ဆေးပညာကျွမ်းကျင်မှု ပုံတူပြု လေ့ကျင့်ရေးနှင့် သုတေသနအဆောက်အဦ ဖွင့်ပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြား

ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့

     ဆေးပညာကျွမ်းကျင်မှု ပုံတူပြု လေ့ကျင့်ရေးနှင့် သုတေသန အဆောက်အဦ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွှဲ ၂ နာရီက ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ဆေးတက္ကသိုလ် (၁) ဝင်းအတွင်း ကျင်းပပြုလုပ်ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားသည်။

     ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဦးမင်းသူ၊ ဒေါက်တာမျိုးသိမ်းကြီးနှင့် ဒေါက်တာမြင့်ထွေး၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတန်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးနှင့်ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ကျောင်းသားကျောင်းသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

     ရှေးဦးစွာ အခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဦးမင်းသူ၊ ဒေါက်တာမျိုးသိမ်းကြီးနှင့် ဒေါက်တာမြင့်ထွေး၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

     ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆေးပညာကျွမ်းကျင်မှု ပုံတူပြု လေ့ကျင့်ရေးနှင့် သုတေသန အဆောက်အဦ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးသည်။

 

     ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောကြားရာတွင် "ဒီကနေ့ဟာ ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုပုံတူ ပြုလေ့ကျင့် ရေးနှင့် သုတေသန ဌာနကြီးကို ဖွင့်လှစ်နိုင်ခဲ့တဲ့ နေ့ဖြစ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ ဆေးတက္ကသိုလ်များနဲ့ ဆေးနှီးနွှယ် တက္ကသိုလ်များရဲ့ သင်ကြား လေ့ကျင့်မှုသမိုင်းမှာ ထူးခြားတဲ့ အောင်မြင်မှုတစ်ခုကို စတင်တဲ့နေ့ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ အဓိကပါဝင် ဆောင်ရွက်နေကြတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေအတွက် နိုင်ငံတကာအဆင့်မီ ဆေးပညာ ကျွမ်းကျင်မှု လက်တွေ့သင်ကြား လေ့ကျင့်မှုတွေ၊ သုတေသနလုပ်ငန်းတွေ စနစ်တကျ ပိုမိုတိုးတက် လုပ်ဆောင် နိုင်တော့မှာ ဖြစ်ပါတယ်။

     ဆေးပညာကျွမ်းကျင်မှု ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသနဌာနကြီးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ စတင်ဆောက်လုပ်ခဲ့ပြီး ၂ နှစ်နီးပါးအကြာမှာ တည်ဆောက်ပြီးစီး ခဲ့တယ်လို့ သိရပါတယ်။

 

     ယခုအခါမှာ အဆောက်အဦ တည်ဆောက်ပြီးစီးလို့၊ ပစ္စည်းကိရိယာများလည်း ဖြည့်တင်းပေးပြီးဖြစ်လို့ စတင်အကောင်အထည်ဖော် အသုံးပြုတော့မှာ ဖြစ်ပါတယ်။ နိုင်ငံတော်က အဆောက်အဦအတွက် ခွင့်ပြုရန်ပုံငွေကျပ် သန်းကိုးထောင့်ရှစ်ရာကျော်၊ နိုင်ငံတကာနဲ့ ပြည်တွင်း၊ပြည်ပအလှူရှင်များက လှူဒါန်းငွေနဲ့ ပစ္စည်းတန်ဖိုးငွေကျပ် သန်း နှစ်ထောင့်သုံးရာကျော် စုစုပေါင်းငွေကျပ် သန်းပေါင်း တစ်သောင်း နှစ်ထောင် ကျော် သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

     မြန်မာနိုင်ငံရဲ့ ဆေးပညာသင်ကြားမှုသမိုင်းမှာ အရင်က မပေါ်ပေါက်ဘူးသေးတဲ့ ဒီလိုလေ့ကျင့်သင်ကြားရေး သုတေသနဌာနကြီးကို ပထမဆုံးအဖြစ် ဆေးတက္က သိုလ်(၁)၊ ရန်ကုန်ပရိဝုဏ်မှာ ထူထောင်နိုင်ခဲ့ခြင်းကို ဂုဏ်ယူပါတယ်။ ဒီဌာနကြီးဟာ မြန်မာနိုင်ငံမှာရှိတဲ့ ဆေးတက္ကသိုလ်နဲ့ ဆေးပညာနှီးနွှယ်တက္ကသိုလ် (၁၆)ခု၊ သူနာပြုနဲ့ သားဖွားသင်တန်းကျောင်း (၅၀)အတွက် အသုံးပြုဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ မန္တလေးမှာလည်း အထက်မြန်မာပြည်အတွက် ဆောက်လုပ်မယ်လို့ သိရတဲ့အတွက် ဝမ်းသာပါတယ်။ ဒီကိစ္စကိုလည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေးက စိတ်အားထက်သန်စွာနဲ့ အကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်။

 

     တကယ်တော့ ကျွန်မတို့နိုင်ငံရဲ့ ဆေးပညာသင်ကြားလေ့ကျင့်ရေးဟာ နိုင်ငံတကာအဆင့်မီအောင်တော့ ဆက်ပြီးကြိုးစားဖို့ လိုနေပါသေးတယ်။ ကျွန်မတို့ဟာ လုပ်ငန်းတစ်ခုမှာ နောက်ကျကျန်ရစ်ခဲ့ရင် ဘယ်လိုလိုက်မလဲ၊ ဘယ်နည်းလမ်းတွေနဲ့ လုပ်ကြမလဲ၊ နိုင်ငံတကာမှာ ဘယ်လိုလုပ်နေကြသလဲဆိုတာ လေ့လာရမှာ ဖြစ်ပါတယ်။ ဒီခေတ်ကြီးမှာ နည်းပညာတိုးတက်မှုတွေမြန်ဆန်သလို ဆေးပညာရပ်ပိုင်းမှာလည်း အဆက်မပြတ် တိုးတက်နေပါတယ်။ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကုသမှု အထောက်အကူပြု ပညာရှင်တွေရဲ့ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု အရည်အသွေးဟာ လူနာတွေရဲ့ အသက်ရှင်သန်မှု၊ ရောဂါသက်သာပျောက်ကင်းမှု၊ ပြန်လည် ကျန်းမာသန်စွမ်းမှုတို့နဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ အရည်အသွေးနဲ့ ကျွမ်းကျင်မှုမြှင့်တင်ရေး၊ တိုးတက်လာတဲ့ နည်းပညာတွေကို လေ့လာပြီး လက်တွေ့အသုံးချနိုင်ရေးဟာ စဉ်ဆက်မပြတ် လေ့လာနေရမယ့် ကိစ္စဖြစ်ပါတယ်။

     နောက်အလေးထားရမယ့် ကိစ္စတစ်ခုကတော့ တက္ကသိုလ်တွေရဲ့ သုတေသန လုပ်ငန်းတွေပါ။ သုတေသနလုပ်ငန်းတွေဟာ တက္ကသိုလ်တွေရဲ့ ရှင်သန်ဖွံဖြိုး တိုးတက်မှုအတွက် အဓိကနေရာက ပါဝင်ပါတယ်။ သုတေသနလုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်ခြင်းဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကိုများစွာ အထောက်အကူဖြစ်စေပါတယ်။

 

     ကျွန်မဒီနေရာမှာ ပြောရမယ်ဆိုရင် ကျွန်မတို့နိုင်ငံရဲ့တက္ကသိုလ်တွေဟာ ကမ္ဘာ့ တက္ကသိုလ်တွေနဲ့ စာရင် အဆင့်မြင့်လာတယ်ဆိုပေမယ့် အာဆီယံနိုင်ငံက တက္ကသိုလ် တွေနဲ့စာရင် ကျွန်မတို့အဆင့်က နိမ့်သွားတယ်ဆိုတာ တွေ့ရပါတယ်။ ကျွန်မဒီကိစ္စကို မေးပါတယ်။ ကမ္ဘာ့တက္ကသိုလ်တွေနဲ့စာရင် အဆင့်မြင့်လာပြီး အာဆီယံတက္ကသိုလ် တွေနဲ့စာရင် ဘာကြောင့်အဆင့်နိမ့်သွားလဲဆိုတော့ တစ်ခြား အာဆီယံ တက္ကသိုလ်တွေက တိုးတက်မှုကပိုမြန်လို့ပါ။ ဘယ်ဘက်မှာပိုမြန်လဲဆိုရင် သုတေသနဘက်မှာ အဓိကပါ။ အဲ့ဒီဟာတွေက ကျွန်မတို့အတွက် အင်အားဖြည့်ဆည်းရမ့် ကိစ္စတွေဖြစ် တယ်ဆိုတာ နားလည်ထားဖို့လိုပါတယ်။

     ဆေးတက္ကသိုလ်အပါအဝင် ကျွန်မတို့နိုင်ငံရဲ့ တက္ကသိုလ်တွေဟာ သုတေသန လုပ်ငန်းပိုင်းနဲ့ ပတ်သက်ရင် နိုင်ငံတကာမှာ ပြောင်းလဲတိုးတက်နေတဲ့ ခေတ်မီဓာတ်ခွဲခန်းသုံးပစ္စည်းများ အသုံးပြုဖို့၊ သုတေသနနည်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ဖို့ အများကြီးဆောင်ရွက်ဖို့ လိုပါတယ်။ နိုင်ငံတော်ကလည်း သုတေသန လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ရန်ပုံငွေများကို နှစ်စဉ် ပိုမိုဖြည့်ဆည်းပေးနေပါတယ်။ သုတေသနလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်နိုင်ဖို့ သုတေသန ထောက်ပံ့ကြေးများ ပံ့ပိုးပေးခြင်းကို (၂၀၁၇-၂၀၁၈)ဘဏ္ဍာနှစ်မှစပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို ရန်ပုံငွေများ အထူးပံ့ပိုးပေးနေပါတယ်။

 

     လက်ရှိအခြေအနေမှာ ကျန်းမာရေးဝန်ထမ်းများဟာ နိုင်ငံတကာ သုတေသန ကွန်ဖရင့်တွေမှာ စာတမ်းတွေ ဖတ်နိုင်တာ၊ Presentation လုပ်တာတွေ များလာတာကို တွေ့ရှိရပါတယ်။ ဆေးတက္ကသိုလ်တွေရဲ့ ဘွဲ့လွန်ကျောင်းသားတွေ၊ မဟာသိပ္ပံနဲ့ ပါရဂူ သင်တန်းသားတွေကလည်း နိုင်ငံတကာအဆင့်မီ သုတေသနစာတမ်းတွေ ယခုထက် ပိုမိုထွက်ရှိဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ ဆေးပညာရပ်နယ်ပယ်မှာ ယခုထက် ပိုမိုဝင်ဆံ့စေချင်ပါတယ်။

     ဆေးနှင့် ဆေးနှီးနွှယ်တက္ကသိုလ်များက ဆေးသုတေသနဦးစီးဌာနနဲ့ အမျိုးသား ဓာတ်ခွဲဌာနတွေနဲ့ ပူးပေါင်းပြီး ဆေးပညာရပ်ဆိုင်ရာ သုတေသနတွေ ကျယ်ပြန့်ပြန့် လုပ်ဆောင်စေချင်ပါတယ်။ အဲဒီနေရာမှာ စိတ်ဓာတ် မကျစေချင်ပါဘူး။ တစ်ခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်လို့ရှိရင် နောက်ကရောက်နေတယ်ဆိုရင် ရှေ့မှာသွားစရာလမ်း ကျန်သေးတယ်လို့ ဒီလိုပဲယူဆပြီးတော့ ပိုပိုကြိုးစားပြီး စိတ်ဓာတ် အပြည့်အဝနဲ့ထမ်း ဆောင်စေချင်ပါတယ်။

 

     ဆေးပညာရပ်ကျွမ်းကျင်မှုကို သင်ကြားလေ့ကျင့်ရတာ ထင်သလောက် မလွယ်ကူပါဘူး။ နာကျင်မှု၊ နွမ်းနယ်မှုတွေ ခံစားနေရတဲ့ တကယ့်လူနာတွေကို တိုက်ရိုက်ကိုင် တွယ်ပြီး လေ့ကျင့်သင်ကြားပေးတဲ့အခါ လူနာဘက်ကို ငဲ့ကွက်ရတဲ့ အခြေအနေတွေရှိတယ်။ ဒါကို နိုင်ငံတကာမှာ ဖြစ်ပျက်မှု အခင်းအကျင်းတွေ၊ အလုပ်ရုံဆွေးနွေး ပွဲတွေ၊ လူနာပုံအရုပ်တွေ(Mannequin)၊ လှူဒါန်းထားတဲ့ ခန္ဓာကိုယ်တွေ၊ ဆေးပစ္စည်း ကိရိယာနဲ့ လက်တွေ့မှာ ကြုံတွေ့ရမယ့် လူနာနဲ့ ရောဂါပုံစံတူ ဖန်တီးခြင်းပြုလုပ်ပြီး သင်လာကြတာတွေ တွေ့ရပါတယ်။ ဥပမာအားဖြင့် နည်းပညာတိုးတက်လာတဲ့အတွက် လေယာဉ်မှူးသင်တန်းတွေမှာ တကယ့်လေယာဉ် အစစ်နဲ့ တစ်ခါတည်းတက်မောင်း လေ့ကျင့်မယ့်အစား ဆင်မြူလေတာတွေနဲ့ ပုံစံတူပြုလုပ် လေ့ကျင့်တဲ့သင်ကြားမှုတွေ လုပ်ကြသလိုပါပဲ။ ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုပုံတူပြုလေ့ကျင့်ရေးနဲ့ သုတေသနဌာနကြောင့် ဆရာဝန်၊ သူနာပြုနဲ့ လူနာပါ အန္တရာယ်မရှိတဲ့ လေ့ကျင့်မှုတွေကို မှန်ကန်သည်အထိ အကြိမ်ကြိမ် ပြုလုပ်လို့ရတဲ့ သင်ကြားမှုတွေ ခုဆို လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

     ဒါ့ပြင် ကျွန်မသိရသလောက် ဒီဌာနကြီးမှာ Clinical Skill လို့ခေါ်တဲ့ ကုသမှု စွမ်းရည်ပညာရပ်တွေကိုသာမက Non-Technical Skill လို့ခေါ်တဲ့ စုပေါင်းပြီး အစုအဖွဲ့နဲ့ လုပ်ဆောင်ခြင်းအတတ်ပညာ(Team Work)၊ ဆက်ဆံပြောဆိုမှု အတတ်ပညာ(Communication)၊ ခေါင်းဆောင်မှုပညာ(Leadership)၊ ခေါင်းဆောင်မှု ပညာဆိုတာက ဌာနကထည့်ချင်လို့သာ ထည့်ထားတာ။ ခေါင်းဆောင်လုပ်ချင်တဲ့ စိတ်ဓာတ်ကိုအားမပေးချင်ဘူး။ တစ်ချို့က ခေါင်းဆောင်ပဲလုပ်ချင်တယ်။ ကျွန်မက ပြောတယ်။ နောက်ကဘယ်သူ လိုက်မှာလဲလို့။ ပူးပေါင်းဆောင်ရွက်ခြင်းပညာကို ပိုပြီးအသားပေးဖို့လိုပါတယ်။

 

     စီမံခန့်ခွဲမှုပညာ (Management)၊ အတတ်ပညာရှင်စိတ်ဓာတ် (Professionalism) ၊ ဆေးပညာကျင့်ဝတ် (Medical Ethics) တို့ကိုပါ သင်ကြားနိုင်တဲ့ ဌာနတွေ ပါတယ်လို့ သိရပါတယ်။ ဒါဟာ အင်မတန်ကောင်းပါတယ်။ သိမ်မွေ့ ကျွမ်းကျင်မှု(Soft Skill)လို့ခေါ်တဲ့ ဒီအတတ်ပညာတွေဟာ နေရာတိုင်းမှာ လိုအပ်နေပါတယ်။

     ဆရာဝန်ဆိုတာ ဆေးပညာရပ်ပိုင်း ကျွမ်းကျင်မှုပြည့်ဝလာတဲ့ ပညာရှင် သက်သက် မဟုတ်ဘဲ လူမှုပတ်ဝန်းကျင်ကို နားလည်တတ်ကျွမ်းမှုတွေလည်းရှိဖို့ လိုအပ်တာကြောင့် ဒါတွေ သင်ကြားဖို့စီစဉ်တာ အင်မတန်ကောင်းပါတယ်။ တစ်ခုတော့ ရှိတယ် အရုပ်တွေနဲ့ကျတော့ လူမှုဆက်ဆံရေး သင်ဖို့ နည်းနည်းခက်ပါတယ်။

     နိုင်ငံတော်ရဲ့ လိုအပ်ချက်တွေသိဖို့၊ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကိုသိဖို့ သုတေသနဟာ အသက်ပဲဖြစ်ပါတယ်။ ဒီဌာနကြီးရဲ့ သုတေသနလေ့ကျင့် သင်ကြားရေးဌာနတွေမှာ ဆေးပညာဘွဲ့လွန်ကျောင်းသားတွေ၊ အထူးကုဆရာဝန်တွေ၊ ပါမောက္ခတွေဟာ မိမိတို့နဲ့သက်ဆိုင်တဲ့ ဘာသာရပ် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ လူနာတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့၊ သုတေသန လုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်ကြဖို့ တိုက်တွန်းပါတယ်။ မိမိရဲ့ သုတေသနရလာဒ်တွေကို ထုတ်ဝေနိုင်ဖို့၊ အသုံးချနိုင်ဖို့ ဆောင်ရွက်စေချင်ပါတယ်။

 

     ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု ပုံတူပြုလေ့ကျင့်ရေးနဲ့ သုတေသနဌာန အဆင်ပြေချောမွေ့စွာ လည်ပတ်ဖို့ လူ့စွမ်းအားအရင်းအမြစ်တွေ လေ့ကျင့်ထားတယ် လို့လည်း သိရှိရပါတယ်။ သို့သော် ရေရှည်တည်တံ့ အဆင်ပြေဖို့ဆိုရင် ကြီးကြပ် ကွပ်ကဲမှုပိုင်းမှာ စနစ်တကျလုပ်ဆောင်ဖို့ လိုအပ်ပါမယ်။ ဒါ့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဦးဆောင်ကြီးကြပ်မှုပေးပြီး လိုအပ်လာမယ့် သင်တန်းကုန်ကျ စရိတ်တွေ၊ ဆေးဝါးကိရိယာတွေကို ဒီဌာနကြီးအတွက် ထောက်ပံ့ဖြည့်ဆည်းပေးဖို့ ပြည်ထောင်စုဝန်ကြီးကို ကျွန်မတစ်ခါတည်း ပြောကြားလိုပါတယ်။ ဒီဌာနကြီး အောင်မြင်စွာ လည်ပတ်ပြီး ရလာဒ်ကောင်းတွေ ရလာဖို့ စနစ်တကျ စီမံကြီးကြပ်ပြီး ပစ္စည်းအင်အား၊ လူအင်အားများ ဖြည့်တင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒီသုတေသနနှင့် သင်တန်းဌာနကြီးကို အသုံးပြုသင်ကြားလေ့ကျင့်ကြမယ့် ဆရာ /ဆရာမများ၊ ကျောင်းသူ /ကျောင်းသားများအနေနဲ့လည်း ပြည်သူလူထုရဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ အရည်အသွေးမြှင့်တင်ရေးအတွက် ကြိုးစားဆောင်ရွက် ပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။

     ဒီဌာနကြီးပေါ်ပေါက်ရေးအတွက် နိုင်ငံတကာနဲ့ ပြည်တွင်းအလှူရှင်တွေ ကလည်း ထောက်ပံ့မှုတွေ အများကြီးပေးခဲ့တယ်လို့ ကျွန်မ သိရပါတယ်။ Cadaveric Laboratory ၊ Microsurgical Training Lab ၊ Simulation Operation Theatre ၊ Emergency Department ၊ Simulation Intensive Care Unit ၊ Labour Room ၊ Scope Simulator နဲ့ Research Laboratory အပြင် Audio Visual System တွေကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ကျွန်မအနေနဲ့ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ နိုင်ငံတော်ရဲ့ စီမံကိန်းတွေကို တစ်တပ်တစ်အား တတ်နိုင်သလောက် ကူညီခြင်းကို တန်ဖိုးထားပါတယ်။ ဒီဌာနထူထောင်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းပေးခဲ့တဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေကို ကျေးဇူးတင်ပါတယ်။

 

     ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနနှင့် ဆေးတက္ကသိုလ်(၁)ရန်ကုန်တို့ရဲ့ အောင်အောင်မြင်မြင် ဆောင်ရွက် နိုင်ခဲ့တဲ့ ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသနဌာနကြီး အဓွန့်ရှည်တည်တံ့ပြီး နိုင်ငံတော်နဲ့ ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍတွေမှာ အကျိုးရှိရှိနဲ့ ဆောင်ရွက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။ အားလုံးကိုလည်း ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့ပါတယ်။ ကျေးဇူးတင်ပါတယ်" ဟု ပြောကြားသည်။

     ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ဆေးပညာကျွမ်းကျင်မှု ပုံတူပြု လေ့ကျင့်ရေး နှင့် သုတေသန အဆောက်အဦ ပဥ္စမထပ်ရှိ Research Laboratory-1 ၊ စတုတ္ထထပ်ရှိ Simulation Lab နှင့် တတိယထပ်ရှိ Technical Skill Lab တို့တွင် သင်ထောက် ကူပစ္စည်းများနှင့် လက်တွေ့ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု သည်။

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်ဝင်း အတွင်း ဆောက်လုပ်ထားသည့် ဆေးပညာကျွမ်းကျင်မှု ပုံတူပြု လေ့ကျင့်ရေးနှင့် သုတေသန အဆောက်အဦကို ၂၀၁၈ခုနှစ် ဇန်နဝါရီ (၁) ရက်နေ့က စတင်ဆောက် လုပ်ခဲ့ပြီး (ပေ ၁၉၂ × ၉၀) အကျယ်ရှိ ရှစ်ထပ်ခွဲအဆောက်အအုံဖြစ်ပြီး သံကူကွန် ကရစ် အဆောက်အဦးအမျိုးအစားဖြစ်ကြောင်း သိရသည်။

     ဆေးပညာကျွမ်းကျင်မှု ပုံတူပြု လေ့ကျင့်ရေးနှင့် သုတေသန အဆောက်အဦကို ဆေးလက်တွေ့ကုသမှုများအတွက် လိုအပ်သော ကျွမ်းကျင်မှုများအား လေ့ကျင့် သင်ကြားနိုင်ရေး ၊ လူနာများ ဘေးကင်လုံခြုံမှု ပိုမိုရရှိရေး၊ နိုင်ငံတကာ အဆင့်မီ လေ့ကျင့်သင်ကြားရေးဌာန ပေါ်ပေါက်လာစေရေး၊ ဆေးပညာဆိုင်ရာ ကျင့်ဝတ်များ ပညာရှင်ပီသသည့် အရည်အသွေးနှင့် ကျွမ်းကျင်မှုများ၊ လူမှုဆက်ဆံရေးများ၊ အသင်းအဖွဲ့နှင့် ဆောင်ရွက်နိုင်မှုများ လေ့ကျင့်နိုင်ရေး ၊ ဆေးနှင့်ဆေးနှီးနွယ် တက္ကသိုလ်များ၏ သုတေသနလုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ရေး တို့အတွက် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

     ဆေးပညာကျွမ်းကျင်မှု ပုံတူပြု လေ့ကျင့်ရေးနှင့် သုတေသန အဆောက်အဦတွင် Non-Technical Skills သင်တန်းအမျိုးအစား (၉) မျိုး နှင့် Technical Skill သင်တန်း အမျိုးအစား (၁၆) မျိုးတို့ကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

More Tags