ကမ္ဘာ့လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ အထိမ်းအမှတ်နေ့ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Union Minister Dr. Myint Htwe attends the World Patient Safety Day ceremony

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ အထိမ်းအမှတ်နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• ကမ္ဘာတစ်ဝန်းတွင် ဆေးပညာဘာသာရပ်များ ပိုမိုတိုးတက်ဖွံ့ဖြိုးလာမှု၊ ဆေးပစ္စည်းကိရိယာများ ပိုမိုတိုးတက်လာသည်တို့နှင့်အမျှ ရောဂါရှာဖွေစမ်းသပ်ခြင်းနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူနာဘေးကင်းလုံခြုံမှု (patient safety) လုပ်ငန်းများသည် ပိုမိုအရေးကြီးလာသည် ဖြစ်ပါကြောင်း၊

• လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ သဘောတရားများသည် ကြီးမားကျယ်ပြန့်ပြီး လူနာ၏ရောဂါ ရာဇဝင်မေးမြန်း စစ်ဆေးစမ်းသပ်ခြင်း၊ ကုသခြင်းမှ ရောဂါသက်သာပျောက်ကင်းသည်၊ ဆေးရုံမှဆင်းသည်အထိ လုပ်ငန်းအဆင့်တိုင်းတွင် ဘေးကင်းလုံခြုံစေရေးဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊

 

• လူနာဘေးကင်းလုံခြုံမှု (Patient Safety) ၏ အရေးပါမှုကို သိသာထင်ရှားစေရန်အတွက် (၇၂) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေး ညီလာခံတွင်လည်း လူနာများ ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်းတွင် ဆောင်ရွက်ရမည်များကို အတည်ပြု သံဓိဌာန်ကြေညာချက် ချမှတ်၍ နှစ်စဉ် စက်တင်ဘာလ (၁၇) ရက်နေ့ကို ကမ္ဘာ့လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ အထိမ်းအမှတ်နေ့ (World Patient Safety Day ) အဖြစ်သတ်မှတ်ခဲ့ပါကြောင်း၊

• မြန်မာနိုင်ငံတွင် ကမ္ဘာ့လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ အထိမ်းအမှတ်နေ့ကို အခြားကမ္ဘာ့နိုင်ငံများနည်းတူ ယခုနှစ်မှ စတင်၍ ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပါကြောင်း၊

 

• (၂၀၁၈) ခုနှစ်တွင် မိမိတက်ရောက်ခဲ့သည့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ပြုလုပ်ခဲ့သော လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ ကမ္ဘာ့တစ်ဝှမ်းကျန်းမာရေးဝန်ကြီးများ နှီးနှောဖလှယ်ပွဲကြီးတွင် ကျန်မားရေးစောင့်ရှောက်မှု အရည်အသွေးမြင့်မားတိုးတက်ရေးနှင့် လူနာဘေးကင်းလုံခြုံမှု ကိစ္စရပ်များ၏ အရေးကြီးမှုကို ဖော်ထုတ်ဆွေးနွေးခဲ့ပါကြောင်း၊

• လူနာဘေးကင်းလုံခြုံမှုလုပ်ငန်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစဉ် (global programme of work) (၂၀၁၉-၂၀၂၃) များတွင်လည်း အလေးပေးထည့်သွင်းထားရှိ ပါကြောင်း၊

 

• ဘေးကင်းလုံခြုံမှုအားနည်းချက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှုများကြောင့် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် နောက်ဆက်တွဲပြဿနာများ၊ မသန်မစွမ်းဖြစ်မှုများနှင့် သေဆုံးမှုများ ဖြစ်ပွားလျက် ရှိပါကြောင်း၊

• လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ လုပ်ငန်းများ၏ အရေးကြီးမှု အတိမ်အနက်ကို ကုသမှုပညာရှင် များသာမက ဆေးရုံအုပ်ကြီးများနှင့်ဆေးရုံစီမံခန့်ခွဲသူများကပါသိရှိနားလည် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

• လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ လုပ်ငန်းများ အောင်မြင်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများသာမက ကျန်းမာရေးစောင့်ရှောက်မှုခံယူသူ လူနာများကိုယ်တိုင်မှ ဆေးဝါးများကို ညွှန်ကြားသည့် အကြိမ်ရေနှင့် ပမာဏအတိုင်း ပုံမှန်သောက်သုံးမှု၊ ချိန်းဆိုသည့် ရက်များအတိုင်း ပြသမှု စသည်တို့ကို လုပ်ဆောင်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

 

• ရောဂါရှာဖွေစမ်းသပ်မှုနှင့် ကုသမှုဆိုင်ရာ လုပ်ငန်းစဉ်များတွင် ဖြစ်ပေါ်နိုင်သည့် ဘေးထွက်ဆိုးကျိုးအန္တရာယ်များ၊ ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကို လူနာများအနေဖြင့် သိရှိနားလည်ထားရန်အတွက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် လူနာများဆေးရုံမှ ဆင်းချိန်တွင် ဆက်လက်သောက်သုံးရမည့် ဆေးဝါးများနှင့် ပတ်သက်၍လည်းကောင်း၊ ဖြစ်ပွားမှုများပြားသော ရောဂါများနှင့် ပတ်သက်၍လည်းကောင်း အသိပညာဗဟုသုတများ ပြောကြားခြင်း၊ လက်ကမ်းစာစောင်များ ပေးအပ်ခြင်းတို့ကို လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊

• ဆေးရုံများ၊ လူနာဆောင်များတွင် လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ ကိစ္စရပ်များနှင့် သင်ခန်းစာအတွေ့အကြုံများကို ဆွေးနွေးပြောကြားခြင်းကို ပြုလုပ်ကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ချို့ယွင်းမှုပြစ်ချက်ရှာခြင်းမျိုးမဟုတ်ဘဲ ပိုမိုကောင်းမွန်စေရေးဆောင်ရွက်နိုင်ရန် ဦးတည်၍ လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊

 

• ဆေးရုံတစ်ရုံ၊ နိုင်ငံတစ်နိုင်ငံတွင် လူနာဘေးကင်းလုံခြုံမှုလုပ်ငန်းများ အောင်မြင်မှုနှင့် အလေ့အကျင့်ကောင်းများကို ပညာရှင်များ၊ ဆေးရုံများနှင့် နိုင်ငံများအချင်းချင်းဝေမျှခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း တို့ကိုလည်း လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊

• လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ စောင့်ကြပ်ကြည့်ရှုမှုစနစ် (patient safety monitoring dashboard) ဖြင့် ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေး ဌာနများတွင် ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေများကို ဆန်းစစ်အကဲဖြတ်၍ လိုအပ်ချက်၊ အားနည်းချက်များကို ဖော်ထုတ်ခြင်းနှင့် ထောက်ပြခြင်းတို့ဖြင့် ပိုမိုကောင်းမွန်စေရေး ဆောင်ရွက် သွားစေရမည်ဖြစ် ပါကြောင်း၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်များအသင်း၊ ဆေးပညာဘာသာရပ်ဆိုင်ရာ အဖွဲ့များနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

 

• လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ လမ်းညွှန်စာအုပ်များ၊ စံလုပ်ထုံးလုပ်နည်းများကို ပြုစုဖြန့်ဝေသွားရမည်ဖြစ်ပါကြောင်း၊

• လူနာဘေးကင်းလုံခြုံမှု အကြောင်းတရားများကို ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များ၏ ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းများ၏ သင်ရိုးညွှန်းတမ်းများတွင် အလေးပေးထည့်သွင်း သင်ကြားသွားရမည်ဖြစ်ပါကြောင်း၊

• လူနာဘေးကင်းလုံခြုံမှုနှင့် ပတ်သက်သည့် သုတေသနများကို ပိုမိုပြုလုပ်သွားစေလိုပါကြောင်း၊

 

• ဆေးကုသမှု အဆင့်တိုင်းကို ဘက်ပေါင်းစုံမှ စနစ်တကျဆန်းစစ်ခြင်း (medical audit) ပြုလုပ်ပြီး အရည်အသွေးလေ့လာဆန်းစစ်နိုင်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင် (၃) ဦးနှင့် ပူးပေါင်း၍ မကြာမီစတင် ဆောင်ရွက်တော့မည်ဖြစ်ပါကြောင်း၊

• ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဆေးဆိုင်များတွင် ဆရာဝန်ညွှန်ကြားချက် နှင့် ရောင်းချရမည့်ဆေးဝါး (prescription drug) များ နှင့် ညွှန်ကြားချက်မပါဘဲ ရောင်းချနိုင်သည့် ဆေးဝါး (over-the-counter drug) များကို သတ်မှတ်ချက် စည်းကမ်းများနှင့် အညီရောင်းချရေးနှင့် စပ်ဆေးများ ရောင်းချမှုမရှိစေရေးတို့အတွက် အသိပညာပေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းတို့ကို ဝန်ကြီးဌာနမှ အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

 

• ဝန်ကြီးဌာနအနေဖြင့်လူနာဘေးကင်းလုံခြုံမှုဆိုင်ရာလုပ်ငန်းများကို ဦးစားပေးအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ယခုနှစ် ကမ္ဘာ့လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ အထိမ်းအမှတ်နေ့၏ ဆောင်ပုဒ်ဖြစ်သော “လူနာဘေးကင်းလုံခြုံရေး အားလုံးအလေးထားဦးစားပေး” နှင့်အညီ အားလုံးမှ ဝိုင်းဝန်းဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ Head of the Department for International Development (DFID), Myanmar ဖြစ်သူ Dr. Rurik Marsdenနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Dr. Stephen Paul Jost တို့က အမှာစကားအသီးသီးပြောကြားခဲ့ပါသည်။

 

     ထို့နောက် The Rangoon General Hospital Reinvigoration Charitable Trust (RGHR) မှ Trustee ဒေါက်တာသင်းသင်းလှိုင်မှ "Patient Safety - Our Prime Focus" ခေါင်းစဉ်ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။

 

     ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းနှင့် အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်တို့က Patient Safety Champions ဆုရရှိသော လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် (ခုတင်-၁၀၀၀ ဆံ့) ပြည်သူ့ဆေးရုံကြီး၊ ခုတင်-၃၀၀ ဆံ့ သင်ကြားရေးဆေးရုံကြီး (မန္တလေး) နှင့် ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) တို့မှ တာဝန်ရှိသူများအား ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပါသည်။

 

        ထို့နောက် အခမ်းအနားအစီစဉ်များအတိုင်း လူနာဘေးကင်းလုံခြုံမှုဆိုင်ရာကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုခြင်း ကိုလည်း ဆောင်ရွက်ခဲ့ပါသည်။

 

     အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆေးကောင်စီနှင့် မြန်မာနိုင်ငံဆေးပညာရှင်အသင်း တို့မှ ဥက္ကဋ္ဌများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Department for International Development (DFID) နှင့် Rangoon General Hospital Reinvigoration Charitable Trust (RGHR) တို့မှ တာဝန်ရှိသူများ၊ အနုပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

 
 
 

More Tags