မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ၊ ပထမအကြိမ်နှစ်ပတ်လည်အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Union Minister Dr. Myint Htwe attends the First Annual Meeting of Myanmar Nurse and Midwife Council

ရန်ကုန်မြို့၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သူနာပြုတက္ကသိုလ် အစည်းအဝေးခန်းမ၌ပြုလုပ်သော မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ၊ ပထမအကြိမ်နှစ်ပတ်လည်အအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက-
• ဝန်ကြီးဌာန၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကကျသော အင်အားစုကြီး (၃)ခုဖြစ်သည့် ဆရာဝန်များ၊ သူနာပြုများနှင့် အခြေခံကျန်းမာရေး ဝန်ထမ်းများအနက် သူနာပြုဆရာမများသည် အရေးကြီးသောသော အင်အားစုကြီးတစ်ခုဖြစ်ပါကြောင်း၊
• မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီသည် ဤကဲ့သို့အရေးကြီးသော သူနာပြုနှင့် သားဖွားဆရာမများ၏ အရည်အသွေးမြင့်မားရေး၊ ကျင့်ဝတ်နှင့်အညီဆောင်ရွက်ရေးတို့ အတွက် ထိန်းသိမ်းကြီးကြပ်ပေးနေရသော အလွန်အရေးကြီးသည့် အဖွဲ့အစည်းကြီး တစ်ခု ဖြစ်ပါကြောင်း၊
• သူနာပြုနှင့်သားဖွားဆရာမလုပ်ငန်းနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေးသည် ကောင်စီ၏ လုပ်ငန်းများဆောင်ရွက်မှုများ စနစ်ကျန ပီပြင်မှုအပေါ် တည်မှီနေပါကြောင်း၊
• မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီအသစ်ကို ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ (၁၃)ရက်နေ့ တွင် ကောင်စီဝင် (၆၀)ဦးဖြင့် ပြန်လည်ဖွဲ့စည်းပေးအပ်ခဲ့ပြီး ဖွဲ့စည်းတာဝန်ပေးသည့်အချိန်မှစပြီး ကောင်စီအဖွဲ့ဝင်များသည် စိတ်ဆန္ဒခိုင်မာအား ကောင်းစွာဖြင့် လုပ်ငန်းများကို ကောင်းမွန်စွာကြိုးစားအားထုတ်ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊
• သူနာပြုများ၏ အရည်အသွေးနှင့် အဆင့်အတန်းမြင့်မားလာရေးအတွက် ကောင်စီသည် ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ လုပ်ငန်းလမ်းညွှန်များ၊ စံချိန်စံညွှန်းများ၊ လုပ်ထုံးလုပ်နည်းများကို ပြုစုထုတ်ဝေခဲ့သည်ကို တွေ့ရှိရပါကြောင်း၊


• မိမိပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူချိန်မှစ၍ သူနာပြုနှင့်သားဖွားလောက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်၍ အလေးပေး ဆောင်ရွက်ခဲ့ ပါကြောင်း၊
• လူနာများကို ကျန်းမာရေးဝန်ဆောင်မှုပေးရာတွင် သူနာပြုနှင့်သားဖွားဆရာမများသည် အဓိကအခန်းကဏ္ဍမှပါဝင်ပြီး ပြည်သူများအား အရည်အသွေးပြည့်ဝသော ပြုစုကုသမှု ပေးနိုင်ရေး အတွက် အလွန်အရေးကြီးပါကြောင်း၊
• သူနာပြုများသည် ဆရာဝန်များနည်းတူ ကျန်းမာရေးကဏ္ဍတွင် တန်းတူအရေးကြီးပြီး ဓါတ်ခွဲ၊ ဓါတ်မှန်နှင့် အခြားဆေးဘက်ဆိုင်ရာ နှီးနွယ်ဝန်ထမ်းများသည်လည်း သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် တန်းတူညီမျှအရေးကြီးပါကြောင်း၊
• ကောင်စီအနေဖြင့် သူနာပြုနှင့်သားဖွားများ၏ ကျန်းမာရေးစောင့်ရှောက်မှု -
-အရည်အသွေးမြှင့်ရန်အတွက်လည်းကောင်း၊
- အဆင့်အတန်းကို ထိန်းသိမ်းမြှင့်တင်ရန်လည်းကောင်း၊
- တိုးတက်ပြောင်းလဲလာသော နည်းပညာများနှင့်အညီ လေ့လာသင်ယူနိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ဝန်ဆောင်မှုများကို ပြည်သူများအား ပေးနိုင်ရန် လည်းကောင်း၊
- စဉ်ဆက်မပြတ်လေ့လာဆည်းပူးနိုင်ရန်လည်းကောင်း ကြီးကြပ်ဆောင်ရွက်ပေးရန် တာဝန်ရှိပါကြောင်း
• ပိုမို၍အရေးကြီးသည်မှာ သူနာပြုနှင့်သားဖွားဆရာမများ၏ ကျင့်ဝတ်သိက္ခာကို အစဉ်ထိန်းသိမ်းနိုင်ရန်အတွက် လည်းကောင်း၊သူနာပြုနှင့်သားဖွားဆရာမများ၏ လုပ်ငန်းပိုင်း ဆိုင်ရာဆောင်ရွက်မှု၌ အကာအကွယ်ပေးနိုင်ရန်လည်းကောင်း၊သူနာပြုနှင့် သားဖွား ဆရာများ အဆင့်အတန်းမြင့်မားစွာ လေ့ကျင့်သင်ကြားနိုင်ရန် လည်းကောင်း၊ သူနာပြု တက္ကသိုလ်များ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (၅၀) တို့ နှင့် ပူးပေါင်း ဆောင် ရွက်ကြရမည်ဖြစ်ပါကြောင်း၊
• ကောင်စီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အထူးကျယ်ပြန့်ပြီး သူနာပြုနှင့်သားဖွားဆရာမ လောကတစ်ခုလုံး တိုးတက်ရန်အတွက် ထိန်းကျောင်းပေးရမည်ဖြစ်သဖြင့် အထူးအရေး ကြီးသည့်တာဝန်ကို ဆောင်ရွက်နေရသည်ကို တွေ့ရှိရပါကြောင်း၊
• နိုင်ငံခြားမှသူနာပြုများ မြန်မာနိုင်ငံသို့လာရောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် ခွင့်ပြုချက်လိုင်စင်များထုတ်ပေးရာတွင် မြန်မာပြည်သူများအနေဖြင့် အစမ်းသပ် ခံလူနာများမဖြစ်စေရန်အတွက် အရည်အသွေးနှင့် ကျွမ်းကျင်မှုအဆင့်အတန်းကို စနစ်တကျ စိစစ်ပေးရန်ဖြစ်ပါကြောင်း၊
• ကောင်စီဝင်များအနေဖြင့် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီကောင်စီဥပဒေကို ကျေညက်စွာလေ့လာဖတ်ရှုပြီး သေချာစွာနားလည်သိရှိဖို့ အထူးအရေးကြီးပါကြောင်း၊
 


• မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားလောကကြီး၏ ပုံရိပ်ကောင်းမွန်မှုသည် ကောင်စီ၏ စွမ်းဆောင်နိုင်မှုအပေါ် များစွာမူတည်နေပါကြောင်း၊
• ထို့အပြင် ကောင်စီသည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၊စံချိန်စံညွှန်းကော်မတီ (Standard Committee) သူနာပြု၊သားဖွားပညာရေးနှင့် လုပ်ငန်းအရည်အသွေး အာမခံမှု အကဲဖြတ်ရေး (Accreditation) ကော်မတီ၊ ကျင့်ဝတ်ကော်မတီ (Ethical Committee)၊ ကြီးကြပ်ရေးကော်မတီ (Supervisory Committee)၊စဉ်ဆက်မပြတ် သူနာပြု ပညာသင်ကြားရေးကော်မတီ (Continuing Nursing Education Committee)၊ ဆက်သွယ်ပြန်ကြားရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ (International Relationship Committee)၊ ဆန်းစစ်အကဲဖြတ်ရေးကော်မတီ (Assessment Committee)၊ ဝန်ထမ်းစီမံခန့်ခွဲရေး ကော်မတီများ အသီးသီး ဖွဲ့စည်းပြီး လုပ်ငန်းများ ဆာင်ရွက်နိုင်ခြင်းသည် ကောင်စီ၏ ကောင်းမွန်သော ဆောင်ရွက်မှုများဖြစ်ပါကြောင်း၊
• ထို့အပြင် အရေးကြီးသည်မှာ ဗဟိုကောင်စီနှင့် အဆိုပါကော်မတီများ၏ လုပ်ဆောင်မှု အခြေအနေကို ရိုးရှင်းလွယ်ကူသော ဆန်းစစ်သုံးသပ်မှုပုံစံဖြင့် ပုံမှန်လေ့လာ စောင့်ကြည့် သုံးသပ်ဆန်းစစ် သွားရန်လိုအပ်ပါကြောင်း
• တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ကြီးကြပ်ရေးကော်မတီများ ဖွဲ့စည်းထားကြောင်း သိရှိရပြီး လုပ်ငန်းများဆောင်ရွက်မှုများကို checklist များအသုံးပြု၍ ဆန်းစစ် လေ့လာရမည်ဖြစ်ကြောင်း၊
• တိုင်းဒေသကြီး/ ပြည်နယ်များမှ ကော်မတီဝင်များအချင်းချင်း အတွေ့အကြုံများဖလှယ် ၍ ပိုမိုအကျိုးရှိတိုးတက်အောင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊
• ပုဂ္ဂလိကသူနာပြုကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကောင်စီက စံချိန်စံညွှန်းနှင့် ပညာရေးအရည်အသွေးအဆင့်အတန်း ပြည့်မီရေး စနစ်တကျအကဲဖြတ်ခြင်း၊ ကြီးကြပ် ဆောင်ရွက် ပေးလျက်ရှိသည်ကိုတွေ့ရှိရပြီး ပုဂ္ဂလိကသူနာပြုကျောင်း (၄)ကျောင်းကို ဝန်ကြီးဌာနမှလည်း ကြိုးစားဆောင်ရွက်လျက်ရှိရာ မကြာမီ ဖွင့်လှစ်ခွင့် ပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊
• ထိုပုဂ္ဂလိကကျောင်းများသည် ပြည်ပနိုင်ငံများနှင့်ဖက်စပ်ဆောင်ရွက်ခြင်းဖြစ်၍ မိမိ တို့ဝန်ကြီးဌာနဘက်က ဆရာ/ ဆရာမများလည်း အချိန်ပိုင်းသွားရောက်သင်ကြားနိုင် မည်ဖြစ်သဖြင့် နှစ်ဦးနှစ်ဘက် အကျိုးရှိမည်ဖြစ်ကြောင်း၊


• ၂၀၁၉ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံသူနာပြုသားဖွားကောင်စီအနေဖြင့် သူနာပြုကျင့်ဝတ်ဆိုင်ရာ ဟောပြောပွဲများနှင့် သူနာပြုများ အရည်အသွေးစဉ်ဆက်မပြတ် တိုးတက်စေရေး ဆွေးနွေးပွဲများအား ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် လည်းကောင်း၊ ပုဂ္ဂလိက ဆေးရုံကြီးများတွင်လည်း ဆောင်ရွက်ဟောပြောခဲ့သဖြင့် အလွန်ကောင်းမွန်ပါကြောင်း၊
• သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများတွင်လည်း ဤကဲ့သို့သော ဟောပြောဆွေးနွေး ပွဲမျိုး ဆောင်ရွက်စေလိုပါကြောင်း၊
•မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့်အာဆီယံဝန်ဆောင်မှုညှိနှိုင်းရေးဆိုင်ရာအစည်းအဝေးတွင် သူနာပြုကဏ္ဍဖြစ်တဲ့ ASEAN Joint Coordination Committee on Nursing Service မှာ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ ဉက္ကဌက သဘာပတိအဖြစ် အောင်မြင်စွာဆောင်ရွက်ခဲ့သည်ကိုလည်း အသိအမှတ်ပြုပါကြောင်း၊
• သူနာပြုနှင့်သားဖွားလိုင်စင်အသစ်လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းများကို အီလက်ထရောနစ်စနစ်ဖြင့် ဆောင်ရွက်နေခြင်းသည်လည်းအလွန်ကောင်းမွန်ပါကြောင်း၊
• အခြားနိုင်ငံများတွင် သူနာပြုဘွဲ့/ ဒီပလိုမာရပြီးသော်လည်း ကောင်စီ သို့မဟုတ် အလားတူအဖွဲ့အစည်းတခု၏ အရည်အချင်းဆန်းစစ်မှုကိုခံယူပြီ မှတ်ပုံတင် သူနာပြု (Registered Nurse- RN) အဖြစ် အသိအမှတ်ပြုလက်မှတ်ရရှိ မှ အလုပ်အကိုင် အခွင့်အလမ်းကောင်းမွန်ပြီး ဂုဏ်သိက္ခာလည်းပိုမြင့်မားပါကြောင်းနှင့် မြန်မာနိုင်ငံတွင် လည်း အလားတူ မှတ်ပုံတင် သူနာပြု(Registered Nurse- RN) အဖြစ် အသိအမှတ် ပြုလက်မှတ်များ ထုတ်ပေးလျက်ရှိပါကြောင်း
• မြန်မာနိုင်ငံရှိ သူနာပြုနှင့်သားဖွားဆရာမများ ကျင့်ဝတ်နှင့်ညီသောသူများဖြစ်ရန် နှင့် သူနာပြုနှင့်သားဖွား အဓိဌာန်ကိုလည်း ဖြစ်နိုင်ပါကနေ့စဉ်ရွတ်ဆိုကြစေလိုပါကြောင်း၊
• မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ ရုံးအဆောက်အဦအတွက် (၆)ထပ်အဆောက် အဦသစ်ကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက်ရှိ သည်ကို တွေ့ရှိရ၍ဝမ်းမြောက်ပါကြောင်း၊


• နိဂုံးချုပ်အနေဖြင့် သူနာပြုနှင့်သားဖွားဆရာမများအားလုံး တစ်ဦးနှင့်တစ်ဦး အပြန် အလှန်လေးစားမှုဖြင့် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ညီညီညွတ်ညွတ်ဆောင်ရွက်လျှင် သူနာ ပြုနှင့်သားဖွားဆရာမများ၏ပုံရိပ် ပိုမိုမြင့်မားလာမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုအား အရည်အသွေးပြည့်ဝပြီး ကျင့်ဝတ်နှင့်ညီသော ပြုစုစောင့်ရှောက်မှုများပေးနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် တစ်သင်းတစ်ဖွဲ့တည်း သဘောထား၍ ကြိုး စားဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အမှာ စကားပြောကြားရာတွင် -
• ဥပဒေအသစ်နှင့်အညီ ပေါ်ထွက်လာသော မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ၏ (၁)နှစ်တာကာလအတွင်း အောင်မြင်မှုများအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊
• သူနာပြုနှင့်သားဖွားဆရာမများသည် ကျန်းမာရေးဝန်ဆောင်မှုအတွက် အရေးကြီးသော အင်အားစုများပင်ဖြစ်ပါကြောင်းနှင့် ဆောင်ရွက်မှုများကို ဂုဏ်ယူပါကြောင်း၊ အထူးသဖြင့် ကျေးလက်ဒေသများတွင် တာဝန်ထမ်းဆောင်နေကြသော သားဖွားဆရာမ၏ ဆောင်ရွက် မှုများကို ချီးကျူးဂုဏ်ပြုပါကြောင်း၊
• ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မိမိတို့ တိုင်းဒေသကြီးအတွင်း တာဝန်ထမ်း ဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်း၏ နေထိုင်ရေးအခက်အခဲအတွက် စိတ်ဝင် တစားဖြေရှင်းဆောင်ရွက်လျက်ရှိပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံ သူနာပြုနှင့်သာဖွားကောင်စီ ဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်က နှုတ်ခွန်းဆက် အမှာစကားပြောကြားပါသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် ဧည့်သည်တော်များသည် ပြန်ခန်းငယ်အား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။
အဆိုပါနှစ်ပတ်လည်အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များ၊ ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆေးပညာများရှင်အဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနေကိုယ်စားလှယ်၊ မြန်မာနိုင်ငံသူနာပြုနှင့် သား ဖွားအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်နှင့် ဗဟိုကောင်စီဝင်များ၊ Jhpiego အဖွဲ့ မှတာဝန်ရှိသူများနှင့် အခြားဧည်သည် တော် များ တက် ရောက်ကြပါသည်။

More Tags