(၁၈) ကြိမ်မြောက် အာရှဘိလိယက်ပြိုင်ပွဲနှင့် အာရှ အသင်းလိုက်ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတက်ရောက်ဆုချီးမြှင့်

ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့

     (၂၀၁၉) ခုနှစ်၊ ဧပြီလ(၂၇)ရက်နေ့ မှမေလ(၃)ရက်နေ့အထိ အိန္ဒိယနိုင်ငံ ၊ Chandigarh မြို့တွင် ကျင်းပပြုလုပ်ခဲ့သော (၁၈)ကြိမ်မြောက် အာရှဘိလိယက်ပြိုင်ပွဲနှင့် ကာတာနိုင်ငံတွင်ကျင်းပခဲ့သော အာရှစနူကာအသင်းလိုက်ပြိုင်ပွဲတွင် ဆုရရှိခဲ့သော အားကစားသမားများအား ဆုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ဇူလိုင်လ (၁၃)ရက်နေ့၊ ညနေပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် အလံပြ ဘုရားလမ်း ParkRoyal Yangon (Yadanar Grand Ballroom) ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး တက်ရောက်ကာ ဆုများချီးမြှင့်ပေးခဲ့ သည်။


 

     အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး(ငြိမ်း) ဦးသောင်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးများ ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းထွန်း၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာ အဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာမင်းနိုင်၊ ဒုတိယဥက္ကဌများနှင့် အမှုဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဆုရအားကစားသမားများ တက်ရောက်ကြသည်။


 

     ရှေးဦးစွာ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာမင်းနိုင် က ပြိုင်ပွဲနှင့် ပတ်သက်၍ ဆုရရှိခဲ့မှုများကို ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကားပြောကြားခဲ့သည်။


 

     ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ကာတာနိုင်ငံတွင်ကျင်းပခဲ့သော အာရှစနူကာအသင်းလိုက်ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သော ကိုထက်နှင့် ဝင်းကိုကိုတို့အား ဂုဏ်ပြုဆုငွေကျပ် (၂၅)သိန်းနှင့် အိန္ဒိယနိုင်ငံ ၊ Chandigarh မြို့တွင် ကျင်းပပြုလုပ်ခဲ့သော (၁၈)ကြိမ်မြောက် အာရှဘိလိယက်ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သော ချစ်ကိုကိုတို့အား ဂုဏ်ပြုဆုငွေ ကျပ် (၂၅)သိန်းတို့ကို ပေးအပ်ချီးမြှင့်၍ လည်းကောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးနှင့် မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာမင်းနိုင် တို့က အိန္ဒိယနိုင်ငံ ၊ Chandigarh မြို့ တွင် ကျင်းပပြုလုပ်ခဲ့သော (၁၈) ကြိမ်မြောက် အာရှဘိလိယက်ပြိုင်ပွဲတွင် ပထမဆု ရွှေတံဆိပ်ရရှိခဲ့သော အာရှချန်ပီယံ နေသွေးဦးအား ဂုဏ်ပြုဆုငွေကျပ် (၁၂၅) သိန်းအား ပေးအပ်ချီးမြှင့်ခဲ့သည်။


 

     ဆက်လက်၍ အာရှချန်ပီယံ နေသွေးဦး က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆုရအားကစားသမားများနှင့်အတူ အမှတ်တရ စုပေါင်း မှတ်တမ်းဓါတ်ပုံ ရိုက်ကာ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသတင်းရရှိသည်။


 
 
 

More Tags