ဆေးရုံဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဆေးရုံဆင်းလူနာများ၏ စိတ်ကျေနပ်မှုအခြေအနေဆန်းစစ်မှု စစ်တမ်းတွေ့ရှိချက်များ တင်ပြဆွေးနွေးခြင်း အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၆) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ပြုလုပ်ခဲ့သော ဆေးရုံဆင်းလူနာများအားဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများအား ရှင်းလင်းတင်ပြခြင်းနှင့် ဆေးရုံဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဆေးရုံဆင်းလူနာများ၏ စိတ်ကျေနပ်မှုအခြေအနေဆန်းစစ်မှု စစ်တမ်းတွေ့ရှိချက်များ တင်ပြ ဆွေးနွေးခြင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -

• ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ ဆေးရုံများတွင် ဆေးကုသမှုလုပ်ငန်းသာမက ဆေးဘက်ဆိုင်ရာလူမှုရေးဝန်ဆောင်မှုများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပြီး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဆေးရုံ၏ ပုံရိပ်ပင်ဖြစ်ပါကြောင်း၊
• ဆေးရုံဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဆေးရုံဆင်းလူနာများ၏ စိတ်ကျေနပ်မှုအခြေအနေ ဆန်းစစ်မှု စစ်တမ်းအား ယခုကဲ့သို့ကောက်ယူရာတွင် ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ရှိ ပါကြောင်း၊

 

• စစ်တမ်းအား ဝန်ကြီးဌာနရှိ ဗဟိုအဆင့်ဆေးရုံကြီး (၂၄) ရုံ၊ အထူးကုဆေးရုံကြီး (၁၅) ရုံ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ဆေးရုံကြီး (၄၀) ရုံ၊ ခရိုင်/ မြို့နယ်အဆင့် ပြည်သူ့ဆေးရုံ (၃၄) ရုံ တို့တွင် (၁-၄-၂၀၁၉) မှ (၃၁-၁၂-၂၀၁၉) ရက်နေ့အထိ ဤမျှအတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ခြင်းသည် ဤဝန်ကြီးဌာန၏ နှစ်ပေါင်းများစွာကာလအတွင်း ပထမဆုံးအကြိမ် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊
• အလားတူ ဆေးရုံရှိ ဓာတ်ခွဲခန်းများ၊ ဓာတ်မှန်ခန်းများ၊ အရိုးအဆစ် ပြန်လည်သန်စွမ်းရေးဌာနများ အစရှိသည်တို့၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသုံးချသုတေသန အမြန်ဆုံးဆောင်ရွက်စေလိုပြီး ထိုသို့ဆောင်ရွက်ရန်အတွက် သုတေသနရန်ပုံငွေများ ဝန်ကြီးဌာနတွင် အလုံအလောက် ရှိပါကြောင်း၊
• ထိုသို့သော စစ်တမ်းကောက်ယူမှုမှတစ်ဆင့် လက်တွေ့မြေပြင်အခြေအနေများ၊ ပြည်သူများ၏အသံ နှင့် ပြည်သူများ၏ စိတ်ကျေနပ်မှုအခြေအနေကို သိရှိနိုင်ပြီး မိမိတို့ဆေးရုံများ၏ ဝန်ဆောင်မှုများ ပိုမို ကောင်းမွန်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊
• (၂၀၁၉) ခုနှစ်အတွင်းက ဝန်ကြီးဌာန၏ ဆေးရုံများတွင် အတွင်းလူနာပေါင်း (၃.၁၅) သန်းကျော် တက်ရောက်ကုသမှုခံယူခဲ့ပြီး ပြင်ပလူနာအဖြစ်ပြသမှုအကြိမ်ရေ (၁၁.၉၂) သန်းကျော်နှင့် ပြည်သူ့ ကျန်းမာရေး ဆေးခန်းများတွင် လာရောက်ပြသမှု အကြိမ်ရေ (၂၄.၁၁) သန်းကျော်ရှိပါကြောင်း၊
• ဝန်ကြီးဌာန၏ ကုသမှုလုပ်ငန်းများ ယခင်ကထက်ပိုမိုကောင်းမွန်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ဆရာဝန်၊ သူနာပြု၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၊ ကုသမှုအထောက်အကူပြုပညာရှင်များ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊
• မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်ပြီး ကျန်းမာရေးအာမခံစနစ်ကောင်းတစ်ခုလည်း မရှိသေးသဖြင့် ပြီးပြည့်စုံသော ဝန်ဆောင်မှုများပေးအပ်ရန် လိုအပ်ချက်များရှိနေပါကြောင်း၊

 

• ဝန်ကြီးဌာနအနေဖြင့် (၂၀၁၆) ခုနှစ်၊ ဧပြီလမှ စတင်၍ ဆေးရုံများတွင် ဆေးလူမှုဝန်ထမ်းများ အရေအတွက် ပိုမိုတိုးမြှင့်ခန့်ထားပေးခဲ့ပြီး ဆေးရုံဧည့်ကြိုဝန်ထမ်း (hospital receptionist) များကိုလည်း အသစ်ခန့်အပ်ခဲ့ပါကြောင်း၊
• ဆေးရုံဧည့်ကြိုဝန်ထမ်း (hospital receptionist) လုပ်ငန်း ဆရာဖြစ်သင်တန်းများနှင့် မွမ်းမံသင်တန်း မြောက်များစွာကိုလည်း လက်တွေ့သင်တန်းများပြုလုပ်ခဲ့သည့်အပြင် ဆေးရုံဧည့်ကြိုဝန်ထမ်းလုပ်ငန်း လမ်းညွှန် (hospital receptionist guideline) ကိုလည်း (၂၀၁၇) ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး ယခု (၂၀၂၀-၂၁) ခုနှစ်တွင် အသစ်မွမ်းမံ၍ ထုတ်ဝေမည်ဖြစ်ပါကြောင်း၊
• အဆိုပါ လမ်းညွှန်စာအုပ်မှ အချက်များနှင့် (hospital receptionist) များ၏ အခန်းကဏ္ဍအား စစ်တမ်းတွေ့ရှိချက်များနှင့် ပြောင်းလဲလာသော အခြေအနေအရပ်ရပ်နှင့်ကိုက်ညီစေရေးအတွက် မွမ်းမံ ပြင်ဆင်မှုများပြုလုပ်စေလိုပါကြောင်း၊ ထိုသို့မွမ်းမံပြင်ဆင်မှုများဆောင်ရွက်ရာတွင် လက်တွေ့မြေပြင် အခြေအနေများနှင့် ကိုက်ညီမှုရှိစေရေးအတွက် ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဆေးရုံအုပ်ကြီးများနှင့် တာဝန်ရှိသူများက အကြံပြုချက်များပေးအပ်စေလိုပါကြောင်း၊
• ဆေးလူမှုဝန်ထမ်းများ၏ ဆက်သွယ်ပြောဆိုရေးစွမ်းရည် (communication skill) များ ပိုမိုကောင်းမွန် စေရန်အတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
• လူနာများ ဆေးရုံဆင်းချိန်တွင် ယခုမိမိတို့ ကျင့်သုံးလျက်ရှိသည့် ပညာပေးပြောကြားခြင်း (hospital discharge parade) သည် အလွန်အရေးကြီးပါကြောင်း၊
• လူနာများအား ဆေးရုံဆင်းချိန်တွင် ဆက်လက်သောက်သုံးရမည့်ဆေးများ၊ သောက်သုံးမှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးများ၊ ဆေးရုံတက်ခဲ့ရသောရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးအသိပညာ ဗဟုသုတများကို အသိပညာပေးဟောပြောမှုများအပြင် လူနာများနှင့် လူနာစောင့်များမှ လက်ကိုင်ဖုန်းများတွင် အလွယ်တကူကြည့်ရှုနိုင်ရန် ဆေးရုံများတွင် QR Code များ ကပ်ထားရမည်ဖြစ်ပါကြောင်း၊
• ဆေးရုံများ၏ ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စေရေးနှင့် လူနာများ ပိုမိုအဆင်ပြေစေရေးအတွက် (hospital receptionist) များအား ပိုမိုတိုးမြှင့်ခန့်ထားမည်ဖြစ်ပြီး အမြဲတမ်းဝန်ထမ်းများ အဖြစ်ဦးစားပေး ခန့်ထား မည်ဖြစ်ပါကြောင်း၊
• ဆေးသုတေသနဦးစီးဌာနအနေဖြင့် ဝန်ကြီးဌာနရှိဦးစီးဌာနအသီးသီး၊ ဌာနခွဲအသီးသီးမှ ကောက်ယူထားသည့် စစ်တမ်း (survey) များကို မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသန မှတ်ပုံတင်စနစ် (Myanmar health research registry) တွင်ထည့်သွင်းစေလိုပါကြောင်း၊

 

• စစ်တမ်းကောက်ယူရာတွင် ဆေးသုတေသနဦးစီးဌာန၏ အကူအညီကိုရယူပြီး စစ်တမ်းကောက်ယူမှုပိုမို ထိရောက်စေရန် တစ်ဦးချင်း အသေးစိတ်တွေ့ဆုံမေးမြန်းခြင်း (in-depth interview) နှင့် ဦးတည်အုပ်စုနှင့် ဝိုင်းဖွဲ့ဆွေးနွေးခြင်း (focus group discussion) နည်းများဖြင့်ပါ ဆောင်ရွက်စေလိုပါကြောင်း၊
• ဆေးလူမှုဆက်ဆံရေးကဏ္ဍ၏ အရေးကြီးမှုနှင့် လုပ်ငန်းစဉ်များဆိုင်ရာ အကြောင်းအရာများကိုလည်း ဆေးတက္ကသိုလ်များ၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်တို့၏ သင်ရိုးညွှန်းတမ်းတွင် အချိန်အခါ၏လိုအပ်ချက်အပေါ်မူတည်၍ ပိုမိုတိကျစွာ ပြုစုထည့်သွင်းပြီး သင်ကြားရမည်ဖြစ်ပါကြောင်း၊
• ဤစစ်တမ်း၏ တွေ့ရှိချက်အရ ပြည်သူများ၏ အများဆုံးလိုအပ်ချက်မှာ ဆေးရုံရှိ လူနာများ ရေချိုးခန်းနှင့် သန့်စင်ခန်းများ ပိုမိုသန့်ရှင်းရေးအား လိုလားသည်ကို တွေ့ရှိရသည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဤကိစ္စကို တစ်ပြည်လုံးအတိုင်းတာအနေဖြင့် ဦးစားပေးအနေဖြင့် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊
• ဤစစ်တမ်းအရ လူနာများနှင့် ပြည်သူများ၏ လိုအပ်ချက်ကို သိရှိသော်လည်း ဆေးရုံတက်ရောက်စဉ်၌ လူနာနှင့် လူနာစောင့်များ၏ တာဝန်ကိုလည်း ဆေးရုံများ၌ ချိတ်ဆွဲထားသဖြင့် ၎င်းပါအချက်များကို လူနာနှင့် လူနာစောင့်များတိကျစွာလိုက်နာရမည်ကို ဆော်ဩရမည်ဖြစ်ပါကြောင်း၊
• မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူနာထုအကျိုးရှိရန်အတွက် ယခုလက်ရှိတွင် လူနာဘေးကင်းလုံခြုံမှု (patient safety) နှင့် ဆေးရုံတွင်းရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်ခြင်းလုပ်ငန်း (hospital infection control) တို့ကို ဦးစားပေးလုပ်ဆောင်လျက်ရှိပါကြောင်း၊
• ဆေးရုံများ၏ ဝန်ဆောင်မှုပိုမိုကောင်းမွန်စေရေးနှင့် လူနာများ ပိုမိုအဆင်ပြေ စေရေးအတွက် သက်ဆိုင်ရာဆေးရုံအုပ်ကြီးများမှ အစီအစဉ်ရေးဆွဲ၍ ဆက်လက်ဆောင်ရွက်ရန်ဖြစ်ပြီး ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံး ပံ့ပိုးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
     ထို့နောက် ကုသမှုအထောက်အကူပြုဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး (ဆေးလူမှု) ဒေါ်နန်းခင်မာလေးက ဆေးလူမှုဆက်ဆံရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆေးရုံဆင်းလူနာများအားဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများနှင့် ဝန်ကြီးဌာနရှိ ဗဟိုအဆင့်ဆေးရုံကြီးများ၊ အထူးကုဆေးရုံကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ဆေးရုံကြီးများ၊ ခရိုင်/ မြို့နယ်အဆင့် ပြည်သူ့ဆေးရုံများတွင် (၂၀၁၉) ခုနှစ်အတွင်း ဖြေဆိုသူ ဆေးရုံဆင်းလူနာ (၈) သိန်းကျော်ထံမှ ကောက်ယူခဲ့သည့် ဆေးရုံဝန်ဆောင်မှုများနှင့် ပတ်သက်၍ လူနာများစိတ်ကျေနပ်မှုအခြေအနေ ဆန်းစစ်မှု စစ်တမ်းတွေ့ရှိချက် များအား အသေးစိတ် တင်ပြခဲ့ပါသည်။

     ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသော ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ဆေးရုံများမှ ဆေးရုံအုပ်ကြီးများက အသီးသီးဆွေးနွေး အကြံပြုမှုများဆောင်ရွက်ခဲ့ကြပါသည်။

More Tags