ပြည်ထောင်စုဝန်ကြီးသည် PATH အဖွဲ့၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Steve Davis ကိုလက်ခံတွေ့ဆုံ

Union Minister Dr. Myint Htwe receives the president and CEO of PATH and team

နေပြည်တော်၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့

     ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် (၁၇-၁၁-၂၀၁၉) ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် PATH အဖွဲ့၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် (President and CEO) ဖြစ်သူ Mr. Steve Davis တို့ကို ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

 

     ထိုသို့တွေ့ဆုံပွဲ၌ ပထမဦးစွာ PATH အဖွဲ့၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိ ချုပ်ဖြစ်သူ Mr. Steve Davis က PATH အဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနနှင့်ပူးပေါင်း၍ လိင်မှုဆိုင်ရာနှင့်မျိုးဆက်ပွား ကျန်းမာရေးနှင့်အခွင့်အရေး မူဝါဒမူဘောင် (sexual and reproductive health and rights policy framework) ရေးဆွဲခြင်း၊ အားဖြည့် ဆန်နှင့်ပတ်သက်၍ မိတ်ဆက်ပေးခြင်းနှင့် သုတေသနပြုလုပ်ဆန်းစစ်ခြင်း၊ ဂျပန်ဦးနှောက် ရောင်ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းတွင် ပါဝင်ကူညီပေးခြင်းနှင့် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ပမာဏ တစ်စိတ်တစ်ပိုင်းကို ထောက်ပံ့ပေးခြင်း၊ အသုံးပြုပြီးဆေးထိုးအပ်နှင့် ဆေးထိုးပိုက်များကို needle Cutter အသုံးပြု၍ စနစ်တကျစွန့်ပစ်စီမံခြင်းလုပ်ငန်း (Healthcare Waste Management) တွင် ပံ့ပိုးကူညီခြင်း ဆောင်ရွက်ခဲ့ပါကြောင်း၊

     ထို့အပြင် PATH အဖွဲ့၏ Center of Digital and Data excellence အနေဖြင့် ဒီဂျီတယ် နည်းပညာအသုံးပြု၍ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်စီမံခန့်ခွဲရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေး ကူညီပေးရန် စိတ်ဝင်စားပါကြောင်းနှင့် ဝန်ကြီးဌာန၏ ဦးစားပေးလုပ်ငန်းနှင့် ကူညီမှုပေးစေလိုသော လုပ်ငန်းများကို သိရှိလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင် -

     PATH အနေဖြင့် ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ Joint Collaborative Research များနှင့် clinical trial များဆောင်ရွက်ခြင်း၊ INGO များနှင့် အလှူရှင်အဖွဲ့အစည်း အမျိုးမျိုးမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ထောက်ပံ့ပေးနေသော ရန်ပုံငွေများနှင့် ပတ်သက်၍ ရန်ပုံငွေပမာဏ၊ ထောက်ပံ့ပေးသောလုပ်ငန်း အမျိုးအစား၊ ရရှိသုံးစွဲသော အဖွဲ့အစည်းနှင့် နေရာဒေသတို့နှင့်စပ်လျဉ်း၍ လေ့လာဆန်းစစ်သုံးသပ်ခြင်း (resource flow analysis) လုပ်ငန်းအတွက် ကူညီမှုပေးစေလိုပါကြောင်းနှင့် ဝန်ကြီးဌာနကဆောင်ရွက်နေသော paperless workshop meeting and training ဆောင်ရွက်နေမှု၊ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ၊ တိုက်နယ်ဆရာဝန်များ၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများအား mobile tablet များဖြန့်ဝေအသုံးပြု၍ လေ့ကျင့်သင်ကြားရေး၊ ပညာပေးခြင်း၊ စစ်တမ်းကောက်ယူခြင်း၊ သတင်းအချက်အလက်ဖြန့်ဝေခြင်းများနှင့် ဆေးနှင့်ဆေးပစ္စည်းရရှိ သုံးစွဲမှု အချက်အလက်စာရင်းများ လေ့လာ ဆန်းစစ်နေမှုများနှင့် မကြာမီဆောင်ရွက်ရန် စီစဉ်ထားသည့် အီလက်ထရွန်နစ်စနစ်သုံး ရုံးတွင်းစာစနစ် (electronic memo) တို့ကို ပြောကြားခဲ့ပါသည်။

 

     အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်/ဖြန့်) ဒေါက်တာဝင်းနိုင်နှင့် PATH အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ Country Representative ဒေါက်တာ မျိုးမြင့်အောင်တို့ တက်ရောက်ကြပါသည်။

More Tags