ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့် “မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေး ဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) အသိပေးမိတ်ဆက်ခြင်း” အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၈)ရက်

     (၂၀၂၄) ခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ်အခမ်းအနားကို (၈-၄-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး World Health Organization စတင်တည်ထောင်ခဲ့သည့်နေ့ကို ကမ္ဘာ့ကျန်းမာရေးနေ့အဖြစ် ၁၉၅၀ ခုနှစ် မှစတင်သတ်မှတ်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများမှ အဆိုပါနေ့ရက် ကျရောက်တိုင်း ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ်ဆိုင်ရာ အခမ်းအနားများ နှင့် ကျန်းမာရေးဆိုင်ရာလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြ ပါကြောင်း၊ ကမ္ဘာတစ်ဝန်းရင်ဆိုင်ကြုံတွေ့နေရသည့် ကျန်းမာရေးဆိုင်ရာ အခြေအနေများနှင့်ပြဿနာ များကိုစုပေါင်းဖြေရှင်းရန်အတွက် အဖွဲ့ဝင်နိုင်ငံတိုင်းမှ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းဆောင်တာများကို အစီအစဉ်ချမှတ်၍ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ဖို့ နှိုးဆော်တိုက်တွန်းလေ့ရှိကြောင်း၊

ယနေ့အချိန်အခါတွင် ကမ္ဘာတစ်ဝှမ်းရှိ လူသားများ၏ကျန်းမာရေးကို ထိခိုက်စေမှုများသည် ပိုမိုများပြားလာနေကြောင်း၊ လူသားတိုင်း ကျန်းမာရေးစောင့်ရှောက်မှုကို ရယူပိုင်ခွင့်၊ ပညာသင်ကြား ပိုင်ခွင့်၊ သတင်းအချက်အလက်ရယူပိုင်ခွင့်တို့ကို ရရှိနိုင်ရေးအတွက် ယခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့ ဆောင်ပုဒ်အဖြစ် “My Health, My Right” ကို သတ်မှတ်ပေးခဲ့ပြီး မြန်မာဘာသာ ဖြင့် “လူတိုင်းလူတိုင်း ကျန်းမာဖို့၊ ကိုယ်စီပါဝင် ဆောင်ရွက်စို့” ဟု ဆီလျော်အောင် ဘာသာပြန်ဆိုထားပါကြောင်း၊

ယခုနှစ်ကမ္ဘာ့ကျန်းမာရေးနေ့ဆောင်ပုဒ်တွင် အလေးထားတင်ပြထားသည့်အချက်မှာ လူတိုင်း ရောဂါဘယကင်းရှင်းပြီး ကျန်းမာစွာဖြင့် လူ့သက်တမ်းစေ့ နေနိုင်ရေးအတွက် အခြေခံကျပြီး အရည် အသွေးပြည့်ဝသော ပဏာမကျန်းမာရေးစောင့်ရှောက်မှုများကို အသက်အရွယ်မရွေး၊ ကျား/မ မရွေး၊ လူမျိုးဘာသာမရွေး၊ နေရာဒေသမရွေး လူတိုင်းလက်လှမ်းမီရရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်ပေးစေ လိုခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် လူမှုရေးဦးတည်ချက်တစ်ရပ်ဖြစ်သည့် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ရေး” ဆိုသော ဦးတည်ချက်ကို ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အဓိကတာဝန်ယူဆောင်ရွက်နေသည့် ဝန်ကြီးဌာနအဖြစ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်လမ်းညွှန်မှုကိုခံယူပြီး စီမံကိန်းများချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားပါသည်။

 

      ဆက်လက်၍ အစီအစဉ်အရ (၂၀၂၄)ခုနှစ်၊ ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ် ဗီဒီယိုကို ပြသပြီး ပြည်သူ့ကျန်းမာရေးလုပ်ငန်းစွမ်းဆောင်ရည်အကောင်းဆုံး တိုင်းဒေသကြီး/ပြည်နယ်ဆု များအား ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဂုဏ်ပြုဆုများ ချီးမြှင့်ကြသည်။

 

      ယင်းနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး ကျန်းမာရေးဝန်ကြီးဌာန လှပျိုဖြူ များက အကအလှများဖြင့် ဖျော်ဖြေခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိ သူများလိုက်ပါ ၍ (၂၀၂၄) ခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော ပြခန်းငယ်အား လှည့်လည်ကြည့်ရှုကြပါသည်။

 

     အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း တို့မှ ဥက္ကဌများနှင့် တာဝန်ရှိသူများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုသင်တန်းသားသင်တန်းသူများ၊ စုစုပေါင်း (၂၆၀)ဦး တက်ရောက်ကြပါသည်။

 

     နေ့လည် (၁:၀၀)နာရီ အချိန်တွင် “မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေး ဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) အသိပေးမိတ်ဆက်ခြင်း” အခမ်းအနားကို အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ တက် ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစီအစဉ်အရ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကျော်ကံကောင်းက မဟာဗျူဟာစီမံကိန်း ပြုစုရေးဆွဲရခြင်း၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းစဉ်များအားလည်းကောင်း၊ ညွှန်ကြားရေးမှူး(မကူးစက်) ဒေါက်တာသီတာဝင်းက မဟာဗျူဟာစီမံကိန်းအကျဉ်းချုပ်အားလည်းကောင်း အသီးသီးရှင်းလင်း တင်ပြခဲ့သည်။

     အသိပေးမိတ်ဆက်ခြင်းအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ စီမံချက်မန်နေဂျာများ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယ ညွှန်ကြားရေးမှူးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၂၀)ဦးခန့် တက် ရောက်ခဲ့ကြောင်း သိရသည်။

More Tags