ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း တွေ့ဆုံပွဲပြုလုပ်

COVID-19 ကာကွယ်ကုသရေးလုပ်ငန်းတွင် ပုဂ္ဂလိက ဆေးရုံများက စနစ်တကျ ပါဝင်ဆောင်ရွက်ရေး အရေးကြီးနေ

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံပွဲကို ဇွန်လ (၂၃) ရက်နေ့ နံနက် (၁၁)နာရီအချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ပါသည်။


 

     တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ်နှင့်အညီ လတ်တလောဖြစ်ပွားနေဆဲ ဖြစ်သည့် COVID-19 ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ပုဂ္ဂလိကဆေးရုံများအနေဖြင့်လည်း ပူးပေါင်းပါဝင်ဖို့ လိုအပ်လျက်ရှိပါကြောင်း၊ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ပုဂ္ဂလိကကဏ္ဍ၏ စွမ်းအားအရင်းအမြစ်များကို ထိရောက်စွာအသုံးပြုနိုင်စေရန်၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများက ပြည်သူများအတွက် မျှတသောစရိတ်ဖြင့် အရည်အသွေးမြင့်မားသည့် ဝန်ဆောင်မှုပေးနိုင်စေရန်နှင့် တာဝန်ခံမှုရှိစေရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်အကန့်အသတ်ရှိပါသဖြင့် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများ အသင်းအနေဖြင့် ကျန်းမာရေးဆိုင်ရာအရေးပေါ်လိုအပ်ချက်အရ COVID-19 ကာကွယ်ကုသရေးလုပ်ငန်းတွင် အစဉ်အလာမပျက် ပါဝင်ဆောင်ရွက်စေလိုပါကြောင်း၊ ယခင် COVID-19 ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ၏ ပူးပေါင်း ဆောင်ရွက်မှုကို အသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း၊


 

COVID-19 ရောဂါ ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်ရာတွင်လည်း နိုင်ငံ့ဝန်ထမ်းကျန်းမာရေးဝန်ထမ်းများနည်းတူ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင် နေသူများကို ဦးစားပေးအုပ်စုအဖြစ် ထိုးနှံပေးရန်စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းအချို့သာထိုးနှံခဲ့ရကြောင်း၊ ကာကွယ်ဆေးများ မူလအစီအစဉ်အတိုင်း ရောက်ရှိလာပါက မိမိတို့၏ လက်တွဲဖော်ဖြစ်သည့် ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်း လိုင်စင်ရရှိသူများအနေဖြင့်လည်း COVID-19 ကုသရေးဌာနများတွင် COVID-19 ရောဂါလူနာများ အဆင်ပြေစွာ လက်ခံကုသနိုင်ရေးနှင့် ထိရောက်အကျိုးရှိသော ကုသမှုပေးအပ်နိုင်ရေး အတွက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်၊ ဆေးဝါးနှင့် စက်ပစ္စည်းကိရိယာများ ဖြည့်ဆည်းခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးရန် မှာကြားလိုပါကြောင်း၊


 

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများအနေဖြင့် သတ်မှတ်စည်းကမ်းများကို ကျော်လွန်ကာ ဆောင်ရွက်ခြင်းမပြုရန်နှင့် အစိုးရ-ပုဂ္ဂလိက နှစ်ဦးနှစ်ဖက်အကျိုးရှိစေမည့်နည်းလမ်းကို ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပုဂ္ဂလိကကျန်းမာရေးကဏ္ဍတွင် တာဝန်ထမ်းဆောင်နေသူများမှာ နိုင်ငံ့ဝန်ထမ်း ကျန်းမာရေးဝန်ထမ်းများ အများစု ပါဝင်နေပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် ဆရာဝန်၊ သူနာပြု၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ဝန်ထမ်းများ လာရောက်တာဝန်ထမ်းဆောင်ရာတွင် သတ်မှတ်ညွှန်ကြားထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရန်လိုပါကြောင်း၊


 

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ အဆင့်ဆင့်အနေဖြင့်လည်း အခါအားလျော်စွာ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းရှင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊


 

ပုဂ္ဂလိက ဆေးရုံများနှင့် ဓာတ်ခွဲခန်းများတွင် COVID-19 Antigen (RDT) test, RT-PCR နည်းပညာအသုံးပြု၍ testing and care ဆောင်ရွက်ခွင့်ပြုလျက်ရှိပါကြောင်း၊ ခွင့်ပြုထားရှိသည့် လုပ်ငန်းများသည် လုပ်ငန်းလမ်းညွှန်နှင့်အညီ စစ်ဆေးမှု၊ ရောဂါပိုးတွေ့မှုတို့ကို အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ရန်လိုအပ်ပါကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာ/အာရှဒေသတွင်း ထိုးနှံဆောင်ရွက်နေသော အရည်အသွေး အာနိသင်ရှိပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် COVID-19 ကာကွယ်ဆေးများကို မိမိတို့အစီအစဉ်ဖြင့် တင်သွင်းဖြန့်ဖြူးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ခွင့်ပြုပြီးဖြစ်ပါကြောင်း၊ ပုဂ္ဂလိကဆေးရုံများတွင် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် COVID-19 ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နိုင်မှု အားကောင်းလာသည်နှင့်အမျှ အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင် အထောက်အကူဖြစ်စေကာ ပြည်သူလူထုအတွက် အရည်အသွေးပြည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်ကို ယုံကြည်ပါကြောင်း မှာကြားသည်။


 

   ဆက်လက်၍ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်က အသင်းအနေဖြင့် လက်ရှိဆောင်ရွက်နေမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များမှ ပြန်လည်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

 
 

More Tags