အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှုများဆောင်ရွက်လျက်ရှိရာနေရာများနှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတို့သို့ ပြည်ထောင်စုဝန်ကြီး ကွင်းဆင်းသွားရောက်၍ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၊ ပရဟိတစေနာ့ဝန်ထမ်းများအား တွေ့ဆုံအားပေး၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

ရန်ကုန်၊ (၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၄) ရက်နေ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှုများ ဆောင်ရွက်လျက်ရှိရာ နေရာများသို့ ကွင်းဆင်းသွားရောက် ကြည့်ရှုခဲ့ပါသည်။

ရှေးဦးစွာ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှုခံနေရသူ (၂၁၈) ဦးအားထားရှိထားသည့် လှည်းကူးမြို့နယ်ရှိ ဓမ္မရံသီကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတိုက်ဆရာတော် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသုနန္ဒအား တွေ့ဆုံလျှောက်ထားရာတွင် -

• ယခုကဲ့သို့ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့်ထိန်းချုပ်ရေးလုပ်ငန်းတွင် အလွန်အရေးကြီးသည့် အသွားအလာ ကန့်သတ်ရန်နေရာများ ပံ့ပိုးပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုရာနေရာတွင် ပရဟိတစေတနာ့ ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်နေသူ များအား တွေ့ဆုံ၍ ကျေးဇူးတင်စကားနှင့် အားပေးစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ဝေဘာဂီအထူးကု ဆေးရုံကြီးသို့သွားရောက်၍ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် မိမိစိတ်ဆန္ဒအလျှောက် အဆိုပြုတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား တွေ့ဆုံ၍ ကျေးဇူးတင်စကားနှင့် အားပေးစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဆေးရုံဝန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး CT Scan ဓာတ်မှန်စက်ကြီးနှင့် Oxygen Plant တပ်ဆင်ထားရှိတော့မည့် နေရာများကို ကြည့်ရှုခဲ့ကာ လူနာများထားရှိ ကုသမှုပေးရန် ထပ်မံလိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြောက်ဥက္ကလာပပြည်သူ့ ဆေးရုံကြီးမှ COVID-19 ရောဂါလူနာနှင့် ထိတွေ့ခဲ့သည့် ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်း (၁၆) ဦး အသွားအလာ ကန့်သတ်မှုစောင့်ကြပ်ကြည့်ရှုမှုခံယူနေရာ ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်ရှိ ဝန်ထမ်းအိမ်ရာ (၄) ထပ်ဆောင်သစ်သို့ သွားရောက်ခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ တောင်ဥက္ကလာပ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးရှိ (၄) ထပ်ဆောင်သစ်သို့ သွားရောက်ခဲ့ရာတွင် ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လက်ရှိစောင့်ကြည့်လူနာများထားရှိရာမှ COVID-19 လူနာများအား ထားရှိကုသမှုပေးရန်နှင့် ရောဂါပြင်းထန်သော လူနာများအား အထူးကြပ်မတ် ကုသမှုပေးရန် လိုအပ်သော စက်ပစ္စည်းကိရိယာများ တပ်ဆင်ထားရှိမှုနှင့် စီစဉ်ထားရှိမှုများနှင့် လိုအပ်သည်များကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက Oxygen Plant တပ်ဆင်အသုံးပြုရန်နှင့် အခြားလိုအပ်သည်များကို စီစဉ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။


အဆိုပါ ဆေးရုံများသို့ သွားရောက်စဉ်တွင် ပြည်ထောင်စုဝန်ကြီးက -

• COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ပြည်သူများအကျိုးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများ၊ ပံ့ပိုးဆောင်ရွက်နေသည့် အလှူရှင်များ၊ ပူးပေါင်းဆောင်ရွက်နေသည့် နှီးနွှယ်ဌာန/ အဖွဲ့အစည်းများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ယခင်ကတည်းက တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံများတွင် အထူးကြပ်မတ်ကုသဆောင်များကို အဆင့်မြှင့်တင်မှုများပြုလုပ်ပြီး ဆရာဝန်များ၊ သူနာပြုများနှင့် ကုသမှုအထောက်အကူပြုပညာရှင်များကို အထူးကြပ်မတ်ကုသမှုဆိုင်ရာ မွမ်းမံသင်တန်းများပြုလုပ်ရန် စီစဉ်ထားရှိခဲ့ရာ ယခုကဲ့သို့ COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုတွင် အဆိုပါ သင်တန်းများနှင့် အဆင့်မြှင့်တင်မှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

• ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြင့် ယခုဖြစ်စဉ်အတွက်သာမက ရေရှည်အတွက်ပါ အကျိုးရှိစေမည်ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပိုမိုတိုးတက်ကောင်းမွန်စေမည် ဖြစ်ပါကြောင်း၊

• ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 လူနာများအား သီးသန့်ထားရှိ ကုသမှုပေးနိုင်ရန်အတွက် ဆေးရုံများ ကြိုတင်ပြင်ဆင်ထားရှိနေသကဲ့သို့ မန္တလေးတိုင်းဒေသကြီးတွင်လည်း ခုတင် (၃၀၀) ဆံ့သင်ကြားရေး ဆေးရုံကြီးကို designated hospital အဖြစ် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပါကြောင်း၊

• COVID-19 ကုသရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင်လည်း ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် Clinical Management Team များဖွဲ့စည်းထားရှိကာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊

• COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဆေးနှင့်ဆေး ပစ္စည်းများ၊ စက်ကိရိယာများနှင့် ဓာတ်ခွဲပစ္စည်းများကို ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး ထပ်မံလိုအပ်ပါက အမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြသွားမည်ဖြစ်ပါသဖြင့် သက်ဆိုင်ရာ ဆေးရုံအလိုက် လိုအပ်သည်များကို စာရင်းပြုစု၍ အမြန်ဆုံး တင်ပြကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုမှု ခံနေရသူ (၂၅) ဦးအားထားရှိရာ သုဝဏ္ဏဘောလုံးအကယ်ဒမီနှင့် အသွားအလာကန့်သတ် စောင့်ကြပ် ကြည့်ရှုမှုခံနေရသူ (၁၄၅) ဦးအားထားရှိရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့သို့ သွားရောက်၍ ဆောင်ရွက်နေသည်များကို ကြည့်ရှုခဲ့ပြီး ပရဟိတ စေတနာ့ဝန်ထမ်းများအား တွေ့ဆုံ၍ ကျေးဇူးတင်စကားနှင့် အားပေးစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ယနေ့၊ နေ့လယ်တွင် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) သို့သွားရောက်ကာ COVID-19 နှင့် ပတ်သက်၍ ပြည်သူများ သိရှိလိုသည်များ မေးမြန်းနိုင်ရန် Call Center တစ်ခု ပြုလုပ်သွားရန် စီစဉ်ထားရှိမှုအခြေအနေများ ရှင်းလင်း တင်ပြပွဲသို့တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် -

• တယ်လီဖုန်းနံပါတ် ၂၀၁၉ သတ်မှတ်ထားပြီး ပြည်သူများမှ အခမဲ့ခေါ်ဆိုနိုင်မည့် Call Center ကို Blue Ocean ကုမ္ပဏီလီမီတက် နှင့် OnDoctor ကုမ္ပဏီလီမီတက် တို့၏ ပံ့ပိုးမှုဖြင့် ယခုလ၊ ဒုတိယအပတ်မှ စတင်၍ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆေးသုတေသန ဦးစီးဌာနမှ ဝန်ထမ်း (၅၀) ဦးက တာဝန်ထမ်းဆောင် ဖြေကြားပေးသွားမည့် ကိစ္စရပ်များနှင့် ဆောင်ရွက်မည့် အသေးစိတ်အစီအစဉ်များကို ဆွေးနွေးခဲ့ပါသည်။
ထို့နောက် ဆေးသုနတသနဦးစီးဌာန (ရန်ကုန်) ညွှန်ကြားရေးမှူး ဒေါက်တာဝါဝါအောင်က ဆေးသုနေသနဦးစီးဌာန (ရန်ကုန်)မှ Advance Molecular Research Center ရှိ ဇီဝလုံခြုံမှု အဆင့် (၂ +) (Biosafety level (2 plus)) တွင် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် ထပ်မံဖြည့်ဆည်းရန် လိုအပ်သည်များကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ပြန်လည်ဆွေးနွေး ပြောကြားခဲ့ ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့် အတူ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့သွားရောက်၍ RT-Polymerase Chain Reaction (PCR) နည်းပညာအသုံးပြု၍ COVID-19 အတွက် ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရာတွင် ဓာတ်ခွဲနမူနာများရယူခြင်း၊ လက်ခံခြင်း၊ ထုတ်ယူခြင်းနှင့် ပြင်ဆင်ခြင်း၊ ဓာတ်ခွဲနမူနာမှ Ribonucleic Acid (RNA) ထုတ်ယူခြင်း၊ Mastermix Preparation ပြုလုပ်ခြင်း၊ PCR ဖြင့် စစ်ဆေးခြင်း၊ ဓာတ်ခွဲအဖြေထုတ်ခြင်း လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုများကို ကြည့်ရှုခဲ့ပါသည်။


ဆက်လက်၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲ မှုဆိုင်ရာဌာန (ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဌေးဌေးတင်က -

• ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် ရရှိထားပြီးနှင့် ရရှိရန်ရှိသော ဓာတ်ခွဲပစ္စည်းများ၊

• လက်ရှိ ဓာတ်ခွဲစစ်ဆေးဆောင်ရွက်နေမှုများနှင့် ဓာတ်ခွဲနမူနာများရရှိနေမှုအခြေအနေများ၊
• AA Medical Product ကုမ္ပဏီလီမီတက်မှ လှူဒါန်းသည့် Cobas 6800m PCR စက်နှင့် UNICEF အဖွဲ့မှ လှူဒါန်းသည့် reagent (၁၀,၀၀၀) တို့ ယခုလအတွင်းတွင် ရောက်ရှိမည့် ကိစ္စရပ်များ၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းမှ အသုံးပြုနေသည့် Gene-Xpert စက်များဖြင့် သတ်မှတ်ဓာတ်ခွဲပစ္စည်း Cartridge နှင့် တွဲဖက်အသုံးပြု၍ COVID-19 ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ပိုးကိုစစ်ဆေးနိုင်မှုနှင့် ထိုသို့စစ်ဆေးရာတွင် ရောဂါပိုး ပြန့်ပွားကူးစက်မှုမရှိစေရေး Biosafety Cabinet (Class IIA2) များ အသုံးပြုရန် လိုအပ်မှုကိစ္စရပ်များ၊

• COVID-19 နှင့်ပတ်သက်၍ Rapid diagnostic test kit များ အသုံးချ စစ်ဆေးမှုများပြုလုပ်မှုနှင့် ပတ်သက်၍ အားနည်းချက်နှင့် အားသားချက်များ၊ လိုအပ်သည်များအား တင်ပြဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဓာတ်ခွဲစစ်ဆေးမှုပြုလုပ်နိုင်ရန် ဓာတ်ခွဲနမူနာများ ပိုမိုပေးပို့နိုင်ရန် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် ကိစ္စရပ်များ၊ လက်ရှိ အခြေအနေများအရ Rapid diagnostic test kit များကို အသုံးချ နိုင်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ Gene-Xpert စက်များအား အသုံးချဆောင်ရွက်နိုင်ရေး စီစဉ် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် လိုအပ်သည်များကို အမြန်ဆုံးဖြည့်ဆည်းပေးမည့် အစီအစဉ်များကို ပြန်လည်ဆွေးနွေးခဲ့ပါသည်။

ထိုသို့သွားရောက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ပါသည်။

 

More Tags