အိုမီခရွန် (Omicron) အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာ မိမိကစ၍ ကာကွယ်ပါ (17-1-2022)

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)နှင့် ပတ်သက်၍ ရောဂါဖြစ်ပွားမှုများကို မျက်ခြေမပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကာ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်း၊ အသွားအလာ ကန့်သတ်၍ သီးသန့်ခွဲခြားထားရှိရာနေရာ (Quarantine Center) များ၊ ကုသရေးစင်တာ (Treatment Center) များနှင့် အောက်စီဂျင်အပါအဝင် ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင် ပြင်ဆင်ခြင်း၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ အလှူရှင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုးနှင့် ပတ်သက်၍ မိဘပြည်သူများအနေဖြင့် အလွန်အမင်းစိုးရိမ်ကြောင့်ကြခြင်းမပြုဘဲ တစ်ဦးချင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အခြေခံ စည်းမျဉ်း စည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ သံသယရောဂါလက္ခဏာရှိသူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့ခြင်း၊ အလှည့်ကျရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု မပျက်မကွက် အကြိမ်ပြည့်ခံယူခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန်အတွက် ကျန်းမာရေးဌာနသို့ ဆက်သွယ် ပို့ဆောင်ပေးခြင်း စသည်တို့ကို မမေ့မလျော့ သတိပြု၍ ဆောင်ရွက်ကြပါရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေသည့် လုပ်ငန်းများကို ကျရာကဏ္ဍမှ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေး ကြပါရန် အသိပေးတိုက်တွန်း  နှိုးဆော်အပ်ပါသည်။

COVID-19 ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
 

 

 
 

More Tags