ရာသီတုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဇွန်လ (၂၁) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဇွန်လ (၂၀) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပခဲ့သည့် ရာသီတုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

 


 

အဆိုပါညှိနှိုင်းအစည်းအဝေး၌ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန၊ ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေးဌာနခွဲနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက -

• ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှုအခြေအနေအား အပတ်စဉ်၊ လစဉ်၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အသက်အုပ်စု အပိုင်းအခြားအလိုက် စစ်ဆေးတွေ့ရှိရမှုကိုလည်းကောင်း၊

• ရာသီတုပ်ကွေးရောဂါ အမျိုးအစားများကိုလည်းကောင်း၊

• ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုကို စောင့်ကြပ်ကြည့်ရှုရန် ရွေးချယ်ထားသော ဆေးရုံကြီး (sentinel hospital) (၈) ရုံတွင် တုပ်ကွေးဆန်သောရောဂါလက္ခဏာဖြစ်ပွားမှု (Influenza Like Illness) နှင့် လတ်တလောပြင်းထန် အဆုတ်ရောင်ရောဂါဖြစ်ပွားမှု (Season Acute Respiratory Infection) များကို ဓါတ်ခွဲနမူနာများ ရယူစစ်ဆေး၍ တစ်နှစ်ပတ်လုံး စောင့်ကြပ်ကြည့်ရှုနေမှုအခြေအနေ၊ ဆေးနှင့်ဆေးပစ္စည်းများ ဖြည့်ဆည်းထားမှုအခြေအနေ၊ ဓါတ်ခွဲပစ္စည်းများ လိုအပ်မှုအခြေအနေ၊ ပြည်သူလူထုကို ကျန်းမာရေးအသိပညာပေးမှု အခြေအနေ၊ ရောဂါကူးစက်နိုင်ချေ မြင့်မားသော ကျန်းမာရေးဝန်ထမ်းများကို ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်၊ ရောဂါကာကွယ်ထိန်းချုပ်ရေး အစီအစဉ်များ ဆောင်ရွက်နေမှုကိုလည်းကောင်း ဆွေးနွေးတင်ပြကြပါသည်။

ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် -

• ရာသီတုပ်ကွေးရောဂါဖြစ်ပွားသေဆုံးမှု အခြေအနေကို မြို့နယ်အလိုက်၊ အသက်အုပ်စုအလိုက်၊ ကျောင်းသား၊ အလုပ်သမား စသည်ဖြင့် အလုပ်အကိုင်အမျိုးအစားအလိုက် ခွဲခြမ်းစိတ်ဖြာ သုံးသပ်လေ့လာရန်လိုအပ်ကြောင်း၊ သို့မှသာ အဖြစ်များသော၊ ဘေးအန္တရာယ်ရှိသော လူအုပ်စုများကို သိရှိပြီး ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဦးစားပေးအစီအစဉ်များ ချမှတ်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊

• ကာကွယ်ရေး၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ကုသရေး၊ ဆေးနှင့်ဆေးပစ္စည်း ထောက်ပံ့ပို့ဆောင်ရေး၊ စီမံခန့်ခွဲရေး၊ အသိပညာပေးခြင်းနှင့် သတင်းထုတ်ပြန်ခြင်း စသည်ဖြင့် ကဏ္ဍအသီးသီး ချိတ်ဆက် ညှိနှိုင်းပေါင်းစပ်လုပ်နိုင်ရန် အလွန်အရေးကြီးကြောင်း၊

• Sentinel Surveillance ဆောင်ရွက်နေသော ဆေးရုံများစာရင်းတွင် လူဦးရေထူထပ်များပြားသော နေရာဒေသများရှိ လှိုင်သာယာဆေးရုံ၊ အင်းစိန်ဆေးရုံနှင့် ပုသိမ်ဆေးရုံတို့ကို ထပ်မံထည့်သွင်း ဆောင်ရွက်ရမည်ပါကြောင်း၊

• ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူလူထုကို ရာသီတုပ်ကွေးရောဂါနှင့်ပတ်သက်၍ ပိုမိုနားလည်သိရှိပြီး မှန်ကန်စွာလိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေးလုပ်ငန်းများကို ပိုမိုဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊

• ၂၀၁၇ ခုနှစ်၌ ရာသီတုပ်ကွေး (H1N1 pdm 09) ရောဂါဖြစ်ပွားခဲ့စဉ်က ထုတ်ဝေခဲ့သော လုပ်ငန်း လမ်းညွှန်များကို ကျန်းမာရေးဌာန အဆင့်ဆင့်သို့ ပြန်လည်ဖြန့်ဖြူးပေးစေလိုပါကြောင်း၊

• ရာသီတုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေး ဝန်ကြီးဌာနမှ လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိန်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ ညွှန်ကြားရေးမှူး (ကူးစက်) ဒေါက်တာထွန်းတင်၊ ညွှန်ကြားရေးမှူး (ကု/ကာ/ခုံ) ဒေါက်တာမိုးခိုင်၊ ညွှန်ကြားရေးမှူး (ကျန်းမာရေးအသိပညာမြှင့်တင်ရေး) ဒေါက်တာဖြူဖြူအေး၊ ဒုတိယညွှန်ကြားရေးမှူး (အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန) ဒေါက်တာဥမ္မာဆွေတင် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

 
 

More Tags