ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ e-Government လုပ်ငန်းများနှင့်ပတ်သက်၍ အသိပေးမိတ်ဆက်ခြင်းအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

Union Minister Dr. Myint Htwe attends the launching ceremony of electronic in-house memo transmission system

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပခဲ့သည့် “ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ e-Government လုပ်ငန်းများနှင့်ပတ်သက်၍ အသိပေးမိတ်ဆက်ခြင်းအခမ်းအနား” သို့ တက်ရောက်ခဲ့ပါသည်။


 

အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• နိုင်ငံတော်အစိုးရအနေဖြင့် e-Government လုပ်ငန်းများကို အားပေးဖော်ဆောင်လျက်ရှိရာ ဝန်ကြီးဌာနအနေဖြင့်လည်း ခေတ်မီ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကို အသုံးချ၍ လုပ်ငန်းဆောင်ရွက်မှု ပိုမိုအဆင်ပြေလွယ်ကူချောမွေ့စေခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်များမြှင့်တင်ခြင်း တို့ကိုဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုလျင်မြန် ချောမွေ့စွာဖြင့် သက်သာလွယ်ကူစွာ ပေးပို့ဆက်သွယ်ပြန်ကြား ဆောင်ရွက်နိုင်ရေးအတွက် အီလက်ထရွန်နစ်စနစ်သုံး ရုံးစာပေးပို့ပြန်ကြားမှုစနစ် (electronic in-house memo transmission system) ကိုလည်း စတင်အသုံးချဆောင်ရွက်တော့မည်ဖြစ်ပါကြောင်း၊

• အဆိုပါစနစ်ဖြင့် ရုံးတွင်းစာများကို အဆင့်ဆင့်ပေးပို့ခြင်း၊ မှတ်ချက်ပြုခြင်း၊ ပြန်လည်ပေးပို့ခြင်း စသည်တို့အား မည်သည့်နေရာမှမဆို အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာဆောင်ရွက်သွား နိုင်တော့မည်ဖြစ်ပါကြောင်း၊


 

• ဝန်ကြီးဌာနအနေဖြင့် အစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲ၊ ညီလာခံ၊ စွမ်းဆောင်ရည်မြှင့် သင်တန်းများ စသည်တို့တွင် စာအုပ်စာတမ်းများကို စာရွက်များဖြင့်ဝေဌခြင်း မပြုတော့ဘဲ paperless workshop/ meeting များအနေဖြင့် ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (web site) www.event-mohs.gov.mm မှ တဆင့် တက်ရောက်သူများအနေဖြင့် အလုပ်ရုံ ဆွေးနွေးပွဲ၊ အစည်းအဝေးများနှင့်ပတ်သက်၍ ကြိုတင်ထည့်သွင်းထားသော စာရွက်စာတမ်းနှင့် နောက်ခံအချက်အလက်အကြောင်းအရာများရယူနိုင်ရန် ဆောင်ရွက်ထားပါကြောင်း၊ တက်ရောက်သူများ၏ ကွန်ပြူတာ၊ မိုဘိုင်းဖုန်းနှင့် တက်ဘလက်များတွင် စာအုပ်စာတမ်းများကို မှတ်တမ်းအဖြစ် အလွယ်တကူထိန်းသိမ်းထားနိုင်ကာ မည်သည့်နေရာတွင်မဆို ကြည့်ရှု နိုင်မည်ဖြစ်ပါကြောင်း၊

• ယခင်ပြုလုပ်ခဲ့သော အစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲ၊ ညီလာခံနှင့် သင်တန်းများမှ စာအုပ်စာတမ်းများ၊ ဆွေးနွေးချက်များနှင့် အကြံပြုချက်များကိုလည်း အဆိုပါ အင်တာနက်စာမျက်နှာ (www.event-mohs.gov.mm) တွင် စုစည်းထည့်သွင်းသွားမည်ဖြစ်ပါကြောင်း၊


 

• ကျန်းမာရေးဌာနများ၊ ဆေးရုံများ အလိုက် ဆေးနှင့်ဆေးပစ္စည်း လစဉ်အသုံးပြုမှု၊ ဆေးဝါး ပစ္စည်းလုံလောက်မှု၊ ပြတ်တောက်မှုနှင့် ထပ်မံလိုအပ်မှုအခြေအနေများကို သိရှိနိုင်ကာ စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်သည့်စနစ် (Logistics Management Information System) ကို နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနရှိ ကျန်းမာရေးဌာနများတွင် အသုံးပြု ဆောင်ရွက်လျက်ရှိပြီးအဆိုပါစနစ်အား အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဆက်လက်အသုံးချဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိပါကြောင်း၊

• မှန်ကန်တိကျသော စီမံခန့်ခွဲဆုံးဖြတ်မှုများပြုလုပ်နိုင်ရန် တိကျသော သတင်းအချက် အလက်နှင့် စာရင်းဇယားများသည် အလွန်အရေးကြီးပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများ၏ သုတေသုနစွမ်းဆောင်ရည်များမြှင့်တင်နိုင်ရန်အတွက် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်) တွင် “Research capacity training center” ကို ဖွင့်လှစ်၍ သင်တန်းများ ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်းများ၏ ဝေဖန်သုံးသပ် ဆင်ခြင်နိုင်မှု (critical thinking)၊ ခွဲခြမ်းစိတ်ဖြာတွေးခေါ်နိုင်မှု (analytical thinking)၊ ဆန်းသစ် ကွဲပြားစွာတွေးခေါ်၍ ဖြေရှင်းဆောင်ရွက်နိုင်မှု (lateral thinking) စသည့် စွမ်းရည်များ ပိုမိုရရှိစေရေးအတွက်လည်း သင်တန်းများဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များထံ ဖြန့်ဝေထားသော Mobile Tablet များအား ကျွမ်းကျင်စွာအသုံးပြုနိုင်မှုနှင့် အကြောင်းအရာများ ဖတ်ရှုလေ့လာမှု ဆိုင်ရာ ပြိုင်ပွဲများကို တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ပြုလုပ်သွားမည်ဖြစ်ပြီး ထိုက်တန်စွာဆုချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ Mobile Tablet များအား ကျေးလက်ဒေသများတွင် ကျန်းမာရေး စကားဝိုင်းငယ်များကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားစေလိုပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် သင့်တော်သော နေ့ရက်တစ်ခုကို National Health Day အဖြစ် ရွေးချယ် သတ်မှတ်ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဝန်ကြီးဌာန၏ e-Government လုပ်ငန်းများ ပိုမိုအောင်မြင်ထိရောက်စေရေးအတွက် အားလုံးမှ ဝိုင်းဝန်းဆွေးနွေးအကြံပြုခြင်းများ၊ ဝိုင်းဝန်းဆောင်ရွက်ခြင်းများ ပြုလုပ်ပေးကြစေလိုပါ ကြောင်း ပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါ်အေးအေးစိန် က ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် e-Government လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမေနွယ်စိုးက ဝန်ကြီးဌာန၏ ကိုယ်ပိုင်အီးမေးလ်နှင့် ပတ်သက်၍လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထူးမြင့်ဆွေ က Mobile Tablet များနှင့်ပတ်သက်၍လည်းကောင်း အသီးသီး အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါသည်။


 

     ထို့နောက် ညွှန်ကြားရေးမှူး (တာဝန်) ဒေါက်တာသန်းနိုင်စိုးက ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ခေတ်မီ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကို အသုံးချ၍ လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။


 

     အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ပါသည်။



 


 

 

More Tags