွင် အပါအဝင်ဖြစ်ပြီးWHO ၏ Global TB report (2023)အရ (၂၀၂၂) ခုနှစ်တွင် မြန်မာနိုင်ငံ၌ လူဦးရေတစ်သိန်းတွင် တီဘီလူနာသစ်ဖြစ်ပွားနှုန်း(၄၇၅)ဦးရှိပြီး သေဆုံးနှုန်းမှာ (၈၀)ဦးရှိနိုင်ကြောင်း ခန့်မှန်းထားပါကြောင်း။

• ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းမှ ဦးဆောင်ကာ ပြည်တွင်း/ပြည်ပမိတ်ဖက်အဖွဲ့အစည်းများနဲ့ပူးပေါင်း၍ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားမဟာဗျူဟာစီမံကိန်း(National Strategic Plan) ၂၀၂၁-၂၀၂၅ နှင့်အညီ ဆောင်ရွက် လျက်ရှိပါကြောင်း။

• တီဘီရောဂါကာကွယ်ကုသရေးလုပ်ငန်းများအတွက် တီဘီဆေးများဝယ်ယူရန် (၂၀၁၅-၁၆) ဘဏ္ဍာ ရေးနှစ်မှစတင်၍ နိုင်ငံတော်ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းပေးလျက်ရှိပြီး နှစ်စဉ်ရန်ပုံငွေများ တိုးမြှင့်ခွဲဝေချထားပေးလျက်ရှိပါကြောင်း။

• (၂၀၂၃)ခုနှစ်တွင် စုစုပေါင်းတီဘီလူနာ တစ်သိန်းနှစ်သောင်းကျော် ရှာဖွေကုသပေးနိုင်ခဲ့ပြီး ဆေးကုသမှုအောင်မြင်နှုန်းမှာ (၈၈%)ရရှိခဲ့ကြောင်း၊ တီဘီရောဂါရှာဖွေတွေ့ရှိမှုနည်းသည့် ဒေသများတွင် တီဘီရောဂါရှိပြီး ဆေးကုသမှုမရရှိနိုင်သေးသည့် လူနာများရှိနိုင်သဖြင့် ပိုမိုကြိုးစား ရှာဖွေပေးရန် လိုအပ်ပါကြောင်း၊ တီဘီရောဂါဟာ ကုသပျောက်ကင်းနိုင်သည့် ရောဂါတစ်ခု ဖြစ် သည့်အတွက် စောစီးစွာ ရှာဖွေဖော်ထုတ်ကုသနိုင်ပါက ပြည်သူလူထုအတွင်း တီဘီရောဂါကူး စက်ပြန့်ပွားမှုကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ တီဘီလူနာအရှိန်အဟုန်မြှင့်ရှာဖွေခြင်းလုပ်ငန်း များကို တိုးချဲ့ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တီဘီလူနာများအားမဖြစ်မနေ မပျက်မကွက် သတင်းပို့နိုင်ရေးအတွက် ပုဂ္ဂလိကဆေးရုံ/ဆေးခန်းများအနေဖြင့် ယခုထက်ပိုမိုပါဝင်ဆောင်ရွက် ရန် တိုက်တွန်းလိုပါကြောင်း။

 

• ၂၀၂၃ ခုနှစ်အတွင်း တီဘီလူနာရှာဖွေတွေ့ရှိမှု၏ ၁၈ % မှာ ကလေးများတွင်ဖြစ်ပြီး အသက်(၈) နှစ်အောက် ကလေးများ၏ သလိပ်နှင့် Stool Specimen ကို GeneXpert စက်ဖြင့် တီဘီပိုးရှာဖွေ စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆေးယဉ်ပါးတီဘီရောဂါရှာဖွေခြင်းကို လူနာများ လက်လှမ်းမီစေရန် Rapid Diagnostic Test ဖြစ်သော GeneXpert စက် (၁၁၀) လုံးကို တီဘီရောဂါတိုက်ဖျက်ရေးဌာန (၈၆)ခုတွင် တပ်ဆင်လွှမ်းခြုံ ဆောင်ရွက်လျက်ရှိပြီး အမျိုးသား မှီငြမ်းပြုတီဘီဓါတ်ခွဲဌာန(ရန်ကုန်)တွင် အဓိကဆောင်ရွက်လျက်ရှိကာ မန္တလေးနှင့် တောင်ကြီးတို့တွင် အားဖြည့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆေးယဉ်ပါးတီဘီရောဂါကုသမှု တွင် (၆)လ သို့မဟုတ် (၉)လထိသာ ဆေးကုသမှုခံယူရမည့် ကုထုံးသစ် (BPaLM/ BPaL)ကို ဆေးယဉ်ပါး တီဘီလူနာကုသမှုပေးနေသည့်ဌာနများတွင် အသုံးပြုဆောင်ရွက်လျက် ရှိပါကြောင်း။

• တီဘီ‌ရောဂါကို ရှာဖွေကုသပေးရုံမျှသာမက တီဘီလူနာနှင့်အတူနေ မိသားစုထဲမှ အသက် (၅)နှစ်အောက်ကလေးများနှင့် တီဘီ/အိပ်ချ်အိုင်ဗွီရောဂါဝေဒနာရှင်များအား တီဘီရောဂါ မဖြစ်အောင်ကာကွယ်ကုသခြင်း(TB Preventive Therapy, TPT) ကို လက်ရှိအခြေအနေထက် ပိုမိုထိရောက်အောင် ဆောင်ရွက်သွားကြရန် အရေးကြီးပါကြောင်း၊ တီဘီလူနာနှင့်အတူနေသူ အသက်(၅)နှစ်အထက်ရှိသူများအားလည်း တိုးချဲ့ကုသမှုပေးနိုင်ရေး စီစဉ်လျက်ရှိပါ ကြောင်း။

 

• ၂၀၂၃ ခုနှစ်အတွင်း တီဘီလူနာအားလုံး၏ ၉၃% ကို HIV ပိုးရှိမရှိ စစ်ဆေးနိုင်ခဲ့ပြီး HIV ပိုးတွေ့ တီဘီလူနာ (၇၉၃၆) ဦးအနက် ၇၆% အား ART ဆေးရရှိအောင် ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း။

• (၂၀၂၄) ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “Yes! We can End TB!” “တီဘီရောဂါပပျောက်ဖို့၊ အားလုံးဝိုင်းဝန်းပူးပေါင်းလို့၊ ပံ့ပိုးကူညီဆောင်ရွက်စို့။” နှင့်အညီ တီဘီရောဂါပပျောက်နိုင်ရေးအတွက် ကာကွယ်ကုသရေးလုပ်ငန်းများကို လူတိုင်း လက်လှမ်းမီရရှိနိုင်ရန် အားလုံးပူးပေါင်း၍ ပံ့ပိုးဆောင်ရွက်ရမှာဖြစ်ပါကြောင်း ပြောကြားပါသည်။

 

• ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်လာကြသူများသည် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး (၂၀၂၄)ခုနှစ်၊ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ပြခန်းသို့ လှည့်လည်ကြည့်ရှုခဲ့ရာ အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း၏ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ကြပါသည်။

• အဆိုပါဖွင့်ပွဲအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ နှီးနွယ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့ အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

More Tags