ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မေ ၃

     ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ၂၀၂၄ ခုနှစ်၊ မေလ (၃)ရက်နေ့၊ ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov အား နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

 

     တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံ ကျန်းမာရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမို မြှင့်တင်နိုင်ရေး ကိစ္စရပ်များ၊ ရုရှားနိုင်ငံမှ ဆောက်လုပ်ပေးထားသည့် တောင်ကြီးမြို့ စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေးနှင့် ကင်ဆာရောဂါ ဓါတ်ရောင်ခြည် ဆေးကုသမှုများ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံ ဆေးပညာရပ်နှင့် ဆေးဘက်ဆိုင်ရာ ပညာရှင်များ အပြန်အလည်စေလွှတ်ရေးနှင့် သုတေသန ပူး‌ပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များ၊ အထူးသဖြင့် ကင်ဆာရောဂါ ပညာရပ်၊ ခွဲစိတ်ကုသမှု ပညာရပ်၊ နှလုံးဆေးကုသမှုနှင့် ခွဲစိတ်မှု ပညာရပ်၊ ဦးနှောက်နှင့်အာရုံကြော ဆေးကုသမှု နှင့် ခွဲစိတ်မှုပညာရပ်များ ပိုမိုပူးပေါင်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံ ဆေးပညာရပ်နှင့် ဆေးဘက်ဆိုင်ရာ ဘွဲ့၊ ဒီဂရီများ အပြန်အလှန် အသိအမှတ် ပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ ၂၀၂၁ ခုနှစ်မှ စ၍ မြန်မာနိုင်ငံရှိ ကလေးအထူးကု ဆရာဝန်များအား ရုရှားနိုင်ငံသို့ စေလွှတ်၍ ကလေးကျန်းမာရေးစောင့်ရှောက်မှု သင်တန်း များ နှစ်စဉ် စေလွှတ်သင်ကြားနေသည့် ကိစ္စရပ်များ၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီးနှင့် ရှရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ရှိ Napalkov Cancer Center တို့အကြား ကင်ဆာရောဂါ ဆေးကုသမှု ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံ ဆေးဝါးထုတ်လုပ်ရေး ကဏ္ဍ နှင့် ရုရှားနိုင်ငံထုတ် ဆေးဝါး တင်သွင်းခြင်းနှင့် ဆေးဝါး မှတ်ပုံတင် ရရှိရေး ကိစ္စရပ် များ၊ ပြန်လည်သန်စွမ်းရေး ဆေးပညာရပ်ဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲအပြီးတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး တို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြပါသည်။

 

      အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်(အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်း အတွင်းဝန်(ပြည်ထောင်စုဝန်ကြီးရုံး)နှင့် တာဝန်ရှိသူများ၊ ရုရှားနိုင်ငံ သံရုံးမှ စီးပွားရေးရာ ကောင်စစ်ဝန်နှင့် သံတမန်ရေးရာသံမှူးတို့ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

More Tags