နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား အထူးအစီအစဉ်ဖြင့် အရှိန်အဟုန်မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဇွန်လ (၉) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၌ ကျင်းပခဲ့သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အထူးကိစ္စရပ်အနေဖြင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်း၊ မိခင်နှင့် ကလေးကျန်းမာရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျောင်းကျန်းမာရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

 

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်

• ဝေးလံသွားလာရ ခက်ခဲသော စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့နယ်အတွက် အမှန်တကယ်လိုအပ်လျက်ရှိပြီး လက်တွေ့ မြေပြင် အခြေအနေတွင် ပြုလုပ်နိုင်မည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆောင်ရွက်ခြင်းမှာ ဆေးပညာကျင့်ဝတ်များနှင့် အညီဖြစ်ပြီး ထိုသို့ဆောင်ရွက်နိုင်ရန်ကျင်းပသည့် ယခုညှိနှိုင်းအစည်းအဝေးသည် အရေးကြီးပါကြောင်း၊

 

• ညှိနှိုင်းအစည်းအဝေးတွင် လက်တွေ့မြေပြင်၌ အမှန်တကယ်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များ တိကျစွာထွက်ပေါ်လာရေးနှင့် စနစ်ကျစွာဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးရမည် ဖြစ်ပါကြောင်း၊

• လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့နယ်များရှိ ကျေးရွာများအပါအဝင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ကျေးရွာများမှ သွားလာရခက်ခဲသောကျေးရွာများမှ မိမိတို့နိုင်ငံသား ဒေသခံပြည်သူများတွင် ဘာသာစကားမျိုးစုံကွဲပြားလျက်ရှိပြီး ကျန်းမာရေး အသိပညာလည်း နည်းပါးကာ ကာကွယ်နိုင်သည့်ရောဂါများဖြစ်ပွားလျက်ရှိသည်ကို တွေ့ရပါကြောင်း၊

 

• နိုင်ငံတကာအဆင့်မီ ကျန်းမာရေးအဆင့်မြှင့်တင်ရေးဆိုင်ရာ စီမံကိန်းများ၊ စီမံချက်လုပ်ငန်းများ များပြားစွာရှိသော်လည်း မိမိတို့နိုင်ငံ၊ လုပ်ငန်းဆောင်ရွက်မည့်ဒေသ၏ အခြေအနေအရပ်ရပ်နှင့် ကိုက်ညီမှု မရှိပါက လက်တွေ့ဆောင်ရွက်ရာတွင် မည်သို့မျှအောင်မြင်မှုရရှိမည် မဟုတ်ပါ ကြောင်း၊

• ဒေသ၏ ပထဝီအနေအထား၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကုန်သွယ်မှု၊ လူမှု-စီးပွား၊ ဖွံ့ဖြိုးမှု၊ ဒေသခံများ၏ ကျန်းမာရေးအသိပညာကြွယ်ဝမှု၊ ယုံကြည်ကိုးကွယ်မှု၊ ယဉ်ကျေးမှု၊ အလေ့အထ၊ ကျန်းမာရေးဝန်ဆောင်မှုများရရှိမှုနှင့် အသုံးပြုမှု၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးသူများ၏ စွမ်းဆောင်ရည်နှင့် အရည်အသွေး၊ လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာငွေနှင့် ဆေး၊ ဆေးပစ္စည်းကိရိယာများ အပါအဝင် အရင်းအမြစ်များ၊ ဒေသရှိ ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်း စသည့် အခြေအနေများကို နောက်ခံထား၍ ဒေသနှင့် အကိုက်ညီဆုံးသော စီမံချက်နှင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

 

• ဆက်သွယ်ပြောဆိုသည့် ဘာသာစကားအမျိုးမျိုးကွဲပြားလျက်ရှိသည့် အဆိုပါဒေသရှိပြည်သူများတွင် ရောဂါကာကွယ်ဆေး၊ အာဟာပြည့်ဝစွာစားသုံးမှု၊ မိခင်၊ မျိုးဆက်ပွားနှင့် ကလေး ကျန်းမာရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေး စသည့် ကျန်းမာရေးအသိပညာဗဟုသုတများ ရရှိကြွယ်ဝစေရန် အလေးထားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ကြီးဌာနတစ်ခုတည်းမှ ဆောင်ရွက်၍မရဘဲ ဒေသတာဝန်ရှိသူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး အစရှိသည့် အထူးအရေးကြီးသည့် ကဏ္ဍများ၏ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှုကို ရယူ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

 

• မြန်မာနိုင်ငံတွင်အသုံးပြုသည့် ဘာသာ (၅၀)မျိုးသို့ ဘာသာပြန်ဆိုပြီးဖြစ်သည့် ဝန်ကြီးဌာနမှ ထုတ်ဝေထားသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်တွင် ပါဝင်သည့် ဒေသတွင် အဖြစ်များသည့်ရောဂါများပါဝင်သည့် ကျန်းမာရေးစံပြုအချက်အလက်များကို သီးသန့်ထုတ်နုတ်၍ ဒေသတွင်အသုံးပြုသည့် ဘာသာစကားသို့ ပြန်ဆိုအသုံးပြုရမှသာ ထိရောက်မှုရှိမည်ဖြစ်ပါကြောင်း၊

• အဆိုပါဒေသရှိပြည်သူများ ကာကွယ်ဆေးထိုးနှံမည့် နေ့ရက်နှင့် စုရပ်နေရာတို့ကို မသိရှိသဖြင့် မထိုးလိုက်ရခြင်းမျိုးမဖြစ်ပွားစေရန်နှင့် လာရောက်ရအဆင်ပြေစေရန် အသင့်တော်ဆုံး စုရပ်ကို ရွေးချယ်ကာ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်ကိုလည်း လုံလောက်သော အချိန်အတိုင်းအတာပေး၍ ကြိုတင်အသိပေးထားရမည်ဖြစ်ပါကြောင်း၊

 

• ဒေသရှိ မြို့နယ် ပြည်သူ့ကျန်းမာ/ ကုသရေးဦးစီးဌာနမှူးများ၊ ဆရာဝန်များ၊ သူနာပြုများနှင့် အခြေခံကျန်းမာရေးပညာရှင်များဖြစ်သည့် ကျန်းမာရေးမှူးများ၊ သားဖွားဆရာမများ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်များ၏ အကြံပြုမှုသည် လုပ်ငန်းစဉ်များ ရေးဆွဲရာ၌ အထူးအရေးကြီးပါကြောင်း၊

• ဒေသတွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ အနေဖြင့် ဝန်ကြီးဌာနနှင့် ထိရောက်စွာ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုများ ရရှိမည် ဖြစ်ပါကြောင်း၊

 

• ဆောင်ရွက်သည့် လုပ်ငန်းများ ထပ်နေခြင်းမရှိစေရန်နှင့် လိုအပ်သည့် နေရာကဏ္ဍတွင် ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် လုပ်ငန်းတာဝန်နှင့် အခန်းကဏ္ဍခွဲဝေဆောင်ရွက်ခြင်းသည် အရေးကြီးပါကြောင်း၊

• လုပ်ငန်းများဆောင်ရွက်ရာတွင် တစ်ကြိမ်တစ်ခါတည်းမဟုတ်ဘဲ နောက်ဆက်တွဲဆန်းစစ် ဆောင်ရွက်ခြင်း (follow up) သည်လည်းအရေးကြီးပါကြောင်း၊

 

• ဒေသခံများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုများအပေါ် ယုံကြည်ကိုးစားကာ လက်ခံအသုံးပြုခြင်း၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်း တို့ရရှိစေရန် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့မှ တာဝန်ရှိသူများ အနေဖြင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို ဝန်ကြီးဌာနမှ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ် ပြောဆိုခြင်း၊ ပံ့ပိုးပူးပေါင်းဆောင်ရွက်ခြင်းများဖြင့် အောင်မြင်မှုများရရှိနိုင် မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား အထူးအစီအစဉ်ဖြင့် အရှိန်အဟုန်မြှင့်တင်ရေးလုပ်ငန်းများအား ပံ့ပိုးပူးပေါင်းဆောင်ရွက်မှုများကို လက်ကမ်းကြိုဆိုပါကြောင်း နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ အဖွဲ့ဝင်ဖြစ်သူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကာစီရန်း က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။

 

     ထို့နောက် Unicef၊ WFP၊ Access to Health Fund၊ မြန်မာကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၊ WHO Country Office၊ PATH၊ CPI၊ Medical Action Myanmar တို့မှ တာဝန်ရှိသူများက လုပ်ငန်းများတွင် ဝန်ကြီးဌာနနှင့် ပူးပေါင်းပံ့ပိုးမည်များကို ပြောကြားခဲ့ပါသည်။

 

     ညှိနှိုင်းအစည်းအဝေး နံနက်ပိုင်း ဆွေးနွေးအကြံပြုမှုအစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးက သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး နေ့လယ်ပိုင်းအစီအစဉ်တွင် အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ကြကာ တက်ရောက်လာသူများက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့နယ်များတွင် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်း၊ မိခင်နှင့်ကလေးကျန်းမာရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျောင်းကျန်းမာရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေးရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။

 

     အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး) ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့မှ ကိုယ်စားလှယ်များ၊ စစ်ကိုင်းတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ ကုသရေးဦးစီးဌာနမှ သမားတော်ကြီးများ၊ ကလေးအထူးကု ဆရာဝန်ကြီးများ၊ ခန္တီးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ၊ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်များမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ကျန်းမာရေးမှူးများ၊ မြို့နယ်သူနာပြု ဆရာမကြီးများ၊ သားဖွားဆရာမများ၊ အခြေခံကျန်းမာရေးပညာရှင်များ၊ ပညရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

 
 
 

More Tags