ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ တပေါင်းလပြည့် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကျင်းပ

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၄ ရက်

     မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် (တပေါင်းလပြည့်နေ့) ခရစ်နှစ် ၂၀၂၄ ခုနှစ် မတ်လ ၂၄ ရက်နေ့ တွင် ကျရောက်သော တပေါင်းလပြည့် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကို ပြည်ထောင်စုနယ်မြေ နေပြည်တော် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံကြီးခန်းမ၌ ကျင်းပခဲ့သည်။

 

     အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဒေါက်တာမြတ်မြတ်အုန်းခင်၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌ နှင့် ကောင်စီဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းရင်းဆေး ပညာရှင် ဝန်ထမ်းများနှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ တိုင်းရင်းဆေး သမားတော်များတို့ တက်ရောက်ခဲ့ကြသည်။

 

     အခမ်းအနားအစီအစဉ်အရ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ နာယက တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက အမှာစကားပြောကြားရာတွင်-

     ယခုလို တပေါင်းလပြည့်နေ့ မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့မှာ ရှေ့ခေတ်အဆက်ဆက်က တိုင်းရင်းဆေး သမားတော်ကြီးများရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်နှင့် ကျေးဇူးတရားတွေကို မျိုးဆက်သစ် လူငယ် တိုင်းရင်းဆေးသမားတော်များ မမေ့မလျော့ကြရန်နှင့် ကျေးဇူးတရားကို သတိတရနေစေရန် လိုအပ်ကြောင်း၊ နေပြည်တော်မှာ ကျင်းပနေသလို ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှာလည်း ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ ဒီနေ့ အခမ်းအနားမှာ နိုင်ငံတော်မှ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ် ချီးမြှင့်ခြင်းခံရသည့် တိုင်းရင်းဆေးသမားတော်ကြီး (၂)ဦးကို တိုင်းရင်းဆေးပညာဦးစီးဌာနက ထပ်ဆင့်ဂုဏ်ပြုသွားမှာဖြစ်ကြောင်း၊ တိုင်းရင်းဆေးလောကအတွက် စံပြုထိုက်တဲ့ ဆေးဆရာကြီးများကို စံနမူနာယူပြီး အနာဂါတ် တိုင်းရင်းဆေးလောကဖွံ့ဖြိုးတိုးတက်အောင် မျိုးဆက်သစ်တိုင်းရင်းဆေးဆရာများက ကြိုးစားဆောင်ရွက်ကြကာ ပြည်သူလူထု၏ ကျန်းမာရေး လုပ်ငန်းများ ကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နှစ်စဉ်တပေါင်းလပြည့်နေ့ ရောက်တိုင်း မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ အခမ်းအနားများကို အစဉ်အလာမပြတ် ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ အစီအစဉ်အရ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိုးဝင်းက တပေါင်းလပြည့် တိုင်းရင်းဆေးသမားတော်နေ့အကြောင်းကို အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနားသို့ တက်ရောက် ချီးမြှင့်ပေးပါသော ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဒေါက်တာမြတ်မြတ်အုန်းခင်နှင့် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး တို့အား မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) ဥက္ကဋ္ဌဦးစိုးဝင်းက မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ အထိမ်းအမှတ် အမှတ်တရပစ္စည်းကို နေရာ လက်ရောက်ပေးအပ်ခဲ့ပါသည်။

 

     ယင်းနောက် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ရရှိသူ တိုင်းရင်းဆေးသမားတော်ကြီး ဦးဉာဏ်လွင်နှင့် တိုင်းရင်းဆေး တက္ကသိုလ် ဒုတိယပါမောက္ခချုပ် (ငြိမ်း) ဆရာကြီးဦးဝထွန်းတို့အား ဂုဏ်ပြုလက်မှတ်နှင့် အမှတ်တရပစ္စည်းများ ကို တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ ဦးမြင့်ဦး၊ မြန်မာနိုင်ငံတိုင်းရင်းဆေး ဆရာအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိုးဝင်း နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမောင်မောင်ဦး (ဂရိတ်ဝေါ)တို့အား တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက အမှတ်တရပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

 

     ထို့နောက် နိုင်ငံတော်က ချီးမြှင့်သည့် ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်ရရှိသူ ဆရာကြီး ဦးဝထွန်းက ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိသည်။

 

More Tags