ပြည်သူလူထုအတွင်း နှလုံးရောဂါနှင့် နှလုံးသွေးကြောရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်း (Preventive Cardiology) ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ မေလ (၁၅) ရက်နေ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်သူလူထုအတွင်း နှလုံးရောဂါနှင့် နှလုံးသွေးကြောရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်း (Preventive Cardiology) ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

 

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -

• မြန်မာနိုင်ငံတွင် နှလုံးရောဂါနှင့် နှလုံးသွေးကြောရောဂါဖြစ်ပွားမှုများပြားလျက်ရှိသဖြင့် ပြည်သူလူထုအတွင်း အဆိုပါရောဂါများ မဖြစ်ပွားစေရန်ကြိုတင် ကာကွယ်ခြင်းလုပ်ငန်းများကို အမျိုးသားအဆင့်လုပ်ငန်းအဖြစ် အထူးဦးစားပေး သတ်မှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• သွေးတိုးရောဂါနှင့် ဆီးချိုရောဂါများ၏ နောက်ဆက်တွဲအနေဖြင့်လည်း နှလုံးရောဂါနှင့် နှလုံးသွေးကြောရောဂါများဖြစ်ပွားနိုင်ပြီး အဆိုပါရောဂါများ ဖြစ်ပွားခံစားရသူများတွင် ဘဝနေထိုင်မှု အရည်အသွေးကျဆင်းခြင်း၊ ပုံမှန်အလုပ်မလုပ်နိုင်သဖြင့် ဝင်ငွေလျော့နည်းခြင်းနှင့် သက်တမ်းမစေ့မီ သေဆုံးခြင်းတို့အပြင် နိုင်ငံတော်အတွက် ကာယစွမ်းအားနှင့် ဉာဏစွမ်းအားများ ဆုံးရှုံးရခြင်းတို့ ဖြစ်ပွားနိုင်ပါကြောင်း၊

 

• အဆိုပါရောဂါများနှင့် ပတ်သက်၍ ကာကွယ်ခြင်းလုပ်ငန်းများကို ဖိဖိစီးစီးဆောင်ရွက်ထားခြင်း မရှိပါက နောင် (၅) နှစ်အချိန်အတွင်းမှာပင် ထိန်းချုပ်ရန်ခက်ခဲသော ပြည်သူ့ကျန်းမာရေး ပြဿနာကြီး ဖြစ်လာနိုင်ပြီး ကျန်းမာရေးအသုံးစရိတ် အများစုကို အဆိုပါရောဂါများ ကုသရေးအတွက် အသုံးပြုရမည်ဖြစ်သဖြင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် စနစ်တကျ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဌာနအသီးသီး၊ ကျန်းမာရေးစီမံချက် အသီးသီးနှင့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ ကျန်းမာရေးဌာနများမှ တစ်ပါတည်း ပူးပေါင်းကာ ဘက်စုံရှုထောင့်မှ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယနေ့ အစည်းအဝေးတွင် လုပ်ငန်းများ ဆောင်ရွက်ရန် မူဘောင်နှင့် လမ်းပြမြေပုံတို့ကို မူကြမ်းချမှတ်နိုင်ရန် ဝိုင်းဝန်းဆွေးနွေး သွားကြရမည်ဖြစ်ပါကြောင်း၊

 

• ဌာနအလိုက်၊ ကျန်းမာရေးစီမံချက်အလိုက်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကျန်းမာရေးဌာနများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တာဝန်များကို မူဘောင်သတ်မှတ်ကာ အဆင့်လိုက်၊ အပိုင်းလိုက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင်တက်ရောက်လာကြသည့် အထူးကုဆရာဝန်ကြီးများနှင့် တာဝန်ရှိသူများ အနေဖြင့် ဝန်ကြီးဌာနမှ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် ဆီးချိုနှင့် သွေးတိုးရောဂါစစ်ဆေး ကုသမှုဆေးပေးခန်းများတွင် အသုံးပြုလိုက်နာဆောင်ရွက်နိုင်ရန် လုပ်ငန်းလမ်းညွှန်များကိုလည်း ပိုမိုကောင်းမွန်စေရေး မွမ်းမံပြင်ဆင်နိုင်ရန် နှင့် အဆိုပါဆေးခန်းများတွင် အသုံးပြုသည့် ရောဂါစစ်ဆေးစမ်းသပ်မှု ကိရိယာများနှင့် ပတ်သက်၍လည်း အကြံပြုချက်များပေးအပ် စေလိုပါကြောင်း၊

• ကိုယ်လက်လှုပ်ရှားအားကစားဆောင်ရွက်ခြင်းဖြင့် အဆိုပါ ရောဂါများဖြစ်ပွားမှုကို လျှော့ချနိုင်ခြင်းကြောင့် ဝန်ကြီးဌာနမှ “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး” ဆောင်ပုဒ်နှင့် အညီ ပြည်သူများအကြား ကိုယ်လက်လှုပ်ရှားအားကစား ပိုမိုလေ့ကျင့်လိုက်စားနိုင်ရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

• နှလုံးရောဂါနှင့် နှလုံးသွေးကြောရောဂါများနှင့် ပတ်သက်သည့် ကျန်းမာရေးအသိပညာများ ပြည်သူများအကြား အထူးသဖြင့် ကျောင်းနေအရွယ်ကလေးများတွင် မြင့်မားကြွယ်ဝစေရန်အတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများတွင် အဆိုပါလုပ်ငန်းများကို ဆက်လက်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• ပြည်သူများတွင် ကျန်းမာရေးအသိပညာများကြွယ်ဝခြင်းဖြင့် နှလုံးရောဂါနှင့် နှလုံးသွေးကြော ရောဂါများကိုသာမက အခြားရောဂါများကိုပါ ကြိုတင်ကာကွယ်လိုစိတ်များ၊ ကျန်းမာရေးနှင့် ကိုက်ညီစွာ နေထိုင်စားသောက်လိုစိတ်များပါ တိုးပွားလာမည်ဖြစ်ပါကြောင်း၊

 

• ဆေးတက္ကသိုလ်များ၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်တို့၏ သင်ရိုးများတွင်လည်း နှလုံးရောဂါနှင့် နှလုံးသွေးကြောရောဂါများ ကာကွယ်ခြင်းဆိုင်ရာများကို ပိုမိုထည့်သွင်းသင်ကြားသွားရမည်ဖြစ်ပါကြောင်း၊

• လုပ်ငန်းများဆောင်ရွက်ရာတွင် စာရင်းဇယားများ စနစ်တကျပြုစုထားရှိရန်မှာ အရေးကြီးပါကြောင်း၊ စာရင်းဇယားအချက်အလက်များ တိကျစွာရရှိမှသာ တစ်နိုင်ငံလုံးအတိုင်းအတာ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် ရောဂါဖြစ်ပွားမှု အခြေအနေများကို သိရှိနိုင်ပြီး မဟာဗျူဟာစီမံကိန်းနှင့် လုပ်ငန်းစီမံချက်ကိုလည်း တိကျမှန်ကန်စွာ ရေးဆွဲချမှတ် သွားနိုင်မည်ဖြစ်ပါကြောင်း၊

• နှလုံးရောဂါနှင့် နှလုံးသွေးကြောရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို အမျိုးသားအဆင့် သတ်မှတ်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဘက်စုံရှုထောင့်မှ ဝိုင်းဝန်း ဆောင်ရွက်သွားကြပါရန်နှင့် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် ဘဏ္ဍာငွေအပါအဝင် ပံ့ပိုးမှုများပြုလုပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

ဆက်လက်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နှလုံးဆေးကုဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခဒေါက်တာနွယ်နွယ်က ပြည်သူလူထုအတွင်း နှလုံးရောဂါနှင့် နှလုံးသွေးကြောရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းအတွက် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ ကိုလည်းကောင်း၊

မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ ဆီးချို သွေးချိုနှင့် ဟော်မုန်းရောဂါကုဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခဒေါက်တာကိုကိုက ပြည်သူလူထုအတွင်း နှလုံးသွေးကြောရောဂါ ကာကွယ်ရေးအတွက် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်တတ်သောရောဂါများကာကွယ်နှိမ်နင်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းက ဆီးချိုနှင့် သွေးတိုးရောဂါစစ်ဆေး ကုသမှုဆေးပေးခန်းများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက အသေးစိတ် ဆွေးနွေးအကြံပြုမှုများ ဆောင်ရွက်ခဲ့ကြပါသည်။

 

အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မကူးစက်တတ်သောရောဂါများကာကွယ်နှိမ်နင်းရေးဌာနခွဲမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ မြို့နယ်သူနာပြုဆရာမကြီးများ၊ ကျန်းမာရေးမှူးများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ၊ သားဖွားဆရာမများ၊ HelpAge International မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

More Tags