သတ္တမအကြိမ်မြောက် အာရှဒေသ ကာကွယ်ဆေးညီလာခံ (The 7th Asian Vaccine Conference)သို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြား

Union Minister Dr. Myint Htwe attends “The 7th Asian Vaccine Conference”

ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊  စက်တင်ဘာလ (၁၄) ရက်

      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့ နံနက်ပိုင်းတွင် Hotel Lotte တွင် ထင်ရှားကျော်ကြားသော တက္ကသိုလ်များ၊ အဖွဲ့အစည်းများမှ ပညာရှင်များနှင့် နိုင်ငံပေါင်း (၃၁)နိုင်ငံမှ ကိုယ်စားလှယ်(၃၀၀)ဦးခန့်နှင့် ပြည်တွင်းမှ ဆေးပညာရှင်(၄၀၀)ဦးခန့် တက်ရောက်သော သတ္တမအကြိမ်မြောက် အာရှဒေသ ကာကွယ်ဆေးညီလာခံ (The 7th Asian Vaccine Conference) သို့တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။  ပထမဦးစွာ အာရှပစိဖိတ်ဒေသ ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ မိတ်ဖက်အဖွဲ့ (Immunization Partners of Asia Pacific- IPAP)၏ ဥက္ကဌ Professor Emeritus Lulu Bravo က နှုတ်ခွန်းဆက်အမှာစကားကိုလည်းကောင်း၊ ညီလာခံဥက္ကဌ ပါမောက္ခဒေါက်တာစောဝင်းက မိတ်ဆက်စကား များကို အသီးသီးပြောကြားကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -
- ဤညီလာခံကြီးသည် ထင်ရှားကျော်ကြားသော နိုင်ငံတကာတက္ကသိုလ် အဖွဲ့အစည်းများမှသုတေသနသိပ္ပံပညာရှင်များ၊ ကာကွယ်ဆေးဆိုင်ရာ ပညာရှင်များ၊ ကလေး အထူးကု ဆရာဝန်များ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်မန် နေဂျာများ၊ ပြည်သူ့ကျန်းမာရေးပညာရှင်များ၊ ကာကွယ်ဆေးနှင့် ဆက်စပ်လျက်ရှိသော အဖွဲ့အစည်း များ၊ လုပ်ငန်းနယ်ပယ် အသီးသီးမှကိုယ်စားလှယ်များစွာ ပါဝင်သော ထူးခြား သော ညီလာခံကြီးတစ်ခုဖြစ်ပါကြောင်း၊
- ကာကွယ်ဆေးနှင့်ပတ်သက်သော နည်းပညာနှင့် အသိပညာဆိုင်ရာ ဖြစ်ထွန်း တိုးတက် ပြောင်းလဲမှုများကို ဆွေးနွေးမျှဝေကြမည်ဖြစ်၍ တက်ရောက်လာသူ အားလုံးအတွက် များ စွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊
- ဤညီလာခံကြီးနှင့်အတူ “အာရှနိုင်ငံများမှ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက် မန်နေဂျာများအစည်းအဝေး” နှင့် “ညီလာခံအကြိုအလုပ်ရုံဆွေးနွေးပွဲ” နှင့် “ကာကွယ်ဆေးဗေဒဆိုင်ရာ အဆင့်မြင့်သင်တန်း (Vaccinology Master Course) ကို ပူးတွဲ ကျင်းပရုံသာမက ပင်မညီလာခံကြီးတွင်လည်း နိုင်ငံပေါင်း (၁၅)ခုမှ ထင်ရှား ကျော်ကြားသော ပညာရှင် (၅၅)ဦးက Plenary Lectures,Symposia နှင့် Panel discussion များဖြင့် ဆွေးနွေးဟောပြောကြမည်ကို သိရှိရပါကြောင်း၊


- ယခုကဲ့သို့အသိဉာဏ်ပညာဆိုင်ရာ နှီးနှောဖလှယ်ဆွေးနွေးပွဲကြီးသို့ တက်ရောက်လာကြသူများ အနေဖြင့် တတ်နိုင်သမျှ ကြိုးစားအားထုတ်လေ့လာကြပါရန် တိုက်တွန်းလိုပါကြောင်း၊
- မြန်မာနိုင်ငံ ကလေးဆေးပညာအဖွဲ့ (Myanmar Paediatric Society)၊ တိုးချဲ့ ကာကွယ် ဆေးထိုးလုပ်ငန်းစီမံချက်၊ ဆေးသုတေသနဦးစီးဌာနနှင့် ဆေးတက္ကသိုလ် များမှ တာဝန်ရှိသူများအနေဖြင့် ဤညီလာခံသို့တက်ရောက်လာသော နိုင်ငံတကာ အဖွဲ့အစည်းများ၊ တက္ကသိုလ်များမှ ပညာရှင်များနှင့် ဆက်သွယ်ချိတ်ဆက် ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊
- ကာကွယ်ဆေးဗေဒပညာနှင့် ကိုယ်ခံအားနှင့်ရောဂါပြီးစနစ်ဆိုင်ရာ ပညာရပ်များ နှင့်ပတ် သက်၍ ဆေးတက္ကသိုလ်များတွင် လက်ရှိသင်ကြားနေမှု အတိုင်းအတာကို ပြန်လည် သုံးသပ်၍ လိုအပ်ပါက အားဖြည့်သင်ကြားရန်လိုအပ်ကြောင်း၊ ကာကွယ်ဆေးအတတ်ပညာနှင့် နည်းပညာ ဆိုင်ရာနိုင်ငံတကာသင်တန်းများသို့ ဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်နိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း၊- ထို့အပြင် ကာကွယ်ဆေးနှင့်ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ဆက်စပ်သောအကြောင်း အချင်းအရာများနှင့်ပတ်သက်သော သုတေသနများ မိမိနိုင်ငံအတွင်း မည်မျှ အတိုင်းအတာအထိဆောင် ရွက်နေသည်ကိုလည်း လေ့လာ ဆန်းစစ်ရန် လိုအပ် ပါကြောင်း၊
- ကာကွယ်ဆေးနှင့်ပတ်သက်သော ပြည်တွင်း/ ပြည်ပ မူဝါဒများ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ စဉ်းစားရမည့်အချက်များ၊ အရည်အသွေးနှင့် လုံခြုံစိတ်ချရမှုဆိုင်ရာ စစ်ဆေးခြင်း၊ ခွင့်ပြုချက်လိုင်စင်ထုတ်ပေးခြင်းနှင့် စျေးကွက်တင်ပြီးနောက် စုံစမ်းထောက်လှမ်းခြင်း ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အာဏာပိုင်များ၏အခန်းကဏ္ဍ၊ ရောဂါပြီးစနစ်နှင့် ခုခံအား ဆိုင်ရာ အခြေခံအသိအမြင်များကို မိမိအပါအဝင် ဝန်ကြီးဌာနမှ မူဝါဒနှင့်မဟာဗျူဟာ ချမှတ်သူတာဝန်ရှိသူများအနေဖြင့် မှန်ကန်သောလမ်းညွှန်မှုများကို ပေးနိုင်ရန် မှန်ကန်စွာသိရှိနားလည်လာရန် လိုအပ်ပါကြောင်း၊


- မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေဖြင့် ကာကွယ်ဆေးထိုး လွှမ်းခြုံမှု ကောင်းမွန်တိုးတက်ရေးအတွက် ကြိုးပမ်းအားထုတ်နေရသောအချိန်တွင် နိုင်ငံတကာ မှသုတေသန သိပ္ပံပညာရှင်များ၊ ကာကွယ်ဆေးကုမ္ပဏီများ၊ ခုခံအားဗေဒဆိုင်ရာ ပညာရှင်များကလည်း ကာကွယ်ဆေးနှင့် ကာကွယ်ရေးဆိုင်ရာနည်းပညာ အဆင့်အတန်း ပိုမိုမြင့်မားရေးကို ဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊
- မိမိဖြစ်လာစေချင်သည့်အတွေးဆန္ဒများအနေဖြင့်- “အားဖြည့်ထပ်ဆောင်းထိုးရန်မလိုဘဲ တစ်ကြိမ်တည်းထိုးရုံဖြင့် ထိရောက်စွာ ကာကွယ်နိုင်သော ကာကွယ်ဆေး” များထုတ်လုပ်သုံးစွဲ လာနိုင်လာရန်“ “ထိုးဆေးအသွင်ဖြင့်မဟုတ်ဘဲ သောက်ဆေးပုံစံဖြင့် ကာကွယ်ဆေးများကို လွယ်ကူ စွာတိုက်ကျွေးလာနိုင်ရန်”
“အအေးလမ်းကြောင်းထိန်းသိမ်းမှုစနစ်မလိုအပ်ဘဲ ပြင်ပအပူ ချိန်တွင်ထားနိုင်သော ကာကွယ်ဆေးများ ထုတ်လုပ်လာနိုင်ရန်”
“ကာကွယ်ဆေးအမျိုးအစားအရေ အတွက်များစွာကို တစ်ခုတည်းပေါင်းစပ် ထိုးနှံတိုက်ကျွေးနိုင်လာရန်”
တစ်ကြိမ်ထိုးရုံဖြင့် ဖြေးဖြေးမှန်မှန်နှင့် စဉ်ဆက်မပြတ် အာနိသင်ထုတ်လုပ်ပေးပြီး ဘဝတသက်တာ ရောဂါခုခံအားကို ရရှိနိုင်သော ကာကွယ်ဆေးအသစ်များကို တီထွင်ထုတ် လုပ်အသုံးပြုလာနိုင်သည့် အခြေအနေများ ဖြစ်ထွန်း ပေါ်ပေါက်လာစေချင်ပါကြောင်း၊- ယခုအခါတွင် အသိဉာဏ်တုများ (Artificial Intelligence) ၊ ကွန်ပျူတာအသုံးပြု ပုံစံတူပြုလုပ်ခြင်းနည်းပညာ (Computer Simulation Model) စသော နောက်ဆုံးပေါ် သိပ္ပံနည်းပညာများ ဖြစ်ထွန်းနေပြီဖြစ်၍ အနာဂတ်ကာလ၌ ယခုပြောခဲ့သောအကြောင်းအရာများအမှန်လက်တွေ့ဖြစ်လာနိုင်ချေရှိပါကြောင်း၊
• ကာကွယ်ဆေးနှင့် ကာကွယ်ဆိုင်ရာနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံခြင်းသည် ဘဏ္ဍာရေးအရ သာမက လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ရှုထောင့်အရသော်လည်း အကျိုးရှိ ထိုက်တန်သော ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါကြောင်း၊


• မိမိအနေဖြင့် နောင်နှစ်ပေါင်း(၇၀-၈၀)ခန့်ကြာသောအခါ ကာကွယ်ဆေးများ၏အစွမ်း၊ မျိုးရိုးဗီဇ ပြုပြင်နိုင်ခြင်း၊ ကိုယ်ခံအားစနစ်ကို ထိန်းချုပ်ညှိနှိုင်းပြုပြင်ခြင်း (Immune system modulation)၊ပင်မကလပ်စည်းများဖြင့် ရောဂါကုသခြင်း (Stem cells therapy) ကိုယ်အင်္ဂါအစားထိုးခြင်း (Organ transplantation) စသည့် နည်းပညာများ အသုံးပြုဆောင်ရွက်ခြင်းဖြင့် ရောဂါ ဖြစ်ပွားမှုများကို သိသာစွာ လျော့ချနိုင်မှုနှင့်ဆေးဝါးသောက်သုံးထိုးနှံရန် မလိုဘဲ(သို့) ဆေးဝါးအနည်းငယ်ကိုသာ အသုံးပြု၍ ရောဂါကုသမှုများနိုင်သည့် အခြေအနေမျိုး ဖြစ်မလာနိုင်ဟုမပြောနိုင်ပါကြောင်း၊
• မြန်မာနိုင်ငံ အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ အတွေ့အကြုံကောင်းများနှင့် သင်ခန်းစာ များကို လေ့လာသိရှိရန် လိုအပ်ပြီး လိုအပ်သော အရေးယူ ဆောင်ရွက်မှုများကို ကြိုတင်ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုကောင်းမွန် တိုးတက်လာမည် ဖြစ်ပါကြောင်း၊
• မိမိတို့အနေဖြင့် ဘဏ္ဍာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဆိုင်ရာအကန့်အသတ်များရှိမှု၊ မတူကွဲ ပြားခြားနားသော ပထဝီဝင်အနေအထားနှင့် ပြည်သူလူထု၏ နားလည်လက်ခံမှု အနေအထားအားလုံးကို ထည့်သွင်းစဉ်းစား၍ ကာကွယ်ဆေး လွှမ်းခြုံမှုရာနှုန်းမြင့်မားရေး နှင့် ကာကွယ်ဆေးများထိရောက်အကျိုးရှိရေးတို့ကို အဓိကထားဦးတည်၍ မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊
• ယခုညီလာခံတွင်ဆွေးနွေးပြောကြားမည့် ခေါင်းစဉ်များကိုလေ့လာကြည့်ရာ
- မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကာကွယ်ဆေးလုပ်ငန်းနယ်ပယ်ပိုမိုတိုးတက် ရန်ဆောင်ရွက်ခြင်း(Partnership and collaboration to advance Vaccine agenda)
- မိခင်များကိုကာကွယ်ဆေးထိုးခြင်း
- သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV Vaccine)
- ဆယ်ကျော်သက် လူငယ်များအတွက် ကာကွယ်ဆေးထိုးအစီအစဉ်(Optimal adolescent vaccination schedule)
- ပြန်လည်ဦးမော့လာသော ဝက်သက်ရောဂါ (reemerging Measles)
- ကာကွယ်ဆေးများပိုမိုထိရောက်အကျိုးရှိစေမည့် မဟာဗျူဟာအသစ်များ(New strategies to improve vaccine effectiveness)
- ကာကွယ်ဆေးထိုးရန် တုံ့ဆိုင်းတွေဝေမှု (Vaccine hesitancy)
- ကာကွယ်ဆေးထိုးပြီးနောက်ဆက်တွဲ ဖြစ်ရပ်ပြဿနာများနှင့် ဆက်သွယ်ပြောကြားမှု အရည်အသွေးကို ဆန်းစစ်ခြင်း(Assessing the communication about AEFI)
- ဖြစ်လာနိုင်ချေရှိသည့် အနာဂတ်အခြေအနေစသည့် အလွန်စိတ်ဝင်စားစရာကောင်းပြီး အကျိုးရှိသည့် အကြောင်းအရာများကိုသိရှိရပါကြောင်း၊
- မိမိတို့ခန္ဓာကိုယ်၏ခုခံအား နှင့် ရောဂါပြီးစနစ်၏ အလွန်နက်နဲသိမ့်မွေ ဆန်းကျယ်မှုနှင့် ရှုပ်ထွေးသော တုံ့ပြန်ဆောင်ရွက်ပုံနှင့် တည်ဆောက်ဖွဲ့စည်းမှုကို ယခုထက် ပိုမိုသိမြင် နားလည်ဖော်ထုတ်နိုင်ပါက ယခုထက်ပိုမိုအစွမ်းထက်သော ကာကွယ်ဆေးများကို တီထွင် ထုတ်လုပ်သုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊
- ခိုင်မာအားကောင်သော ကမ္ဘာ့လူမှုအသိုင်းအဝန်ကြီးတစ်ခုဖြစ်လာစေရေးအတွက် ကာကွယ်ဆေးပညာရှင်များ၊ ကိုယ်ခံအားနှင့်ရောဂါပြီးစနစ် ပညာရှင်များ၊ ပြည်သူ့ကျန်းမာရေး ပညာရှင်များ၊ စက်မှုလုပ်ငန်းရှင်များ၊ သိပ္ပံပညာရှင်များ၊ လူမှုကျင့်ဝတ်ပညာရှင်များ၊ ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းများအပါအဝင် ကျွန်တော်တို့အားလုံး လက်တွဲပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊


- ဝန်ကြီးဌာနမှ မူဝါဒချမှတ်သူများအနေဖြင့်-
- ကာကွယ်ဆေးအသစ်များ စတင်ထည့်သွင်းထိုးနှံခြင်းဆိုင်ရာ မဟာဗျူဟာများ(Vaccine Introduction strategies)
- ကာကွယ်ဆေးဆိုင်ရာ ဥပဒေနှင့်စည်းမျဉ်းများ (Vaccine regulation)
- ကာကွယ်ဆေးများဝယ်ယူဖြန့်ဖြူးခြင်း၊ စျေးနှုန်းအကဲဖြတ်ခြင်းနှင့် ဘဏ္ဍာရန်ပုံငွေ ခွဲဝေ အသုံးပြုခြင်း (Vaccine delivery program, pricing and financing)
- ကာကွယ်ရေးဆိုင်ရာမူဝါဒများ စသည်တို့ကို ဘက်စုံစဉ်းစားဆုံးဖြတ်ရန်လိုအပ်ပါကြောင်း
- ဤကဲ့သို့မှန်ကန်စွာ စဉ်းစားဆုံးဖြတ်နိုင်ရန်အတွက် ဤညီလာခံတွင်တက်ရောက်လာသူ ပညာရှင် အမျိုးမျိုးမှ သင့်လျော်မှန်ကန်ပြည့်စုံသော သတင်းအချက်အလက်များကို ပေးအပ် နိုင်မည်ဟုယုံကြည်ပါကြောင်း၊
- ဤကမ္ဘာပေါ်တွင် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများဖြစ်ပွားမှု နည်းပါးကင်းစင်စေနိုင်သည့် အတိုင်းအတာအထိ လူထုတစ်ရပ်လုံးကို ရောဂါကူးစက်မှုမှ ကာကွယ်ခုခံနိုင်သော စွမ်းအား (Herd Immunity) ကိုမြှင့်တင်ပေးနိုင်ရန် ကျွန်တော် တို့ အားလုံး စုပေါင်းကြိုးပမ်းဆောင်ရွက်ကြပါစို့ဟု ပြောကြားခဲ့ပါသည်။


     အဆိုပါညီလာခံသို့ Johns Hopkins University , University of Washington , Seoul National University Children Hospital, University of Singapore , University of Maryland School of Medicine , University of Philippines, International Vaccine Institute, Chinese University of Hong Kong , Nagasaki University , University Chulalongkorn University of Indonesia US-CDC , PATH, Asia Pacific Paediatric Association, APAC , Institute of Medical Science of Indian, စသည့် အဖွဲ့အစည်းများမှ ပညာရှင်များနှင့် နိုင်ငံတကာမှ တက်ရောက်သူ (၃၀၀) ကျော်နှင့် ပြည်တွင်းမှ ဆေးပညာရှင်(၄၀၀)ဦးခန့် စုစုပေါင်း (၇၀၀)ဦးခန့် တက်ရောက်ကြပါသည်။ အဆိုပါညီလာခံကို Plenary Lectures ( ၅) ခု၊ Symposia (၇)ခု၊ Panel Discussion (၂)ခု၊ Industry Sponsored Symposia (၄)ခု တို့ပါ၀င်ပြီး စက်တင်ဘာလ (၁၃) ရက်နေ့မှ (၁၅ ) ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်ပါသည်။

More Tags