ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ KG+12 ပညာရေးစနစ်သစ်ဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် သင်ကြားမည့်သင်တန်းကာလနှင့် သင်ရိုး ညွှန်းတမ်းများ ညှိနှိုင်းဆောင်ရွက်နိုင်ရေးအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ (၂၀၂၄)ခုနှစ်၊ မတ်လ(၂၈)ရက်

KG+12 ပညာရေးစနစ်သစ်ဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်သင်တန်းအသီးသီးတွင် သင်ကြားမည့်သင်တန်းကာလနှင့် သင်ရိုးညွှန်းတမ်းများ ညှိနှိုင်းဆောင်ရွက်နိုင်ရေးအစည်းအဝေးကို (၂၈-၃-၂၀၂၄)ရက်နေ့၊ နံနက်(၉:၀၀)နာရီတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ရာ အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊


 

ဒုတိယဝန်ကြီး၊ ပါမောက္ခဒေါက်တာအေးထွန်း၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး၊ ဗိုလ်ချုပ်ကိုကိုလွင်၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ အဆင့်မြင့်အရာရှိကြီးများ၊ ပြည်ထောင်စုဝန်ကြီး(ငြိမ်း)၊ ပါမောက္ခဒေါက်တာ ဖေသက်ခင်၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီနှင့် မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီတို့မှ ဥက္ကဋ္ဌများ၊ ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များ တက်ရောက်ကြပါသည်။


 


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ အဖွင့်အမှာစကား ပြောကြားရာ၌ KG+12 ပညာရေးစနစ်သစ်ဖြင့် တက္ကသိုလ်ဝင်စာမေးပွဲများ စစ်ဆေးပြီးဖြစ်ပါသဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မည့်သူများအား ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ် များတွင် လက်ခံသင်ကြားရတော့မည်ဖြစ်ပါကြောင်း၊ KG+12 ပညာရေးစနစ်သစ်သည် နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော IGCSE “A” Level နှင့် ကိုက်ညီမှုရှိပါကြောင်း၊ သင်ကြားမည့်သင်တန်းကာလနှင့် သင်ရိုးညွှန်းတမ်း များကို အာဆီယံဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာရှိ တက္ကသိုလ်များတွင် သင်ကြားနေမှု နှင့်ကိုက်ညီရန်လိုအပ်သည့်အပြင် သက်ဆိုင်ရာနိုင်ငံတကာ “စံ” သတ်မှတ်ချက်များနှင့်လည်း ကိုက်ညီရန် လိုအပ်ပါကြောင်း၊


 

သတ်မှတ်မည့် သင်တန်းကာလသည် နိုင်ငံတော်၏လိုအပ်ချက်၊ ကျန်းမာရေးဝန်ကြီး ဌာန၏လိုအပ်ချက်ကိုအခြေခံပြီး မွေးထုတ်မည့်ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ၏ အရည်အသွေး ပြည့်မီစေရေးကိုအဓိကထား၍ ကျောင်းသား/သူများနှင့် မိဘများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေးကိုပါ ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါကြောင်း၊ အထွေထွေဆေးကုသခွင့်လိုင်စင်၊ သွားနှင့်ခံတွင်းဆိုင်ရာဆေးကုသ ခွင့်လိုင်စင်၊ သူနာပြုသားဖွားလိုင်စင်များကို ထုတ်ပေးလျက်ရှိသည့် သက်ဆိုင်ရာကောင်စီများမှ သတ်မှတ် မည့် သင်တန်းကာလနှင့် သင်ရိုးညွှန်းတမ်းအရည်အသွေးပြည့်မီစေရေးအတွက် ဝိုင်းဝန်းဆွေးနွေးပေးစေလို ပါကြောင်းနှင့် တက်ရောက်လာကြသူများမှလည်း ဘက်ပေါင်းစုံစဉ်းစားပြီး ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေ လိုပါကြောင်း ပြောကြားပါသည်။


 

ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များတွင် သင်ကြားခဲ့သည့် သင်တန်းကာလများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပြီး ဆေးဝန်ထမ်းညွှန်ကြားရေးမှူး မှ သင်တန်းကာလနှင့်ပတ်သက်ပြီး အစည်းအဝေးမှသဘောတူညီသည့်အတိုင်း သင်ရိုးညွှန်းတမ်းများကို အချိန်မီကြိုတင်ရေးဆွဲနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပါသည်။ ထို့နောက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အစည်းအဝေးပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး Integrated Curriculum ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ၊ တွဲဖက်အတွင်းရေးမှူးမှ ဆေးတက္ကသိုလ်များတွင် လက်ရှိသင်ကြားလျက်ရှိသော Outcome Based Integrated Curriculum နှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးခဲ့ပါသည်။


 

၎င်းနောက် တက္ကသိုလ်ပါမောက္ခချုပ်များမှ သက်ဆိုင်ရာတက္ကသိုလ်အချင်းချင်း ညှိနှိုင်းဆွေးနွေး ထားသည့် သင်ကြားမည့်သင်တန်းကာလနှင့် သင်ရိုးညွှန်းတမ်းဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို ပြန်လည်လမ်းညွှန်မှာကြားခဲ့ပြီး  အစည်းအဝေးကို (၁၃:၀၀)နာရီ တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

More Tags