ပြေးခုန်ပစ်နည်းပြသင်တန်း အဆင့်(၁) (IAAF CECS Level-1 Course) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်

Deputy Minister for Health and Sports Dr.Mya Lay Sein attends opening ceremony of IAAF CECS Level-1 Course

နေပြည်တော်၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၁၆) ရက်

     ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ပြေးခုန်ပစ်နည်းပြသင်တန်း အဆင့်(၁) IAAF CECS Level-1 Course သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာမြလေးစိန်၊ ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်း သူများ တက်ရောက်ကြပါသည်။

 

     အစီအစဉ်အရ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဖွင့်လှစ်သော IAAF CECS Level-1 Course သင်တန်းသည် မြန်မာ့ပြေးခုန်ပစ်အားကစား တိုးတက်မြင့်မားလာစေရေးအတွက် နိုင်ငံတကာအဆင့်မီနည်းပြများ ပေါ်ထွက်လာစေရေးအတွက် ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ တစ်ချိန်က ပြေးခုန်ပစ်အားကစားနည်းသည် ရွှေအများဆုံး ရယူပေးနိုင်သော အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ ယခုအချိန်တွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်၊ နည်းပြများ၊ အားကစားသမားများ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှသာ မြန်မာ့ပြေးခုန်ပစ်အားကစား နိုင်ငံတကာတွင် ဦးမော့လာမှာဖြစ်ပါကြောင်း၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ဆောင်ရွက်ရသည့် ပြေးခုန်ပစ်အားကစားနည်းများကို ခေတ်နှင့်အညီ သိပ္ပံ နည်းကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊

 

     နိုင်ငံတော်အနေဖြင့် ပြေးခုန်ပစ်အားကစားနည်းတွင်လိုအပ်သော အထောက်အကူပြုပစ္စည်းများ၊ အားဆေးများ၊ အစားအသောက်များကို ကူညီထောက်ပံ့ပေးနေပါကြောင်း၊ အားကစားနှင့်ပတ်သက်သည့် နိုင်ငံတကာအသိအမှတ်ပြုဥပဒေ၊ မြန်မာနိုင်ငံတည်ဆဲဥပဒေများကိုလည်း သိရှိလိုက်နာနိုင်ရေး သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊ ယနေ့သင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသား/ သင်တန်း သူများအနေဖြင့် မိမိတို့တွင်ရှိသော အရည်အချင်းများနှင့် သင်တန်းမှပို့ချသော စာတွေ့လက်တွေ့သင်ခန်းစာများကို ကျွမ်းကျင်ပိုင်နိုင်စွာ အထူးကြိုးစား လေ့ကျင့်သင်ကြားကြစေလိုကြောင်း၊ အရည်အချင်း ပြည့်၀သော နည်းပြကောင်းများပေါ်ထွက်လာပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ မွေးထုတ်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင် သင်ခန်းစာပို့ချမည့် သင်တန်း နည်းပြဆရာများအား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကျော်ထူးအောင်မှ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအားရှင်းလင်း ပြောကြားရာတွင် ယခုဖွင့်လှစ်သော သင်တန်းသည် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အာရှပြေးခုန်ပစ်အဖွဲ့ချုပ် တို့ကူညီပံ့ပိုးမှုဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊

 

     သင်တန်းသား/သင်တန်းသူများအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ပြေးခုန်ပစ်အားကစားဖွံ့ဖြိုး တိုးတက်မှုများ ဆောင်ရွက်ကြစေလိုကြောင်း၊ ယခုသင်တန်းတွင် ထူးချွန်သော သင်တန်းသား/ သင်တန်းသူများကို ပြည်ပနိုင်ငံများတွင် ဖွင့်လှစ်မည့် အဆင့်မြင့် Level ဆက်လက်တက်ရောက်စေမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများမှ တစ်ဦးချင်းဂါရ၀ပြု မိတ်ဆက်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါသင်တန်းကို သင်တန်းသား(၁၇)ဦး၊ သင်တန်းသူ(၇)ဦး၊ စုစုပေါင်း သင်တန်းသား/သင်တန်းသူ (၂၄)ဦးဖြင့် (၁၆.၁၀.၂၀၁၉) ရက်နေ့မှ (၂၇.၁၀.၂၀၁၉) ရက်နေ့အထိ သင်တန်းကို ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

More Tags