Videoconferencing စနစ်ဖြင့် ပြုလုပ်ခဲ့သည့် (၈၃) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့

     မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ နာယက၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်တွင် Videoconferencing စနစ်ဖြင့် ပြုလုပ်ခဲ့သော (၈၃) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -
• ယခုအစည်းအဝေးသည် (၁၃) ကြိမ်မြောက် မြန်မာနိုင်ငံကြက်ခြေနီညီလာခံ၌ ရွေးချယ်တင်မြှောက်ထားသည့် ကောင်စီဝင်များအနေဖြင့် (၂၀၁၅) ခုနှစ်တွင် အတည်ပြုခဲ့သော မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥပဒေဘောင်အတွင်းမှ အသင်းကြီး၏ ဆောင်ရွက်မှုများကို ယခုထက်ပိုမိုထိရောက်စွာအကောင်အထည်ဖော်ခြင်းအားဖြင့် ပြည်သူများအား ပံ့ပိုးပေးနိုင်ရန်အတွက် သမား ရိုးကျမှ ဖောက်ထွက်သည့် ဆန်းသစ်သော အတွေးအမြင်များဖြင့် စဉ်းစားဆောင်ရွက်ပေးစေလိုပါကြောင်း၊
• ယခုအခါ မြန်မာနိုင်ငံ၌ COVID-19 ကပ်ရောဂါ လျင်မြန်စွာပြန့်ပွားနေသည့်အတွက် ကြက်ခြေနီအသင်းဝင်များအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၌ အထူးအစီအစဉ်အနေဖြင့် ယခုထက်ပိုမို၍ စနစ်တကျပါဝင်ပံ့ပိုး စေလိုပါကြောင်း၊
• ကြက်ခြေနီလုပ်ငန်းများအနေဖြင့်လည်း ယခု COVID-19 ဖြစ်ပွားသည့်ကာလအတွင်း လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်မှု နှောင့်နှေးခြင်း မရှိစေရန်အတွက် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၊ ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များအကြား Videoconferencing စနစ်ဖြင့် အချိန်နှင့် တစ်ပြေးညီချိတ်ဆက်ကာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

 

• မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အမြဲတမ်းအဆင်သင့်ဖြစ်နေရမည် ဟူသော ဆောင်ပုဒ်နှင့် အညီ မမျှော်လင့်သော အခြေအနေ၊ အဖြစ်အပျက်များအတွက် ကူညီပံ့ပိုးဆောင်ရွက်နိုင်ရန် အမြဲအသင့်ဖြစ်စေရန် ကြိုတင်သုံးသပ်ခန့်မှန်းထားစေလိုပါကြောင်း၊
• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဝန်ထမ်းများအနေဖြင့် ကိုယ်ကျိုးမငဲ့ဘဲ အပင်ပန်းခံ၍ COVID-19 ကို ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုကျစေရန် အစွမ်းကုန် ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊
• အသွားအလာကန့်သတ်ရန်နေရာများနှင့် များပြားလာသော COVID-19 ပိုးတွေ့လူနာများကို ထားနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနတို့ပူးပေါင်း ရှာဖွေပြင်ဆင်လျက်ရှိပြီး ယင်းအသစ်ဖွင့်မည့် နေရာများ၌ ကြက်ခြေနီအသင်းဝင်များအနေဖြင့် ပံ့ပိုးကူညီပေးခြင်းဖြင့် ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများကို ယခုထက် ပိုမို ထိရောက်စေမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ COVID-19 လူနာများအား သယ်ယူပို့ဆောင်ပေးရာ၌လည်း အသီးသီးပါဝင်ပံ့ပိုးစေလိုပါကြောင်း၊
• မြန်မာနိုင်ငံကြက်ခြေနီအသင်းဝင်များတွင် အတွေ့အကြုံမြင့်မားသည့် ပြည်သူ့ကျန်းမာရေးပညာရှင်များ ပါဝင်ပြီး ၎င်းတို့၏ ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍသည် အလွန် အရေးကြီး ပါကြောင်း၊

 

• COVID-19 ပိုးတွေ့လူနာများ၏ (၆၀-၇၀) ရာခိုင်နှုန်းသည် ရောဂါလက္ခဏာတစ်စုံတစ်ရာမရှိသဖြင့် ၎င်းတို့မှတစ်ဆင့် အခြားသူများထံသို့ ရောဂါပြန့်ပွားကူးစက်ခြင်းမရှိစေရေးနှင့် ရောဂါပိုးမရှိသူများ ကလည်း အခြားသူများထံမှ ရောဂါကူးစက်မှုမခံရစေရေးတို့အတွက် လိုက်နာဆောင်ရွက်ရမည့် COVID-19 ရောဂါကာကွယ်ရေးနည်းလမ်းများကို ပြည်သူများအား တစ်ရက်လျှင် (၃) ကြိမ်ခန့် အသိပညာပေးနှိုးဆော်ရာတွင် အဓိကထား၍ ပူးပေါင်းဆောင်ရွက်စေလို ပါကြောင်း၊
• မြန်မာနိုင်ငံကြက်ခြေနီအသင်းဝင်များသည် ပေးဆပ်သူများဖြစ်သည်ဆိုသော စိတ်ဓာတ်၊ ကိုယ်ကျိုးမဖက် အများအကျိုးဆောင်ရွက်မှုများ၊ အသင်းကြီး၏ တိုင်းပြည်အပေါ် အကျိုး ပြုမှုများကို ယခုကဲ့သို့ ကပ်ရောဂါဘေးကျရောက်နေချိန်တွင် မှတ်ကျောက် တင်ခံကြရမည်ဖြစ်ပါကြောင်း၊
• အသင်းကြီး၏ လက်ရှိတွင်ဆောင်ရွက်နေသော လူသားချင်းစာနာထောက်ထားမှုအကူအညီ လုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာလုပ်ငန်းများကို ယခုထက် လက်တွေ့ ကျ၍ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် လုပ်ငန်းများ၌တွေ့ကြုံရသည့် အခက်အခဲ၊ လိုအပ်သည့် ပံ့ပိုးမှု၊ ကြိုတင်ပြင်ဆင်ရန်အချက်များကို စသည်တို့ကို ပြန်လည်ဆန်းစစ်သုံးသပ်ကာ ဆောင်ရွက်စေလိုပါကြောင်း၊
• အသင်းကြီး၏ လုပ်ငန်းနည်းဗျူဟာများကိုလည်း ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသော အခြေအနေ အရပ်ရပ်နှင့်အညီ အမြဲတမ်းမွမ်းမံကြစေလိုပါကြောင်း၊
• မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီးခိုင်မာ အားကောင်းလျင်အားကောင်းသလို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ပိုမိုခိုင်မာစွာ ပံ့ပိုးနိုင်မည်ဟု ယူဆပါကြောင်း၊
• အသင်းကြီးအနေဖြင့် မည်သည့်အခန်းကဏ္ဍများမှ ဝန်ကြီးဌာနအား ထပ်မံ၍ ထိရောက်စွာပံ့ပိုးပေးနိုင်ရန်ကိုလည်း စဉ်းစားဆန်းစစ်ကြစေလိုပါကြောင်း၊
• မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အသင်းဝင်များအနေဖြင့် အသင်းကြီးပိုမိုဖွံ့ဖြိုးတိုးတက်စေမည့် နည်းလမ်းကောင်းများ ချမှတ်ပြီး ယခုထက်ပိုမိုစည်းလုံး ညီညွတ်စွာဖြင့် လုပ်ငန်းများ ဆောင်ရွက်စေလိုပါကြောင်း၊

 

• ပြည်သူအများစုအသုံးပြုသည့် လူမှုကွန်ရက်များ၊ မီဒီယာများမှ တစ်ဆင့် အသင်းကြီးမှ ဆောင်ရွက်နေသည့် လုပ်ငန်းများကို ပြည်သူများအား အသိပေးရမည်ဖြစ်ပါကြောင်း၊
• COVID-19 ကပ်ရောဂါကို ထိန်းချုပ်ရာတွင် ပြည်သူများကိုယ်တိုင်ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ စည်းကမ်းလိုက်နာမှုများသည် အလွန်အရေးကြီးသဖြင့် ဤကိစ္စရပ်များအကောင်အထည် ဖော်ရာ၌ ကြက်ခြေနီအသင်းကြီးအနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊
• အသင်းကြီး၏လုပ်ငန်းများ ရေရှည်တည်တံ့ကာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသင်းကြီး၏ အရေးကိစ္စများကို မိမိ၏ကိုယ်ပိုင်အရေးကိစ္စသဖွယ် သဘောထားကာ ဆောင်ရွက်ကြစေ လိုပါကြောင်း၊
• ဂုဏ်သိက္ခာမြင့်မားသည့် အသင်းကြီး၏ ညီညွတ်စွာ စုစည်းပူးပေါင်းမှုများဖြင့် လုပ်ငန်းများကို ဆောင်ရွက်ပါက မအောင်မြင်နိုင်သော လုပ်ငန်းမရှိနိုင်ပါကြောင်း၊
• ဝန်ကြီးဌာနအနေဖြင့်လည်း အသင်းကြီးအား ဆက်လက်လက်တွဲပူးပေါင်း ပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်က အသင်း၏ လုပ်ငန်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြေားကြားခဲ့ပါသည်။

      ဆက်လက်၍ အစည်းအဝေး (ပထမနေ့) အခမ်းအနားကို ပြုလုပ်ရာတွင် -
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်က အမှာစကားပြောကြားခဲ့ပြီး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာအမယာမော်နိုင်က (၈၂) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊

 

အချိန်ပြည့်အလုပ်အမှုဆောင်အဖွဲ့ဝင် ပါမောက္ခဒေါက်တာမြသူက အသင်းဌာနချုပ်၏ (၂၀၁၉) ခုနှစ် ဇူလိုင်လမှ (၂၀၂၀) ပြည့်နှစ် ဇွန်လအထိ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ အချိန်ပြည့်အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်ညွန့်က (၈၃) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးသို့ တင်သွင်းသည့် အမှုဆောင် အဖွဲ့၏ အစီရင်ခံစာကိုလည်းကောင်း၊ အချိန်ပြည့်အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်းက အမှုဆောင်အဖွဲ့၏ (၂၀၁၉) ခုနှစ် ဘဏ္ဍာရေးအစီရင်ခံစာနှင့် အတွင်းစာရင်းစစ်၏ လုပ်ငန်း ဆောင်ရွက်ချက်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ပါသည်။ (၈၃) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးကို Videoconferencing စနစ်ဖြင့် (၂) ရက်ကြာ ပြုလုပ် သွားမည်ဖြစ်ပါသည်။

     အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အချိန်ပြည့် / အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ ဌာနဆိုင်ရာများ၊ နှီးနွှယ်ဝန်ကြီးဌာနများမှ ဖိတ်ကြားထားသူများ၊ ကြက်ခြေနီဗဟိုကောင်စီဝင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌများနှင့် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီမှ တာဝန်ရှိသူများ၊ မိတ်ဖက်အမျိုးသားအသင်းများမှ ဌာနေကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အထွေထွေအတွင်းရေးမှူး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

More Tags