COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ် (22-6-2021)

     COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၂-၆-၂၀၂၁) ရက်နေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ခဲ့ပါသည်။


 

အစည်းအဝေးတွင် ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် -

လက်ရှိတွင် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှု မြင့်တက်လာသည့်အတွက် လတ်တလော ရောဂါတွေ့ရှိမှုမြင့်မားလာသော ပြည်နယ်တိုင်းဒေသကြီးများတွင် ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊


 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးအတွက် ရုံးများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦများ၊ ဘဏ်များ စသည့် လူစည်ကားရာနေရာများတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်များ ထုတ်ပြန်ထားရှိပြီးဖြစ်ပါကြောင်း၊

ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြစေရေး သက်ဆိုင်ရာ ကဏ္ဍအလိုက်တာဝန်ရှိသူများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊


 

ရောဂါကူးစက်မှုကွင်းဆက်အား ဖြတ်တောက်နိုင်စေရန် အခြေခံအချက်များဖြစ်သော ပါးစပ်နှာခေါင်းစည်းဝတ်ဆင်ခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေခြင်း၊ လူစုလူဝေးရှောင်ကြဉ်ခြင်းတို့အား ပြည်သူတစ်ဦးချင်းမှ လိုက်နာဆောင်ရွက်ကြစေရန် ကျန်းမာရေးအသိပညာပေးခြင်းများအား ပိုမိုအားဖြည့်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် လူစည်ကားရာနေရာများတွင် Billboard များထောင်ခြင်း၊ နှာခေါင်းနှင့်ပါးစပ်စည်း (Mask) စနစ်တကျဝတ်ဆင်ရေး Mask Campaign များ ဆောင်ရွက်ခြင်းတို့ကို ဒေသအလိုက် ထိရောက်စွာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့‌ဆောင်ရွက်နိုင်ရန်အတွက် ယခုလတွင် ပြည်နယ် တိုင်းဒေသကြီးများသို့ နှာခေါင်းနှင့်ပါးစပ်စည်း (Mask) (၁၁)သန်းနှင့် ရေမလို လက်သန့်စင်ဆေးရည်များ ဖြန့်ဝေထားရှိပေးလျက်ရှိကြောင်း အလားတူ လစဉ်ဆက်လက်ဖြန့်ဝေပေးနိုင်ရေး စီစဉ်ထားရှိပါကြောင်း၊

လက်ရှိအချိန်တွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဆေးနှင့် ဆေးပစ္စည်းများ၊ ‌အထောက်အကူပြုပစ္စည်းများ အလုံအလောက် ကြိုတင်ပြင်ဆင် စုဆောင်းထားရှိနိုင်ကာ လိုအပ်သောဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊

COVID-19 ရောဂါနှင့်ပတ်သက်ပြီး ပြည်သူများအနေဖြင့် စုံစမ်းမေးမြန်းလိုသည်များ မေးမြန်းနိုင်စေရန် COVID-19 Call Center ကို နေပြည်တော်တွင် စတင်ဖွင့်လှစ်ပြီး ဖြေကြား ဆောင်ရွက်ပေးနေပြီဖြစ်ပါကြောင်း၊

လတ်တ‌လောတွင် ပြည်နယ်တိုင်းဒေသကြီးများ၌ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးဖြတ်ကျော် ခရီးသွားလာမှုများတွင် ရောဂါစောင့်ကြပ်ကြည့်ရှု စစ်ဆေးခြင်း၊ သံသယလူနာများအား ဓာတ်ခွဲနမူနာများ ရယူစစ်ဆေးခြင်းနှင့် အသွားအလာကန့်သတ်ခြင်းများ ဆောင်ရွက်ရန်တို့ကို ရောဂါဖြစ်ပွားမှုအခြေအနေအပေါ်မူတည်၍ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း၊


 

RT-PCR နည်းဖြင့် COVID-19 ရောဂါအား ဓာတ်ခွဲစစ်ဆေးနိုင်မည့် ဓာတ်ခွဲခန်းများ တိုးချဲ့ဆောင်ရွက်လာနိုင်သည့်အပြင် ပြည်သူ့ဆေးရုံများအပြင် ပုဂ္ဂလိက ကဏ္ဍ၊ တပ်မတော် ဆေးရုံများနှင့်လည်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲကာ ရှိရင်းစွဲဝန်ထမ်းအင်အားများကို စုစည်းပြီး လုပ်ငန်းတာဝန်များကို တတ်နိုင်သမျှ ခွဲဝေထမ်းဆောင်ကြရမည် ဖြစ်ပါကြောင်း၊

ပြည်သူ့ဆေးရုံများ၊ ကုသရေးစင်တာများ၊ အသွားအလာကန့်သတ်ထိန်းချုပ်သည့် နေရာများတွင် လူနာများ၏ ရောဂါပြင်းထန်မှုနှင့် ကုသရေးဆိုင်ရာ လိုအပ်ချက်အပေါ်မူတည်၍ ကျန်းမာရေးဝန်ထမ်းများကို လုပ်ငန်းတာဝန်များ ခွဲဝေချထားပေးရမည်ဖြစ်ပါကြောင်း၊

ပုဂ္ဂလိက ဆေးရုံများနှင့် ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအစရှိသည့် အဖွဲ့အစည်းများနှင့်လည်း ညှိနှိုင်းပြီး ‌ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊

ပြည်သူ့ဆေးရုံများ၊ ကုသရေးစင်တာများတွင် အောက်ဆီဂျင် အလုံအလောက်ရရှိ သုံးစွဲနိုင်ရေး ပြည်နယ်တိုင်း‌ဒေသကြီးများအလိုက် အခြေအနေပေါ်မူတည်၍ ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်ပါကြောင်း၊

ပြည်သူများ၏ လူမှုစီးပွားထိခိုက်မှုနည်းပါးစေရေး စည်းမျဉ်းစည်းကမ်း ဖြေလျှော့မှုများ ဆောင်ရွက်ပေးထားပြီးဖြစ်ပြီး အဆိုပါ စည်းမျဉ်းစည်းကမ်းများကို တိတိကျကျ လိုက်နာ ဆောင်ရွက်စေရေး သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး ကြီးကြပ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

ကျောင်းများတွင်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်များ၊ စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ပညာရေး ဝန်ကြီးဌာနှင့် ပူးပေါင်း၍ ပိုမိုတင်းကြပ်စွာ စောင့်ကြပ်ကြည့်ရှုခြင်း၊ ပုံမှန်စစ်ဆေးခြင်း၊ ‌ရှောင်တခင် စစ်ဆေးခြင်းများကို ‌ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊


 

အကြောင်းအမျိုးမျိုးကြောင့် COVID-19 ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် မထိုးနှံခဲ့သော လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာ‌ရေးဝန်ထမ်းများတွင်လည်း ကာကွယ်ဆေး ထပ်မံထိုးနှံပေးမည်ဖြစ်ပါကြောင်း၊

Stay at Home သတ်မှတ်ထားသော မြို့နယ်များနှင့် အခြား‌ဒေသများအကြား ကူးလူးသွားလာနိုင်သည့် လမ်းကြောင်းများရှိဒေသများတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ပိုမို တင်းကြပ်စွာ အထူးဂရုပြု ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

COVID-19 ရောဂါ ကာကွယ်ထိန်းချုက်ကုသရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး လက်ရှိကြုံတွေ့နေရသော အခြေအနေများအား ဆောင်ရွက်ရာတွင် ပြောင်းလဲလာသည့် အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေ စနစ်တကျ ပြုပြင်ပြောင်းလဲ၍ လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊

အသွားအလာကန့်သတ်ထိန်းချုပ်သည့် (Quarantine) စင်တာများဆောင်ရွက်ရာတွင် ပြည်နယ် တိုင်းဒေသကြီးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

ပြည်သူ့ကျန်းမာရေးကဏ္ဍမှ ကျန်းမာ‌ရေးအသိပညာမြှင့်တင်ခြင်း၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါကာကွယ်ထိန်းချုပ်‌ခြင်း လုပ်ငန်းများ ဖိဖိစီးစီးပိုမိုအားဖြည့်ဆောင်ရွက်ပြီး ဓာတ်ခွဲနမူနာ တိုးမြှင့်ရယူစစ်ဆေးနိုင်မှသာ ကုသရေးကဏ္ဍ ပြည်သူ့ဆေးရုံများတွင် တက်ရောက်ဆေးကုသရမှုနှင့် ဖြစ်ပွားသေဆုံးမှု လှေျာ့ချနိုင်မည်ဖြစ်ပါ၍ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို အထူးအားဖြည့် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက COVID-19 ရောဂါ ကုသရေးအတွက် Clinical Management Committee ဖွဲ့စည်းထားမှု အခြေအနေ၊ လူနာများထားရှိကုသမည့် စင်တာများနှင့် အသွားအလာကန့်သတ်ထိန်းချုပ်သည့်စင်တာများ ပြင်ဆင်ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များ ဆောင်ရွက်နိုင်ရေး၊ ပြည်သူများကြား COVID-19 ရောဂါနှင့် ပတ်သက်သည့် မှန်ကန်သောသတင်းများထုတ်ပြန်နိုင်ရေး၊ ပြည်သူ့ဆေးရုံများနှင့် ကုသရေးစင်တာများတွင် လူနာများအား စနစ်တကျ လက်ခံကုသနိုင်ရေး ပြင်ဆင်ထားရှိရေးတို့နှင့် ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့ပါသည်။

     ယင်းနောက် တက်ရောက်လာကြသော မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်၊ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်း၊ မကွေးတိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမွန်မွန်မြင့်တို့မှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရောဂါဖြစ်ပွားမှု၊ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပါသည်။

     အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် (ဝန်ကြီးရုံး) ဦးစိန်ဝင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။


 

     ယမန်နေ့ကလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများလိုက်ပါလျက် ပြည်ထောင်စုနယ်မြေ နေပြည်တော်သို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဝင်ရောက်လာသည့် ပြည်သူများအား နေပြည်တော်အဝင် ဒက္ခိဏသီရိမြို့နယ်၊ စီလမ်းဆုံစစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးစစ်ဆေးဆောင်ရွက်နေမှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


 

     အဆိုပါ ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး လမ်းညွှန်မှု‌ပေးစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက နေပြည်တော်အတွင်း COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများအတွက် ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများကို အလေးထား ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ နေပြည်တော်အတွင်း ဝင်ရောက်လာသူများကို နေရပ်လိပ်စာများနှင့် ကျန်းမာရေးစစ်ဆေးမှုများကို စနစ်တကျမှတ်တမ်းတင်ဆောင်ရွက်ပြီး ကျန်းမာရေးစစ်ဆေးရေးဂိတ်များတွင် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမည့် စက်ပစ္စည်းများကို အသင့်ပြင်ဆင်ထားရှိရမည်ဖြစ်ပါကြောင်း၊


 

နှာခေါင်း၊ အာခေါင်တို့ဖတ် စစ်ဆေးသည့်နေရာတွင် ပြည်သူလူထု သက်တောင့်သက်သာရှိစွာစောင့်ဆိုင်းနိုင်ရေး ပြင်ဆင်ထားရှိရမည်ဖြစ်ပါကြောင်း၊ ကိုယ်အပူချိန်နှင့် သွေးတွင်း အောက်ဆီဂျင်တိုင်းတာရန်နှင့် ကျန်းမာရေးစစ်ဆေးမှုခံယူရန် စောင့်ဆိုင်းသည့်နေရာတွင် လူစုလူဝေး မဖြစ်စေ‌ရေးနှင့် COVID-19 ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     အဆိုပါ ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး လမ်းညွှန်မှု‌ပေးရာတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီရိနွယ်၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါခဲ့ကြောင်းသတင်းရရှိပါသည်။


 
 
 

More Tags