ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတင်းနှင့်ဆက်သွယ်ရေးနည်းပညာ (ICT) ကို အရှိန်အဟုန်မြှင့် အသုံးချဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လုပ်ငန်းများဆောင်ရွက်ရာတွင် သတင်းနှင့်ဆက်သွယ်ရေးနည်းပညာ (ICT) ကို အရှိန်အဟုန်မြှင့် အသုံးချဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• မြန်မာနိုင်ငံတွင် e-Government စနစ်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ၂၃ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၄/၂၀၁၈နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က နာယကအဖြစ် ဦးဆောင်ပြီး ဝန်ကြီးဌာနအသီးသီးမှ ပြည်ထောင်စုဝန်ကြီးများ ပါဝင်သည့် “e-Government ဦးဆောင်ကော်မတီ” ကို လုပ်ငန်းတာဝန် (၅) ရပ် ချမှတ်ပြီး ဖွဲ့စည်းခဲ့ကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင်လည်း လုပ်ငန်းများဆောင်ရွက်ရာတွင် ခေတ်မီ အီလက်ထရောနစ်စနစ် သတင်းနှင့်ဆက်သွယ်ရေးနည်းပညာကို အကျိုးရှိထိရောက်စွာဆောင်ရွက်နိုင်စေရေးဆိုင်ရာ မူဘောင်၊ လမ်းပြမြေပုံနှင့် လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်နိုင်ရန်အတွက် “e-Government လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ”ကို (၂၀၁၉) ခုနှစ်၊ မေလတွင် ဖွဲ့စည်းကာ လုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း၊

• ဝန်ကြီးဌာန၏ အီးမေးလ်စနစ်၊ အင်တာနက်စာမျက်နှာများ၊ လူမှုကွန်ရက်စာမျက်နှာများ၊ ကျန်းမာရေးသတင်းအချက်အလက်စနစ်၊ DHIS – 2၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၏ ခေတ်မီ အိုင်စီတီနည်းပညာသုံး အွန်လိုင်းရက်ချိန်းကြိုတင်လျှောက်ထားမှုစနစ် (Online Booking System)၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်မှတ်တမ်းစနစ် စသည်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ဆေးနှင့်ဆေးပစ္စည်းဆိုင်ရာ သတင်းအချက်အလက်စနစ်နှင့် ဌာနတွင်းစာများအဆင့်ဆင့်ပေးပို့တင်ပြခြင်းကို အီလက်ထရောနစ်စနစ်အသုံးပြုဆောင်ရွက်ခြင်း (electronic memo) စနစ်တို့ကို စတင်ဆောင်ရွက် လျက်ရှိပါကြောင်း၊

• ဝန်ကြီးဌာနရှိ ကျန်းမာရေးစီမံချက်လုပ်ငန်းအသီးသီးတွင်ရှိသော သတင်းအချက်အလက်စနစ် အသီးသီးသည်လည်း ဝန်ကြီးဌာန၏ ကျန်းမာရေးသတင်းအချက်အလက်စနစ် (HMIS) နှင့် ချိတ်ဆက်မှုရှိရမည် ဖြစ်ပါကြောင်း၊


 

• ဝန်ကြီးဌာနမှ အခြေခံကျန်းမာရေးပညာရှင်ဝန်ထမ်းများထံ ဖြန့်ဝေထားသော Mobile Tablet များကို အကျိုးရှိထိရောက်စွာအသုံးချဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• အဆိုပါ Mobile Tablet များမှတဆင့် ဦးစီးဌာနအသီးသီးနှင့် ကျန်းမာရေးစီမံချက်အသီးသီးမှ အခြေခံကျန်းမာရေးပညာရှင်ဝန်ထမ်းများထံ ပေးပို့လိုသည့် သတင်းအချက်အလက်များ၊ လမ်းညွှန်ချက်များကို အချိန်နှင့် တပြေးညီ၊ တစ်ပြိုင်နက်ပေးပို့နိုင်ပါကြောင်း၊

• ခေတ်မီဆက်သွယ်ရေးနည်းပညာသုံးဓာတ်မှန် (Tele-radiology) စနစ်ကို မွန်ပြည်နယ်ရှိ မြို့နယ်များတွင် စတင်ဆောင်ရွက်ခဲ့ရာ အဆင်ပြေအောင်မြင်မှုရှိသဖြင့် အခြားတိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့နယ် များတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ဆေးရုံများတွင် ဆေးနှင့်ဆေးပစ္စည်းမှတ်တမ်းများ၊ ပြင်ပလူနာမှတ်တမ်းများကို ကွန်ပျူတာစနစ် အသုံးပြုဆောင်ရွက်နိုင်ရန်ကိုလည်း ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ပြည်နယ်များတွင် နေရာဒေသအလိုက်၊ အသက်အရွယ်အလိုက် ရောဂါအမျိုးအစားဖြစ်ပွားမှုအခြေအနေ အချက်အလက်များကို တိကျစွာသိရှိနိုင်ခြင်းဖြင့် စီမံကိန်းများ၊ လုပ်ငန်းစဉ်များ တိကျစွာ ရေးဆွဲချမှတ်နိုင်မည်ဖြစ်ပါကြောင်း၊

• လုပ်ငန်းများကို ခေတ်မီ သတင်းနှင့်ဆက်သွယ်ရေးနည်းပညာ (ICT) ကို ပိုမိုအသုံးချဆောင်ရွက်နိုင်ခြင်းအားဖြင့် အချိန်ကုန်သက်သာခြင်း၊ လွယ်ကူမြန်ဆန်ခြင်း၊ တိကျမှန်ကန်မှုရှိခြင်း၊ စာရင်းဇယားများ ပျောက်ပျက်မှုမရှိခြင်း၊ ရရှိသည့် စာရင်းဇယားအချက်အလက်များကို စနစ်တကျဆန်းစစ်မှု (analysis) များ ပြုလုပ်၍ လိုအပ်သလို အားဖြည့်ဆောင်ရွက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနရှိ e-Government လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီအတွက် စက်ပစ္စည်းကိရိယာများအပါအဝင် လိုအပ်သည်များကို ပထမဦးစားပေးအနေဖြင့် ဖြည့်ဆည်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိန်က ဝန်ကြီးဌာနရှိ ခေတ်မီ သတင်းနှင့်ဆက်သွယ်ရေးနည်းပညာကို အသုံးချဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ သေးစိတ်တင်ပြဆွေးနွေးခဲ့ပါသည်။


 

     ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဝန်ကြီးဌာန၏ လုပ်ငန်းများကို ခေတ်မီ သတင်းနှင့်ဆက်သွယ်ရေးနည်းပညာအား အကျိုးရှိထိရောက်စွာ အသုံးချ၍ ပိုမိုလျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပါသည်။


 

     အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ၊ e-Government လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။


 

 


 

 


 

 


 

 


 
 

More Tags