ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များက သက်ဆိုင်ရာဆေးပညာဘာသာရပ်အလိုက် ရိုက်ကူးထားသော သင်ကြားရေးရုပ်သံဗွီဒီယိုများ လွှင့်တင်ထားရှိခြင်း

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ အောက်တိုဘာလ (၂၃) ရက်

     (၁၁-၃-၂၀၁၉) ရက်နေ့က ဆေးတက္ကသိုလ် (၁) ရန်ကုန်၌ ကျင်းပပြုလုပ်ခဲ့သော “အလုပ်သင်ဆရာဝန် လေ့ကျင့်သင်ကြားရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းအား အပြီးသတ်ရေးဆွဲနိုင်ရေး၊ အလုပ်သင်ဆရာဝန်များ လေ့ကျင့်သင်ကြားရေး၊ သင်ကြားပုံနည်းစနစ်နှင့် ဆန်းစစ်ခြင်း ကိစ္စရပ် များ၊ Faculty Training ပြုလုပ်ရန်ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး” တွင် ပြောကြားခဲ့သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန် မိန့်ခွန်းနှင့်အညီ မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူ့ဆေးရုံများနှင့် ကျန်းမာရေးဌာနများတွင် တာဝန် ထမ်းဆောင်နေသည့် ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများ၊ အခြေခံ ကျန်းမာရေးပညာရှင်ဝန်ထမ်းများနှင့် ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များတွင် တက်ရောက် ပညာသင်ကြားနေသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် စဉ်ဆက် မပြတ် ဆေးပညာသင်ကြားရေး (Online Continuing Medical Education) ကို ရည်ရွယ်၍ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များက သက်ဆိုင်ရာဆေးပညာဘာသာရပ်အလိုက် သင်ကြားရေးရုပ်သံဗွီဒီယို (၂၀၀) ကျော်အား ရိုက်ကူး ပြုစုခဲ့ပြီး ဆက်လက်၍လည်း ရိုက်ကူးလွှင့်တင်သွားမည်ဖြစ်ပါသည်။

      ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ e-Health ဌာနခွဲမှ အဆိုပါ သင်ကြားရေးရုပ်သံဗွီဒီယို များအား ဝန်ကြီးဌာန၏ MoHS Events Website (Paperless Workshop System) အင်တာနက်လိပ်စာ - https://event-mohs.gov.mm/ တွင် တစ်စုတစ်စည်းတည်း လွှင့်တင် ထားရှိပါသည်။

     သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ထမ်းများ၊ ဆေးနှင့်ဆေးပညာနှီးနွှယ် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် MoHS Events Website မှတစ်ဆင့် သက်ဆိုင်ရာဆေးပညာဘာသာရပ်အလိုက် သို့မဟုတ် သင်ကြား ပို့ချသည့် တက္ကသိုလ်အလိုက် သင်ကြားရေးရုပ်သံဗွီဒီယိုများကို ဝင်ရောက်ကြည့်ရှုလေ့လာခြင်း နှင့် Download ရယူခြင်းများ ဆောင်ရွက်နိုင်ပြီဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ် ပါသည်။

 

 
 

More Tags